ရေးသားသူ – Kyaw Thu Win
အိမ်တော်ရာထီး ဆိုသည်မှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာရပ်ကွက်တွင် တည်ရှိသော မဟာလောကရံသီ အိမ်တော်ရာစေတီ ၏ အရှေ့ဘက်ရပ်ကွက်မှ ထုတ်လုပ်သောထီးဖြစ်သည်။ ဒေသကိုစွဲ၍ အိမ်တော်ရာထီးဟု ခေါ်ဆိုကြသည်။
သက္ကရာဇ် ၁၂၅၇ (AD 1895) ခုနှစ်ခန့်တွင် အိမ်တော်ရာထီး လုပ်ငန်း စတင်ပေါ်ပေါက်ခဲ့သည်။ ထီးဆရာကြီး ဦးချက် က စတင်လုပ်ကိုင်ခဲ့ပြီး မျိုးရိုးစဉ်ဆက် သား ဦးဖီး မြေးမြစ် များဖြစ်သည့် ဦးလှဖေ နှင့် ဦးညွှန့်ဝင်း တို့က ဆက်လက်လုပ်ကိုင် ခဲ့ကြသည်။ မန္တလေးမြို့အပါအဝင် မြန်မာပြည်အနှံ အိမ်တော်ရာထီးဟူ၍ ရေပန်းစား လူသုံးများခဲ့သည်။
အိမ်တော်ရာထီးမှာ သံဃာတော်သုံးထီး နှင့် အမျိုးသမီးဆောင်းထီး ဟူ၍ နှစ်မျိုးထွက်ရှိသည်။ ယခုအခါတွင် သံဃာတော်သုံး ထီးများကို မြင်တွေ့နိုင်သေးသော်လည်း အမျိုးသမီးဆောင်းထီးမှာမူ ရှာဖွေရန် ခက်ခဲရှားပါး သွားပြီဖြစ်သည်။
အိမ်တော်ရာထီးကို အဆင့်ဆင့်ပြုလုပ်ရသည်။ ထီးခေါင်း နှင့် အခြာ တို့တွင် ထီးဆံလက်တန်ထည့်၊ ထီးလက်တန်အကွက်ညှိ၊ ထီးရွက်အနားသတ်၊ ကြိုးထိန်း၊ ထီးမိုး၊ ပန်းရေး၊ ရောင်စုံပုံခြယ်ရေး၊ ပန်းဖောက်ပန်းထိုး၊ ထီးရိုးတပ်၊ မိုးရေခံ ဆီဆေးသုတ်၊ နေပူတွင် တစ်နေ့တာ နေလှမ်း အခြောက်ခံပြီးမှ ထီးရိုးတပ်သူ ဆိုင်ထောင်မှ အပြီး သတ် ဆောင်ရွက်၍ ဆိုင်ပေါ်တင် အသင့်ရောင်းချနိုင်သည်။
ထီးရွက်မှာ ပိတ်စဖြစ်၍ ထီးခရိုင်မှာ ဝါး ဖြစ်သည်။ ထီးရိုးတိုင်မှာ အမျိုးသမီးဆောင်းတွင် အသားပွ ပွတ်လုံးတိုင် ဖြစ်၍ သံဃာတော်သုံး ထီးရိုးတိုင်မှာဝါးတိုင်(ထီးရိုးဝါး)ဖြင့် ပြုလုပ်ထားသည်။
အမျိုသမီးဆောင်း အိမ်တော်ရာထီးမှာ နိုင်ငံခြားမှ ထီးများ အသုံးများလာသဖြင့် ၁၉၆၄ခုနှစ်ခန့် မှ စ၍ တိမ်ကောလာပြီး ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်ရာမြန်မာ့ယဉ်ကျေးမှုနယ်ပယ်အတွက် နှမြောတသစရာ ဖြစ်ရသည်။ လွန်ခဲ့သည့် အနှစ် ၂၀ခန့်က စာရေးဆရာမကြီး လူထုဒေါ်အမာသည် အိမ်တော်ရာထီးအကြောင်းကို မှတ်တမ်းတင်ရန်အတွက် စုံစမ်းသည့်အခါ မည်သူမှဆက်လက်လုပ်ဆောင်ခြင်းမရှိတော့ပဲ ယခင် အိမ်တော်ရာထီးလုပ်ခဲ့သည့်အိမ်မှ ထီးအဟောင်းတစ်လက်ကိုသာ ရရှိခဲ့သည် ဟုဆိုသည်။
နန်းတော်ရှေ့ဆရာတင်က ရွှေဘိုသနပ်ခါးသီချင်းတွင်
“ပုဇွန်တောင် ကြည့်မြင်တိုင်သူ နဲ့ မန္တလေးမြို့တော်သူ……ပုဇွန်တောင် ကြည့်မြင်တိုင်သူ နဲ့ နန်းတော်ရှေ့ရပ်သူ
အိမ်တော်ရာထီး ဆောင်းလိုက်ရင်ဖြင့် နေပူခံတော့တောင် ဖြူ”
ဟူ၍ အိမ်တော်ရာထီးကို ရေးဖွ့ဲထားပါသည်။
Kyaw Thu Win