အိန္ဒိယနိုင်ငံ ဒေလီမြို့ဟာ အိန္ဒိယရဲ့ ရှေးဟောင်းအမွေအနှစ်တွေ အလွန်ပေါများတဲ့ နေရာရှိပြီး အဲဒီမှာ မဂိုအင်ပါယာ နဲ့ သူ့ထက်ရှေးကျတဲ့ မင်းဆက်တွေရဲ့ ဗိသုကာလက်ရာ အဆောက်အအုံတော်တော်များများကို ယနေ့တိုင် တွေ့နိုင်ပါသေးတယ်။ အဲဒီ သမိုင်းဝင် အဆောက်အအုံတွေထဲမှာ သက်တမ်း နှစ်ပေါင်း ၇၀၀ နီးပါးရှိပြီဖြစ်တဲ့ အဂရက်ဆန်(Agrasen) ဆိုတဲ့ ရေတွင်းအဆောက်အအုံကြီးလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
အဂရက်ဆန်ကီဘာအိုလီ(Agrasen ki Baoli) ဟာ ဒေလီမြို့မှာရှိတဲ့ အဆောက်အအုံတွေထဲက လူသိအများဆုံးနေရာတစ်ခုဖြစ်ပြီး လှေကားထစ်များပါရှိတဲ့သမိုင်းဝင်ရေတွင်းတစ်တွင်းဖြစ်ပါတယ်။ ဘာအိုလီ ဟာ ဘာအိုရီဆို(baori) တဲ့ ဆန်စကရစ်ဟိန္ဒူဘာသာစကားမှ ဆင်းသက်လာတဲ့စကားလုံးဖြစ်ပြီး လှေကားထစ်များရှိတဲ့ရေတွင်း လို့အဓိပ္ပာယ်ရပါတယ်။
၎င်းရေတွင်းကို ထင်ရှားတဲ့ဘုရင်တစ်ပါးဖြစ်တဲ့ အဂရက်ဆန်မှ တည်ဆောက်ခဲ့တယ်လို့ယုံကြည်ကြပြီး ၁၄ ရာစုမှာ အဂရက်ဝယ်လူမျိုးစုက မူရင်းပုံစံအတိုင်းပြန်လည်ပြုပြင်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်ကစလို့ အိန္ဒိယရှေးဟောင်းသုတေသန ထိမ်းသိမ်းရေးဌာန လက်အောက်မှာရှိတဲ့ ASI အဖွဲ့(Archaeological Survey of India) မှသမိုင်းဝင်အဆောက်အဦးအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။
အဂရက်ရေတွင်းဟာ နယူးဒေလီမြို့ ၊ ဂျန်တာမာတာနေနာရီအနီးရှိ ဟယ်လေလမ်းမပေါ်တွင်တည်ရှိပါတယ်။ ဒီရေတွင်းဟာ အလျား ၆၀ မီတာရှည်ပြီး အနံ ၁၅ မီတာကျယ်ပါတယ်။ လှေကားထစ်ပေါင်း ၁၀၈ ထစ်ပါရှိပြီး ဒေလီမှာ ရှားပါးတဲ့ လှေကားထစ်ရေတွင်းတစ်တွင်းဖြစ်ပါတယ်။
ရေတွင်းရဲ့မြင်နိုင်တဲ့အစိတ်အပိုင်းများတွင် အထပ် ၃ ထပ်ရှိပြီး တစ်ထပ်စီတွင် အခုံးပုံ လှိုဏ်ပေါက်များပါဝင်ကာ မဂိုဗိသုကာလက်ရာနဲ့ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဗိသုကာပညာရှင်များက အဂရက်ဆန်ရေတွင်းကို Tughlaq ခေတ်(၁၃၂၀-၁၄၁၃) တွင်ပြန်လည်တည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုကြီးမားတဲ့ ရေတွင်းများအတွင်းမှာ ဘုရားကျောင်းများ ထည့်သွင်း တည်ဆောက်တဲ့အစဉ်အလာကို လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက အိန္ဒိယမှာ သုံးစွဲခဲ့တာဖြစ်ပါတယ်။ ရေတွင်းအဆောက်အအုံတွေကို ရေတွင်းအဖြစ်သာမက မိုးခေါင်တဲ့ရာသီဥတုမျိုးတွေမှာ ရေလှောင်ကန်အဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။
ဒီ အာဂရက်ဆန်ရေတွင်းကြီးထဲကနေ လူတစ်ယောက်မှမရှိပဲနဲ့ ထူးဆန်းပြီး ဆူညံတဲ့အသံများ ကြားရလေ့ရှိတယ်လို့ သတင်းတွေ မကြာခဏထွက်လေ့ရှိပါတယ်။ ပညာရှင်တွေကတော့ ဒါဟာ ထူးခြားမှုမဟုတ်ပဲ ရေတွင်းအဆောက်အအုံထဲမှာ ဝင်ရောက်နေတဲ့ ခိုတွေရဲ့အသံသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
အာဂရက်ဆန် ရေတွင်းအဆောက်အအုံကြီးဟာ ဘောလိဝုဒ်သမိုင်းရုပ်ရှင်ကားတွေထဲမှာ မကြာခဏ ထည့်သွင်းရိုက်ကူးခံရပြီး ဒေလီရဲ့ ကမ္ဘာလှည့်ခရီးသွား အလာဆုံးနေရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
VIDEO