(ကျွန်တော်တို့တွေလည်း ဒီအချက်တွေကို တတ်နိုင်သမျှလိုက်နာသင့်တာကြောင့် BangkokPost က သတင်းကို သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်)
“အခုအချိန်မှာ တတ်နိုင်သမျှ ဘယ်သူနဲ့ ထိတွေ့ ဆက်ဆံမှု မပြုပဲ အိမ်မှာနေကြပါ။ ဒါမှမဟုတ်ရင်တော့ အီတလီလို ရောဂါကူးစက်မှု အဆမတန်တိုးလာတာတွေ ၊ ကျန်းမာရေးကုသမှုပစ္စည်း မလုံလောက်တော့တာတွေဖြစ်လာပါလိမ့်မယ်” လို့ ထိုင်းပြည်သူတွေကို သတိပေးလိုက်သူကတော့ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ် ဆီရီရာ့ချ်(Siriraj) ဆေးရုံရဲ့ အကြီးအကဲ ပါမောက္ခ ဒေါက်တာပရာဆစ် ဝတ္တနာ(Prof Dr Prasit Watanapa) ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ မြင့်တက်လျက်ရှိပြီး လက်ရှိဒီပြသနာကို ဆိုးဝါးစွာကြုံတွေ့နေရပြီး ဗိုင်းရပ်စ်ကူးစက်မှုကို မထိန်းချုပ်နိုင်သေးတဲ့ ဥရောပတိုင်းပြည်တွေနဲ့ တူနေပါတယ်။ သူအဓိက သတိပေးချင်သူတွေကတော့ ဗိုင်းရပ်စ်ကူးစက်မှုကို ကြောက်ရကောင်းမှန်းမသိပဲ လက်ဝှေ့ရုံ ၊ စားသောက်ဆိုင် ၊ အရက်ဘား စတဲ့ လူစုလူဝေး ရှိရာကို သွားနေတဲ့လူတွေကိုပါ။ တတ်နိုင်သမျှ ကိုယ့်အသိစိတ်နဲ့ ကို သီးသန့်နေကြပါ လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ၃ရက်အတွင်းမှာ ကူးစက်သူ ၁၀၀ ကနေ ၂၀၀ ကိုတိုးလာခဲ့ပြီး အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၇၂၁ယောက်အထိရှိပြီး ၁ယောက်သေဆုံးကာ ပြန်လည်ကျန်းမာလာသူ ၅၂ ယောက်သာ ရှိပါသေးတယ်။
“ကျွန်တော်တို့ ဒီအတိုင်းပဲ ဘာမှမလုပ်ပဲ ဆက်နေသွားမယ်ဆိုရင်တော့ ကူးစက်ရောဂါကို မထိန်းချုပ်နိုင်တော့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်သွားမှာပါ”
“ဒီနေ့တွေမှာ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နှုန်းဟာ ၁ရက်ကို ၃၃% မြင့်တက်နေပါတယ်။ ဒီအခြေအနေ အတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ဧပြီလ ၁၅ ရက်နေ့လောက်ဆိုရင် ဒီနိုင်ငံမှာ ကူးစက်သူပေါင်း ၃၅၀၀၀၀ လောက်ရှိပြီး သေဆုံးသူ ၇၀၀၀ လောက်အထိ ရှိနိုင်ပါတယ်” လို့ ဒေါက်တာပရာဆစ်က တွက်ချက်ပြခဲ့ပါတယ်။
“ဒီလောက်လူတွေအများကြီး မဆိုထားနဲ့ ရောဂါကူးစက်ခံရသူ ၁၇၀၀၀ ကျော်တာနဲ့ ကျန်းမာရေးကုသထောက်ပံ့မှု ပစ္စည်း မလုံလောက်တာတွေ စကြုံလာမှာပါ။ ဒီနေ့အီတလီကြုံနေသလို ကျွန်တော်တို့ကြုံလာရမှာပါ။ ဒီလိုဖြစ်လာမှာ ကို ကျွန်တော်တို့အလိုမရှိပါဘူး” လို့ သူက ထပ်သတိပေးပါတယ်။
“ကူးစက်ခံရပြီးသူ လူနာတွေကို ကုသနိုင်ဖို့အတွက် နေ့စဉ် ရောဂါကူးစက်မှုနှုန်းဟာ ၂၀% ထက် ပိုတိုးမလာဖို့ လိုပါတယ်။ ဒီလိုဖြစ်လာဖို့ လူတွေဟာ ကိုယ့်အိမ်ကနေ ဘယ်မှမသွားဖို့ လိုပါတယ်။ အစားအစာဝယ်တဲ့ကိစ္စလို အရေးကြီးတဲ့အခါမျိုး အပြင်ထွက်တဲ့အခါမှာ Mask တွေတပ်ကြပါ။ တတ်နိုင်သမျှဝေးဝေးမသွားပါနဲ့။ ကိုယ့်ကိစ္စပြီးတာနဲ့ အမြန်ဆုံးအိမ်ပြန်ကြပါ။”
“တခြားသူတွေနဲ့ စကားပြောတဲ့အခါမှာ အနည်းဆုံး ၂မီတာခွာပြီးပြောပါ။ ဘာလို့လဲဆိုတော့ လူတယောက်စကားပြောတဲ့အခါမှာ သူ့ရဲ့တံတွေးမှုန် droplet တွေဟာ ၁မီတာ အကွာအဝေးအထိ ရောက်နိုင်လို့ပါ။ စကားပြောတဲ့အခါမှာလည်း Mask တပ်ထားပါ။ Mask တွေမှာလည်း ဗိုင်းရပ်စ် ပါလာနိုင်တဲ့အတွက် Mask တွေကို နေ့စဉ်လျှော်ဖွပ်ကြပါ။”
“အခြားသူတွေနဲ့ ဆက်ဆံမှုနည်းသွားရင် ဗိုင်းရပ်စ်ကူးစရာ အကြောင်းမရှိတော့ပါ။ ကိုယ့်အိမ်ဟာ အလုံခြုံဆုံးနေရာဖြစ်ပါတယ်။ ဒီအတိုင်းသာ နေထိုင်သွားကြမယ်ဆိုရင် ကူးစက်မှုနှုန်းကို ၂၀% အထိ လျှော့ချနိုင်မှာပါ။ ဒါတွေကို လိုက်နာဖို့ခက်တယ်ဆိုရင်တောင် တတ်နိုင်သမျှတော့ လိုက်နာကြပါ။ ဒီအချက်တွေကို ဒီနေ့ပဲစလုပ်လိုက်ပါ။ ဒါမှမဟုတ်ရင်တော့ အရမ်းနောက်ကျသွားပါလိမ့်မယ်။”
“ဒီရောဂါအကူးခံရတဲ့အခါ သင့်ရဲ့အဆုတ်ဟာ ပျက်စီးယိုယွင်းလာမှာဖြစ်တဲ့အတွက် အဆုတ်ကို ကူညီထောက်ပံ့ပေးမယ့် ပစ္စည်းတွေလိုအပ်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ၉လလောက် အထိကြာမြင့်နိုင်တယ်” လို့ ဒေါက်တာ ပရာဆစ်က ခန့်မှန်းထားပါတယ်။
Ref : Stay home ‘or share Italy’s Covid experience’