တရုတ်နိုင်ငံ အရှေတောင်ဘက်စွန်းပိုင်းမှာပါဝင်နေတဲ့ Shenzhen မြို့ဟာဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အိမ်မွေး တိရစ္ဆာန်တွေဖြစ်တဲ့ခွေး၊ကြောင်စတာတွေကိုစားသောက်ခွင့်တရားဝင်ပိတ်ပင်ခဲ့တဲ့ ပထမဆုံးမြို့တော်ဖြစ်လာတယ်လို့တရုတ်အစိုးရက ကျန်ခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
ယင်းဥပဒေအသစ်ဟာဆိုရင် အခုလာမဲ့မေလ(၁)ရက်နေ့မှစတင်အသက်ဝင်မှာဖြစ်ပြီး ယင်း အချိန်ရောက်ရင်တော့ Shenzhen မှာ အိမ်မွေးတိရစ္ဆာန်စားသောက်ခြင်းဟာ ဥပဒေ ကိုချိုးဖောက်တဲ့လုပ်ရပ်အဖြစ်သတ်မှတ်ခံရတော့မှာဖြစ်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ဘေးဆိုးကြီးကျရောက်ခဲ့ပြီးနောက် ယခုနှစ်ဖေဖော်ဝါရီကနေစတင်ပြီးတရုတ်အစိုးရဘက်က နိုင်ငံတွင်း တောရိုင်းတိရစ္ဆာန်စားသောက်မှုဖြစ်စဉ်တွေအပေါ်ထိန်းချုပ်ဖို့ဦးတည်လာခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ပထမဆုံးသောအထူးစီးပွားရေးဇုံဖြစ်တဲ့ Shenzhen မြို့တော် ဟာဆိုရင် လူဦးရေ ၁၂သန်းကျော်နေထိုင်ပြီး တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ရဲ့အဓိကခရိုင်မြို့တော်ကြီးဖြစ်ကာ မေလ (၁)ရက်နေ့ကတစတင်ပြီး ဖမ်းဆီးရမိတဲ့တောရိုင်းတိရစ္ဆာန်တွေကိုသာမက မွေးမြူထားတဲ့ တောရိုင်းတိရစ္ဆာန်တွေအထိဖမ်းယူ စားသောက်ခွင့်ပြု မှာမဟုတ်တော့ပါဘူး။ အထူးသဖြင့်အိမ်မွေးတိရိစ္တာန်တွေဖြစ်တဲ့ ခွေးနဲ့ကြောင်တွေကိုစားသောက်ခွင့်ကိုလည်းပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်ပြီးတားမြစ်သွားဖို့လည်းရှိပါတယ်။
အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေမှာတော့ ကြက်၊ဝက်၊ဘဲ၊ယုန်၊မြည်း၊သိုး၊ကျွဲ၊နွား၊ ခို၊ငုံးနဲ့ငါးအမျိုးမျိုးအပါအဝင်ရေသတ္တဝါအချို့ကိုသာ ဒီမြို့မှာစားသောက်ခွင့် ပြုထားတာကိုတွေ့ရပါတယ်။ ပြစ်ဒဏ်အနေနဲ့ကတော့စားသောက်ရန်အလို့ငှာ လက်ဝယ်တွေ့ရှိတဲ့တိရစ္ဆာန်ဟာ တရုတ်ငွေယွမ် (၁၀၀၀၀)အထက်( အမေရိကန် ဒေါ်လာ ၁၄၀၀)အထက်ရှိနေပါက ပိုင်ရှင်အနေနဲ့ယင်းတိရစ္ဆာန်တန်ဖိုးအဆ(၃၀)ရှိတဲ့ ဒဏ်ငွေပမာဏကိုပေးဆောင်ရမှာဖြစ်တယ်လို့ပါရှိပါတယ်။
ယခုဖြစ်ပွားနေတဲ့ကမ္ဘာကပ်ရောဂါကြီး ကိုရိုနာဗိုင်းရပ်စ်အဆုတ်ယောင်ရောဂါဟာဆိုရင် တရုတ်နိုင်ငံ၊ဝူဟန်မြို့ကပင်လယ်စာနဲ့တောရိုင်းတိရစ္ဆာန်ဈေးကနေ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာပဲ ယင်းရောဂါကဲ့သို့သော အလားတူကပ်ရောဂါတွေ ထပ်မံမဖြစ်ပွား စေရန်ရည်ရွယ်ပြီး တရုတ်အာဏာပိုင်တွေဘက်ကနိုင်ငံတွင်းတောရိုင်းတိရစ္ဆာန်စားသုံးမှုတွေကိုတားဆီးဖို့လုပ်ငန်းတွေကို ဥပဒေတွေထုတ်ပြန်ပြီးအားချင်းအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
ဒါပေမဲ့တရုတ်ပြည်သူတွေအကြား တောရိုင်းတိရစ္ဆာန်တွေကိုသဘာဝနည်းအတိုင်းမဟုတ်ပဲစားသုံးမှုတွေဟာ အစားအသောက်ကဏ္ဍ တစ်ခုထဲမှာသာမဟုတ်ပါဘူး။ တောရိုင်းတိရိစ္တာန်တွေရဲ့အစိတ်အပိုင်းတွေကို အသုံးပြုပြီးအဝတ်အထည်အဖြစ်အသုံးပြုနေတာတွေ၊အဆင်တန်ဆာအဖြစ်သတ်မှတ်ထားရှိတာတွေ၊ ရိုးရာဆေးပညာရပ်ဆိုင်ရာအသုံးပြုမှုတွေဟာ နှစ်ကာလများစွာကတည်းက တရုတ်ပြည်သူတွေနဲ့နေသားကျလာတာကိုလည်း တွေ့ရပါတယ်။
ယခုအကြိမ်ဟာဆိုရင် တရုတ်အာဏာပိုင်တွေဘက်က တောရိုင်းတိရစ္ဆာန်ကုန်သွယ်ရေး ကို နိုင်ငံတွင်းပထမဆုံးသောအနေနဲ့ ကန့်သတ်တာတော့မဟုတ်ပါဘူး။ (၂၀၀၃)ခုနှစ်တုန်းကလည်း ကပ်ရောဂါပုံစံဖြစ်လာနိုင်တဲ့ SARS ဗိုင်းရပ်စ်ကို မြွေပါနဲ့ကြောင်ကတိုးတွေမှာရှာတွေ့ခဲ့လို့ ယင်းသတ္တဝါအရေအတွက်အတော်များများကိုလည်း ပိတ်ပင်ခဲ့ဖူးပါတယ်။ SARS ရောဂါဖြစ်ပွားမှုနောက်ပိုင်းမှာဆိုရင်လည်း Guangzhou မှာမြွေရောင်းချရေးဈေးကွက်ကိုလည်း ခေတ္တပိတ်ပင်ခဲ့တာကိုတွေ့ရပါတယ်။
ဒါပေမဲ့ယခုချိန်ထိတရုတ်နိုင်ငံအစိတ်အပိုင်းအတော်များများမှာ တောရိုင်းတိရစ္ဆာန်တွေကို သဘာဝနည်းမဟုတ်တဲ့ပုံနဲ့ ဆက်လက်စားသောက်နေမှုဟာ ဆက်လက်ရှိနေဆဲဖြစ်လို့ တရုတ်အစိုးရရဲ့တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုထိန်းချုပ်ရေးအစီအစဉ်ဟာ ခက်ခဲနေဦးမှာဖြစ်ပါတယ်။ ယခုလိုကမ္ဘာကပ်ရောဂါဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ် ကာလမှာ တရုတ်အာဏာပိုင်တွေဘက်က တောရိုင်းတိရစ္ဆာန်ကုန်သွယ်ရေးလမ်းကြောင်းအပေါ် ကန့်သတ်မှုမျိုးတွေလုပ်နေပေမဲ့ SARS ဗိုင်းရပ်စ်ကာလတုန်းကလို နောက်ပိုင်းမှာပြန်လည်ဖြေလျော့ပေးလေမလား ဆိုတာ စောင့်ကြည့်နေကြပါတယ်။