ကွန်နာ့ခ် နေဘုရားကျောင်း ဟာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် ပူရီမြို့ရဲ့ ၂၂မိုင်အကွာက ကွန်နာ့ခ်မြို့မှာ တည်ရှိတဲ့ ၁၃ရာစု လက်ရာ ဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။ အေဒီ ၁၂၅၀ ခုနှစ်ဝန်းကျင်မှာ ဂင်္ဂါမြစ်အရှေ့မင်းဆက် ပထမ Narasingha deva ဘုရင် လက်ထက်မှာတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Narasingha deva ဘုရင် ဟာ ဒီဘုရားကျောင်းကိုတည်ဆောက်စဉ်မှာ ပညာရှင်ပေါင်း ၁၂၀၀ ခန့်ရဲ့အကူအညီနဲ့ ၁၂နှစ်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီဘုရားကျောင်းကို ဟိန္ဒူနတ်ဘုရားမ Surya အား ပူဇော်တဲ့အနေနဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကွန်နာ့ခ် Konark ဆိုတဲ့နာမည်ဟာ သက္ကတဘာသာစကား ကနေလာတာဖြစ်ပြီး Kona က နတ်သမီး ၊ arka က နေ ကိုရည်ညွှန်းတာဖြစ်တဲ့အတွက် နေနတ်သမီး ဆိုပြီးအဓိပ္ပါယ်ရပါတယ်။ (Kona ကို Corner လို့လည်း အဓိပ္ပါယ်ဖွင့်ကြပါတယ်)
လက်ရှိအချိန်မှာတော့ ဘုရားကျောင်းဝန်းထဲမှာ အမြင့်ပေ ၁၀၀ ဝန်းကျင်ခန့်ရှိပြီး နံရံကျောက်သားကို မြင်းရထား လှည်းဘီး ၊ မြင်းရုပ်များထွင်းထုထားတဲ့ အဆောက်အအုံကြီးတစ်ခုသာ ထင်ထင်ရှားရှား ကျန်နေပါတော့တယ်။ သေချာကြည့်မယ်ဆိုရင် ဘုရားကျောင်းဟာ မြင်းရထားအိမ်တစ်လုံးနဲ့ တူနေပြီး ဒီလိုတူရခြင်းအကြောင်းကတော့ ဒီမြင်းရထားဟာ နေနတ်ဘုရားမရဲ့ မြင်း၇ ကောင်ကတဲ့ မြင်းလှည်းပုံစံတူကို ထုလုပ်တည်ဆောက်ထားခြင်းဖြစ်တယ်လို့ အစဉ်အဆက်ယုံကြည်ခဲ့ကြပါတယ်။ မြင်း ၇ ကောင်ဟာ ၁ပတ်မှာရှိတဲ့ နေ့ ၇နေ့ကို ရည်ညွှန်းပြီး လှည်းဘီး ၂၄ဘီးကတော့ တစ်ရက်မှာ ၂၄နာရီ ရှိတာကို ရည်ညွှန်တယ် လို့ သိရပါတယ်။
တချိန်တုန်းကတော့ အမိုးခုံးပါခဲ့ပြီး ပေ ၂၀၀ မြင့်ခဲ့တဲ့အဆောက်အအုံဖြစ်ပြီး အချိန်ကာလရဲ့တိုက်စားမှုကြောင့် ယိုယွင်းလာခဲ့ပြီး လက်ရှိအချိန်မှာတော့ ပေ ၁၀၀ ဝန်းကျင်ခန့်သာမြင့်တော့တာ ဖြစ်ပါတယ်။ ပျက်စီးသွားရတဲ့အကြောင်းအရင်းကိုတော့ သဘာဝကြောင့်လား ၊ ဖျက်စီးတဲ့လူတွေကြောင့်လား ဆိုတာ တိတိကျကျသိရှိခြင်း မရှိပါဘူး။ (ပျက်စီးသွားတဲ့အမိုးခုံးကြီးမှာ ဧရာမသံလိုက်တုံးကြီးတစ်တုံးရှိခဲ့ဖူးပြီး အဲဒီသံလိုက်တုံးကြီးရှိခဲ့ဖူးတယ်လို့လည်း ဆိုကြပါတယ်)
လက်ရာမြောက်လှတဲ့ ဗိသုကာ အနုပညာလက်ရာတွေ နဲ့ ထူးခြားလှတဲ့ ကျောက်သားကျောက်ဆစ် ထွင်းထုခြင်းအတတ်ပညာတွေကြောင့် ကွန်နာ့ခ်နေဘုရားကျောင်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ် ထိမ်းသိမ်းခြင်းခံခဲ့ရပါတယ်။
ဘုရားကျောင်းနံရံတွေက ရထားလှည်းဘီးတွေကိုရေတွက်လိုက်ရင် စုစုပေါင်း ၂၄ဘီးတောင် ရှိနေတာကို တွေ့ရမှာပါ။ ဒီလှည်းဘီးကြီးတွေဟာ အချင်း ၁၀ပေ ရှိပြီး လှည်းဘီးကြီးတွေမှာ ဝန်ရိုး(Spoke) ၈ချောင်းပါဝင်ပါဝင်ပါတယ်။ ဒီအထဲက လှည်းဘီးတစ်ဘီးကို နေနာရီအဖြစ်အသုံးပြုခဲ့ပါတယ်။ လှည်းဘီးဝန်ရိုးရဲ့အရိပ်ကိုကြည့်ပြီး နေ့ အချိန်နာရီကို ကြည့်ရှု့ခန့်မှန်းနိုင်ပါတယ်။
ဒီဘုရားကျောင်းတည်ဆောက်ခဲ့တဲ့နေရာက မူလက ပင်လယ်ကမ်းစပ် နေရာဖြစ်ပေမယ့် နှစ်ရာပေါင်းများစွာကြာခဲ့ပြီးတဲ့နောက် ပင်လယ်ရေဟာ တဖြည်းဖြည်းနဲ့ ဒီနေရာကိုမရောက်တော့တာကြောင့် ယခုအခါမှာတော့ ပင်လယ်ကမ်းစပ်ဟာ ဘုရားကျောင်းနဲ့ တော်တော်လှမ်းလှမ်းနေရာကို ရောက်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပင်လယ်ထဲမှာရွက်လွှင့်သွားလာနေကြတဲ့ သင်္ဘောသားတွေဟာ ဒီဘုရားကျောင်းကို အဝေးကနေကြည့်ရင် ညိုမှိုင်းမှိုင်းအရောင်ကိုမြင်တာကြောင့် ဘုရားနက်(Black Pagoda) လို့ခေါ်ခဲ့ပြီး ယနေ့တိုင် ဒီနာမည်ကိုခေါ်နေကြဆဲပါ။
နေဘုရားကျောင်းရဲ့ နောက်ထပ်ထူးခြားတာက အဝင်က ခြင်္သေ့ကြီးနှစ်ကောင်ပါ။ ခြင်္သေ့ကြီးနှစ်ကောင်ဟာ ဆင်တစ်ကောင်စီကို အပေါ်ကနေ ဖိထားပါတယ်။ အဲဒီဆင်တွေရဲ့အောက်မှာတော့ ပြားကပ်နေတဲ့ လူတစ်ယောက်စီကို ထုလုပ်ထားပါတယ်။ ဒီလို လူ ၊ ဆင် ၊ ခြင်္သေ့ ၃ကောင် ထပ်ထားတာကို ကြည့်လိုက်ရင်တော့ ရယ်စရာ ပုံသဏ္ဍာန်ဖြစ်နေပါတယ်။
ဒါပေမယ့် ဒီပုံမှာ လေးနက်တဲ့အဓိပ္ပါယ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ လူကတော့ လူကိုပဲကိုယ်စားပြုပါတယ် ၊ ဆင်က ငွေကြေးဥစ္စာကို ကိုယ်စားပြုပါတယ် ၊ ခြင်္သေ့ကတော့ အာဏာကို ရည်ညွှန်းပါတယ်။ လူကို ပစ္စည်းဥစ္စာက ဖိတယ် ၊ တစ်ချိန်တည်းမှာပဲ ငွေကြေးဥစ္စာဟာလည်း အာဏာရဲ့ဖိနှိပ်ခြင်းကို ခံထားရတဲ့သဘောပါ။
နောက်ထပ် ထူးခြားချက်တစ်ခုကတော့ နေ့စဉ်နေ့တိုင်းမှာ နေလုံးဟာ ဘုရားကျောင်းရဲ့အလယ်တည့်တည့်က တံခါးပေါက်မှာ ရောက်လေ့ရှိပါတယ်။ ဘုရားကျောင်းရဲ့အလယ်မှာ စိန်တုံးကြီးတစ်တုံးအလင်းဖြာသလိုဖြစ်နေတဲ့ အဲဒီအချိန်ကို ကမ္ဘာလှည့်ခရီးသွားတွေဟာ တကူးတက စောင့်ကြည့်လေ့ရှိကြပါတယ်။
ဘုရားကျောင်းထဲက Dancing Hall ဆိုတဲ့အဆောင်မှာတော့ ကချေသည်ရုပ်ပေါင်း ၂၇၇ ရုပ်ရဲ့ ကွဲပြားခြားနားနေတဲ့ အကဟန် ရုပ်တုတွေကို ထုလုပ်ထားပါတယ်။ ရှေ့ခေတ်အိန္ဒိယ အကဟန်တွေကို ဒီရုပ်တုတွေရဲ့ အကဟန်တွေကနေ တဆင့် လေ့လာသိရှိနိုင်ပါတယ်။ ကာမသျှတ္တရဆိုင်ရာ ရုပ်တုအမြောက်အများကိုလည်း ဒီဟိန္ဒူဘုရားကျောင်းမှာတွေ့နိုင်ပါတယ်။
ဘုရားကျောင်းအနီးမှာတော့ ကျောင်းဆောင်ငယ် အဆောက်အအုံတွေရှိပြီး ဒီအဆောင်တွေရဲ့နာမည်တွေကတော့ Rameswar, Chitreswara, Tribeniswara, Ramachandi Rudrani, Khileswari, Charchika နဲ့ Chitreswari တို့ ဖြစ်ပါတယ်။ ကွန်နာ့ခ် နေဘုရားကျောင်းဟာ အိန္ဒိယနိုင်ငံရဲ့ အံ့ဖွယ် ၇ နေရာထဲကတစ်ခုအဖြစ်လည်း သတ်မှတ်ခြင်းခံရပါတယ်။
VIDEO
သုတဇုန်