အိန္ဒိယနိုင်ငံရဲ့ သမိုင်းဝင်မြို့တော်ဖြစ်တဲ့ Mumbai မှာရှိတဲ့ တိုက်တာအဆောက်အဦး တွေအကြားမှာ ထူးထူးဆန်းဆန်းတွေ့ရမှာကတော့ Gilbert တောင်ပဲဖြစ်ပါတယ်။ မြို့တော်ရဲ့ဆင်ခြေဖုံးအရပ်လို့ဆိုရမဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ Gilbert ဟာ ပေပေါင်း (၂၀၀)လောက်မြင့်မားပြီး မီးသင့်ကျောက်တောင်အမျိုးအစားဖြစ်တာကြောင့် ကျောက်သားတိုင်ကြီး တစ်တိုင်တည်ရှိနေတယ်လို့ဆိုရင်လည်း မမှားပါဘူး။ Gilbertရဲ့အနား(၃)ဘက်လောက်မှာတော့ မြင့်မားတဲ့ အဆောက်အအုံများစွာ ဝိုင်းရံတည်ရှိနေတာကြောင့် အဝေးကနေကြည့်မယ်ဆိုရင်တော့ မြင်ရဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။
ပထဝီဝင်ပညာရှင်တွေရဲ့ တွက်ချက်မှုအရ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၆)သန်းလောက်က တည်းကဖြစ်တည်နေတဲ့ Gilbert ဟာ Mumbai ရဲ့သက်တမ်းရင့်ဆုံး မိုးမျှော်တောင်ဖြစ် ပြီး ယင်းကာလအချိန်ကဆိုရင်တော့ အိန္ဒိယတိုက်ဟာ တောင်အီကွေတာမှာ မျှောနေတဲ့ကျွန်းကြီးတစ်ခုအဖြစ်သာရှိနေဦးမှာဖြစ်ပါတယ်။ ယင်းကျွန်းရဲ့အနီးကပ်ဆုံး၊ မြောက် ပိုင်း မှာ တော့ ဥရောပနဲ့အာရှကုန်းမြေတစ်ဝက်စီဖြစ်နေတဲ့ ကျွန်းမကြီးတစ်ခု တည်ရှိ နေပါတယ်။ ယင်းနောက် နှစ်သန်းပေါင်း(၁၅)နှစ် ကြာချိန်မှာတော့ အထက်မှာဖော်ပြ ခဲ့တဲ့ကျွန်းမကြီး(၂)ခုဟာ ပြင်းထန်စွာတိုက်မိခဲ့ပြီး အောက်ခြေမြေသား၊မြေစိုင်တွေ အထိပြင်းထန်စွာ ထိတွေ့ပေါက်ကွဲမှုတွေဖြစ်ကာ ယခုတွေ့မြင်ရတဲ့ ဟိမဝန ္တာတောင် တန်းတွေဖြစ်လာတယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။
လွန်ခဲ့တဲ့နှစ်သန်းပေါင်း(၆၆၀)နှစ်ကာလက ယခု အိန္ဒိယရဲ့ အနောက်အလယ်ပိုင်း မှာတည်ရှိတဲ့ Maharashtra, Gujarat နဲ့ Madhya Pradeshပြည်နယ်တွေမှာ မီးတောင် ပေါက်ကွဲမှုတွေ များစွာဖြစ်ပွားခဲ့တယ်လို့ ပညာရှင်တွေရဲ့အဆိုအရသိရပါတယ်။ ကြီးမားတဲ့အစဉ်လိုက်ပေါက်ကွဲမှုတွေကြောင့် ယင်းဒေသတော်တော်များများဟာ ချော်ရည်တွေနဲ့ဖုံးလွှမ်းသွားခဲ့ရပြီး အချို့နေရာမှာ လည်း (၂)ကီလိုမီတာလောက်အထူရှိတဲ့ မီးတောင်ချော်ရည်ကုန်းပြင်မြင့်ကြီးတွေ ဖြစ်လာခဲ့ကြပါတယ်။
အဲသည်လိုဖြစ်ပေါ်လာတဲ့ ချော်ရည်ပြင်ကြီးတွေကို Deccan Traps လို့ခေါ်ဆိုကြပြီး ယင်းချော်ရည်ပြင်ကြီးဟာ ယခုအိန္ဒိယနိုင်ငံရဲ့တစ်ဝက်အရွယ်အစားလောက်ရှိတဲ့ (၁.၅) သန်း၊စတုရန်းကီလိုမီတာအထိ ဖုံးလွှမ်းထားခဲ့ပါတယ်။ နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ ကမ္ဘာမျက်နှာပြင်ကြီးမားစွာရွေလျားခြင်းအပါအဝင် တိုက်စားမှုတွေကြောင့် Deccan Traps တွေရဲ့တစ်ဝက်နီးပါးဟာ လျော့ကျပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာပေါ်မှာဆင့်ကဲ၊ဆင့်ကဲဖြစ်ခဲ့တဲ့မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်၊ ဒါမှမဟုတ် ဥက္ကာခဲကျရောက်မှုတွေကြောင့် ရှေးအချိန်ကရှိခဲ့တဲ့ သက်ရှိတွေနဲ့ ရှားပါးသစ်ပင်မျိုးစိတ်တွေဟာ ပျောက်ကွယ်သွားကြတာလို့ လက်ခံထား ကြ ပါတယ်။ အထူးသဖြင့် မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်တွေကနေ ထွက်ပေါ်လာတဲ့ အဆိပ် သင့်ဓာတ်ငွေ့တွေဟာ သက်ရှိတော်တော်များများ ပျောက်ကွယ်သွားခြင်းရဲ့ အဖြေဖြစ် တယ်လို့ ယူဆမှုတွေလည်းရှိနေပါတယ်။
Gilbertတောင်ဟာ အထက်ကဖော်ပြခဲ့တဲ့ ချော်ရည်ပြင်ကျယ်ကြီးတွေကနေ ပဲ့ထွက် ကျန်ရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရမယ်လို့ ဘူမိဗေဒပညာရှင်တွေက ယူဆထားကြ ပါတယ်။ ဒါအပြင်ကမ္ဘာမြေလွှာအောက်ကရှိတဲ့ ကျောက်ရည်ပူတွေ မြေမျက်နှာပြင် အထက်ကိုတိုးထွက်လာပြီး အေးခဲသွားချိန်မှာ လည်း ယခုလိုထောင်မတ်တဲ့ အနေအထားရှိတဲ့ ၊ချော်တောင်(သို့) မီးသင့်ကျောက်တိုင်ကြီးတွေ ဖြစ်တတ်ကြပါသေးတယ်။
အဲဒီ မီးသင့်ကျောက်တိုင်ကြီးတွေဟာ ထောင်မတ်နေတဲ့သဏ္ဍာန်ချည်းပဲတော့ ရှိနေတတ် တာမဟုတ်ပါဘူး။ ထောင့်မှန်စတုဂံပုံ၊ဆဌဂံပုံတွေလည်း ရှိတတ်ကြပြီး ယင်းကျောက် သားအစိုင်အခဲတွေကလည်း Columbar baslt (မီးသင့်ကျောက်တောင်) အမျိုးအစားတွေပဲ ဖြစ်ကြပါတယ်။ Gilbertလိုမီးသင့်ကျောက်တောင်တွေကို အမေရိကန်ပြည်ထောင်စုက Devil’s Tower နဲ့ Devils Postpile တွေမှာတွေ့ရမှာဖြစ်ပြီး မြောက်အိုင်ယာလန်နိုင်ငံမှာတည်ရှိတဲ့ Giant’s Causeway ဟာလည်း Gilbertလို မီးသင့်ကျောက်တောင်တွေပဲဖြစ်ကြပါတယ်။
Gilbert ကို အိန္ဒိယနိုင်ငံရဲ့ National Park အဖြစ် (၁၉၅၂)ခုနှစ်ကတည်းက ကြေငြာခဲ့ပြီး (၂၀၀၇)ခုနှစ်မှာတော့ Grade(2) အဆင့်ရှိ နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။ Gilbert တောင်ပေါ်မှာတော့ ဘုရားကျောင်း(၂)ကျောင်းကို ဆောက်လုပ်ထားပြီး လှေကားတွေနဲ့ဆက်သွယ်ထားပါတယ်။ ယခင်ကာလတွေတုန်း ကတော့ Gilbertတောင်ရဲ့ဝန်းကျင်နေရာတွေမှာ သဘာဝပေါက်ပင်စိုက်ပျိုးခွင့်၊ အဆောက်အအုံဆောက်လုပ်ခွင့်နဲ့ လူနေရပ်ကွက်တွေ အခြေချခွင့်ပြုခဲ့တာကြောင့် တောင်ဝန်းကျင်ဟာ အတော်လေးညစ်နွမ်းမှုဖြစ်ခဲ့ပါတယ်။
ဒါကလည်း အများစုဟာ ဆင်းရဲသားတွေဖြစ်တာကြောင့် Gilbertကိုထိန်းသိမ်းဖို့ထက် သူတို့ရဲ့စားဝတ်နေရေးကို ပိုမိုအလေးပေးခဲ့ရလို့ဖြစ်ပါတယ်။ Gilbertကိုအဓိကလာရောက်ကြသူတွေကလည်း နိုင်ငံရပ်ခြားက လေ့လာရေးကျောင်း သား/သူတွေ၊ ပထဝီနဲ့သမိုင်းပညာရှင်တွေ၊ Gilbert ကိုဘာသာရေးဆိုင်ရာ အထွတ် အမြတ်နေရာအဖြစ် ယုံကြည်ကြသူတွေသာဖြစ်ပါတယ်။
လေ့လာမှုစစ်တမ်းတွေအရတော့ အိန္ဒိယနိုင်ငံသားအများစုဟာ သဘာဝပတ်ဝန်းကျင် အမွေအနှစ်ကို ထိန်းသိမ်းဖို့ အတော်လေးလစ်ဟင်းတာကိုတွေ့ရပါတယ်။ ဒါကလည်း အာရှနိုင်ငံအများစုရဲ့ အလေ့အထလိုတောင်ဖြစ်နေခဲ့တာပါ။ ဒါအပြင် အိန္ဒိယရဲ့ ကျောင်းသင်ခန်းစာတွေအထိ ပထဝီနဲ့ဘူမိဗေဒပညာရပ်တွေအကြောင်း ကျယ်ကျယ် ပြန့်ပြန့် သင်ကြားခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။
Gilbertတောင်ကို နိုင်ငံရပ်ခြားက ကမ္ဘာလှည့်ခရီးသွားတွေလာရောက်ရင်တောင်မှ ဒေသခံ Tourist Guide ဆိုတာမရှိသလောက်ရှားပါးပါတယ်။ ဒါအပြင် Gilbert ဆိုတဲ့ နာမည်ကိုတောင် မည်သူကပေးခဲ့တဲ့အကြောင်းကိုတောင် အိန္ဒိယသားတွေ အများစုက ကောင်းကောင်းမသိဘူးလို့ သိရပါတယ်။ Gilbertဆိုတဲ့အမည်ကိုပေးခဲ့သူက အမေရိကန်ဘူမိဗေဒပညာရှင် Grove Karl Gilbert ဆိုသူကပေးခဲ့တယ်လို့ ပြောဆိုသူတွေရှိသလို အိန္ဒိယကို အုပ်စိုးခဲ့တဲ့ ဗြိတိန် အုပ်ချုပ်ရေးဝန်ထမ်းဖြစ်တဲ့ Andheri Taluka ဆိုသူပေးခဲ့တာလို့လည်း လက်ခံသူတွေ လည်းရှိနေကြတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကာလတွေတုန်းကတော့ အိန္ဒိယခရီးသွားလာရေးဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Maharashtra Tourism Development Coporation က Gilbertတောင် ရဲ့ပုံရိပ်ကိုမြှင့်တင်ပြီး Tourist Attraction Site တစ်ခုဖန်တီးဖို့နဲ့ တောင်ရဲ့ဝန်းကျင်ကို အုတ်တံတိုင်းကာရံဖို့ အစိုးရကိုအဆိုပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။
ဒါအပြင် Gilbertတောင်ပေါ်မှာ ခွင့်ပြုချက်မရှိပဲဆောက်လုပ်ထားတဲ့ ဟိန္ဒူဘုရားကျောင်း (၂) ခုကလည်း တောင်ကိုဘူမိဗေဒနည်းအရထိန်းသိမ်းမယ့် လမ်းကြောင်းမှာ အခက်အခဲ တစ် ခုအနေနဲ့ရှိနေပြန်ပါတယ်။ အထူးသဖြင့် ဘာသာရေးအရ ထိလွယ်၊ရှလွယ်တဲ့ အိန္ဒိယ မှာ ဒီလို ဘာသာရေးအဆောက်အအုံတွေကို ဖယ်ရှားရမယ့်ကိစ္စဟာ အစိုးရပိုင်းကတောင် အတော် ကိုထိန်းကြောင်းဆောင်ရွက်ရမဲ့ အနေအထားမှာရှိလို့နေပြန်ပါတယ်။
ယင်းဘုရား ကျောင်း(၂)ခုအပြင် နောက်ထပ်အဆောက်အအုံတွေဆောက်လုပ်ဖို့အထိတောင် ဖြစ်ခဲ့ပေမဲ့ သက်ဆိုင်ရာဂေါပကအဖွဲ့က ကြားဝင်ခဲ့လို့သာ ဆောက်လုပ်မဲ့အစီစဉ်တွေ ပျက်စီးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့နောက်ပိုင်းတွေဆုံညှိနှိုင်းမှုအရတော့ Gilbert တောင်ရဲ့ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေမှာ လက်ရှိတည်ရှိဆဲ ဘုရားကျောင်း တာဝန်ရှိသူတွေက အပြည့်အဝတာဝန်ယူမယ်လို့ ကြေငြာခဲ့ပါတယ်။ လိုအပ်တဲ့ ဘူမိ ဗေဒနည်းပညာရပ်တွေအတိုင်းထိန်းသိမ်းမဲ့အပြင် အချိန်ပြည့်တောင်ပေါ်မှာရှိနေမယ့် ဘုရားကျောင်းတာဝန်ရှိသူတွေကြောင့် Gilbertရဲ့မလိုလားအပ်တဲ့ ပျက်စီးမှုတွေဟာ အတော်ကို လျော့ကျသွားနိုင်မှာဖြစ်ပါတယ်။