နာမည်နဲ့လိုက်ဖက်အောင်ပဲ Auroville မြို့လေးမှာနေထိုင်ကြသူတွေဟာ တစ်ဦးနဲ့တစ်ဦး မနာလိုအမုန်းတရား၊သံသယကင်းစင်ပြီးငြိမ်းချမ်းမှု၊ချစ်ခြင်းမေတ္တာနဲ့ စာနာမှုတရားတွေသာ ထွန်းကားပါတယ်။ မျက်မှောက်ခေတ်ကာလမှာလူသားတွေအချင်းချင်းပဋိပက္ခအမုန်းတရား ကြီးကြီးမားမားဖြစ်စေနိုင်တဲ့ နိုင်ငံရေး/လူမျိုးရေး၊ဘာသာတရားနဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်တွေဟာ Auroville မှာရှိမနေပါဘူး။
ဒီလိုနေရာမျိုးကို ငြိမ်းချမ်းရေးကဗျာတွေမှာသာဖတ်ဖူးကြပေမယ့် ကမ္ဘာပေါ်မှာ အမှန်တကယ်ရှိလို့နေပါတယ်။ Auroville မြို့လေးရဲ့တည်နေရာအပြည့်အစုံကတော့ အိန္ဒိယနိုင်ငံ Tamil Nadu ပြည်နယ်အတွင်းက Viluppuram ခရိုင်နဲ့ အိန္ဒိယတောင်ပိုင်းက Puducherry ပြည်ထောင်စုနယ်မြေအကြားဒေသမှာတည်ရှိနေတာ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ Auroville နယ်မြေကိုတည်ထောင်ခဲ့သူကတော့ ဒေသခံ တွေ Mother လို့ခေါ်လေ့ရှိတဲ့ Mirra Alfassa အမည်ရတဲ့ အမျိုးသမီးဖြစ်ပြီး (၁၉၆၈)ခုနှစ်မှာစတင်တည်ထောင်ခဲ့ ပါတယ်။
Mirra Alfassa အနေနဲ့ Auroville နယ်မြေကိုစတင်အကောင်အထည်ဖို့ကိုတော့ (၁၉၃၀)အစောပိုင်းကာလကတည်းက စိတ်ကူးရှိခဲ့တယ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် (၁၉၆၀)နှစ်အလယ်ပိုင်လောက် ရောက်ချိန်မှသာ စတင်အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ လွယ်လွယ်နဲ့တော့မဟုတ်ပါဘူး။
အိန္ဒိယအစိုးရဘက်က အစပိုင်းကသဘောတူညီမှုမရှိပေမယ့် UNESCO ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ အစိုးရကလိုက်လျောပေးခဲ့တာဖြစ်ပြီး(၁၉၆၆)ရောက်ချိန်မှာတော့ Auroville ဟာ UNESCO ရဲ့ပူးပေါင်းဆောင်ရွက်မှုအောက်မှာရှိတဲ့ တရားဝင်လူအဖွဲ့အစည်းအဖြစ်ကြေငြာခဲ့ပါတယ်။ Auroville ကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းပြီးလက်တွေ့ဆန်တဲ့ လူအဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့သာဖြစ်ပြီး ဒီအတွက် နိုင်ငံရေး၊ဘာသာတရားကိုးကွယ်ယုံကြည်မှုတွေ နဲ့ ငွေကြေးသုံးစွဲမှုတွေကို Aurovilleမြို့မှာတွေ့ရမှာမဟုတ်ပါဘူး။
(၁၉၆၈)ခုနှစ် ၊ဖေဖော်ဝါရီလ (၂၈)ရက်နေ့မှာတော့ နောင်တစ်ချိန်မှာ Auroville မြို့ရဲ့ မြို့လယ်ခေါင်ဖြစ်လာမဲ့ ညောင်ပင်ခြေရင်းမှာ အိန္ဒိယရဲ့ပြည်နယ်ပေါင်းစုံ၊ ကမ္ဘာနိုင်ငံ (၁၂၄)နိုင်ငံလောက်ကလာကြတဲ့ လူအင်အား (၅၀၀၀)လောက်ဟာစုရုံးရောက် ရှိလာခဲ့ကြပြီး Auroville မြို့ရဲ့ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ကြပါတယ်။ အခမ်းအနားတက်ရောက်လာသူတွေဟာ သူတို့ရဲ့မူရင်းဒေသကနေ မြေသားတွေကိုယူ ဆောင်ကြပြီး ယင်းအရပ်မှာရှိတဲ့ အဖြူရောင်စကျင်ကျောက်တွေနဲ့ရောနှောကာ ကြာပန်း ပုံခွက်တွေဖော်ဆောင်ခဲ့ကြပါတယ်။ ယင်းကြာခွက်တွေကို ယခုချိန်ထိ Auroville ရဲ့အမိုးမပါတဲ့ ခန်းမဆောင်အလယ်မှာတွေ့နိုင်ပါတယ်။ Auroville နယ်မြေစတင်ဖွင့်လှစ်ချိန်ကတည်း က ယင်းနယ်မြေကိုစတင်တည်ထောင်သူဖြစ်တဲ့ Mirra Alfassa က မြို့ရဲ့လူနေ နယ်နိမိတ်(၄)နေရာကို နေထိုင်သူတွေအတွက် သတ်မှတ်ပေးခဲ့ပါတယ်။ မြို့ရဲ့ဒီဇိုင်းကိုတော့ ပြင်သစ်ဗိသုကာပညာရှင် Roger Anger က ရေးဆွဲပေးခဲ့ပါတယ်။
Aurovilleမြို့မှာနေထိုင်သူအများစုဟာ ကမ္ဘာနိုင်ငံပေါင်း (၅၄)နိုင်ငံကနိုင်ငံသားတွေဖြစ် ကြပြီး ဒီအထဲမှာ အသက် ၈၀ အရွယ်တွေတောင် ပါဝင်နေပေမယ့် ပျမ်းမျှအသက်ကတော့ ၃၀ ဝန်းကျင်ဖြစ်ပါတယ်။ နေထိုင်သူအားလုံးဟာ သူတို့ သဘောကျနှစ်ခြိုက်တဲ့ယဉ်ကျေးမှုပုံစံနဲ့သာ အခြားသူကို ထိခိုက်မှုမရှိပဲ လွတ်လွတ်လပ်လပ်နေထိုင်ကြပါတယ်။ ဒီမြို့မှာ လူပေါင်း ၅၀၀၀၀ နေထိုင်နိုင်တဲ့အထိ အိမ်တွေကို အလုံအလောက်ဆောက်လုပ်ထားပေမယ့် လက်ရှိအချိန်အထိ လူပေါင်း ၂၈၄၁ယောက်ပဲ အခြေချနေထိုင်ကြပါသေးတယ်။ Auroville လူဦးရေရဲ့ (၃)ပုံ(၂)ပုံလောက်ကတော့ အိန္ဒိယ ၊ ဂျာမနီ နဲ့ ပြင်သစ်နိုင်ငံသားတွေဖြစ်ကြပါတယ်။
Auroville မြို့ကိုတော့ အဓိကအပိုင်းကြီး (၆)ပိုင်းလောက်နဲ့တည်ဆောက်ထားတာဖြစ်ပါ တယ်။ယင်းအပိုင်းဇုန်တွေကတော့ စက်မှုဇုံ ၊ နိင်ငံတကာဇုန် ၊ ယဉ်ကျေးမှုဇုန် ၊ ငြိမ်းချမ်းရေးဇုန် ၊ လူနေဇုန် ၊ အစိမ်းရောင်ဇုန်တို့ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဇုန်
မြို့အလယ်မှာတည်ရှိနေတဲ့ ငြိမ်းချမ်းရေးဇုန်မှာဆိုရင် Matrimandir အဆောက်အအုံနဲ့အတူ ဥယျာဉ်တစ်ခုတွဲဖက်ပါဝင်နေပါတယ်။ယင်းဥယျာဉ်အတွင်းမှာပဲ Auroville မြို့ရဲ့အမိုးဖွင့်စု ဝေးရုံတည်ရှိနေပြီး နိုင်ငံပေါင်း(၁၂၁)နိုင်ငံနဲ့ အိန္ဒိယပြည်နယ် (၂၃)ပြည်နယ်ကမြေဆီလွှာတွေနဲ့ ဖန်တီးထားတဲ့ ကြာပန်းပုံအိုးတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ယင်းကြာပန်းခွက် တွေထားရှိတဲ့ ရည်ရွယ်ချက်ကတော့ ရေ၊မြေမရွေးပဲ Auroville မှာငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နေတဲ့ သင်္ကေတကိုဖော်ကျူးပါတယ်။
စက်မှုဇုန်
Auroville ရဲ့စက်မှုဇုန်ဟာ မြောက်ဘက် ငြိမ်းချမ်းရေးဇုန်ကနေ (၁၀၉) hectare လောက်ကို ကျယ်ဝန်းပြီး စက်မှုဇုန်ဆိုပေမဲ့ နေထိုင်သူတွေရဲ့သီးပင်၊စားပင်တွေစိုက်ပျိုးတဲ့ နေရာတစ်ခုသာ ဖြစ်ပါတယ်။ ငွေကြေးသုံးစွဲမှုမရှိပဲ ကုန်ပစ္စည်းချင်းဖလှယ်ခွင့်သာရှိတဲ့ Auroville ရဲ့အနေအ ထားအရ နေထိုင်သူအားလုံးဟာ အလုပ်လုပ်ဖို့တာဝန်ရှိနေပြီး ကိုယ်စားမယ့်အစာကို ကိုယ့်လက်နဲ့ပဲစိုက်ပျိုးရမှာဖြစ်ပါတယ်။ ဒီနေရာမှာပဲ Auroville ရဲ့အုပ်ချုပ်ရေးအကြီးအကဲတွေ ရုံးထိုင်လေ့ရှိကာ လူငယ်တွေအတွက် အနုပညာ၊လက်မှုပညာနဲ့ စာပေဆိုင်ရာလေ့ကျင့်သင် ကြားမှုတွေပြုလုပ်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။
လူနေဇုန်
Auroville မြို့ရဲ့အဓိကဇုန်ကြီးတွေအနက်မှာတော့ အကြီးဆုံးဇုန်ဖြစ်ပြီး (၁၈၉)ဟတ်တာ အကျယ်အဝန်းရှိပါတယ်။ ဇုန်ရဲ့နယ်နိမိတ်တွေကိုတော့ မြောက်ဘက်၊တောင်ဘက်၊ အနောက်ဘက်တို့ကနေ ဥယျာဉ်တွေနဲ့ပိုင်းခြားထားပြီး ဇုန်ရဲ့ဝင်ပေါက်အဖြစ်အဓိကလမ်းမ ကြီး (၅)ခုကိုထားရှိပါတယ်။ Auroville မြို့သားတွေအတွက်တော့ အဓိကအသုံးပြုရာ နေရာဖြစ်ပြီး ဧရိယာရဲ့(၅၅)ရာခိုင်နှုန်းလောက်မှာသာလူနေထိုင်ကြပြီး ကျန် (၄၅)ရာခိုင်နှုန်း ကတော့ တည်ဆောက်မှုဧရိယာတွေဖြစ်ပါတယ်။ ဒါအပြင်မြို့ရဲ့တိုးမြင့်လာတဲ့လူဦးရေအတွက်လည်း ထပ်မံတိုးချဲ့မယ့် နယ်မြေအကျယ်အဝန်းတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။
နိုင်ငံတကာဇုန်
ငြိမ်းချမ်းရေးဇုန်ရဲ့အနောက်ဘက်က (၇၄)ဟတ်တာလောက်ကျယ်ဝန်းတဲ့ နိုင်ငံတကာဇုံမှာ ဆိုရင် ကမ္ဘာနေရာအနှံ့ကနေ Auroville ကိုလာရောက်နေထိုင်ကြသူတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊အနုပညာလက်ရာများကို တွေ့ရှိရမှာဖြစ်ပါတယ်။ ထားရှိရတဲ့ရည်ရွယ်ချက်ကတော့ Auroville မြို့ဟာ နယ်မြေဒေသ၊ယဉ်ကျေးမှုမတူညီပေမယ့်လည်း မကွဲပြားတဲ့ လူအသိုင်းအဝိုင်းတစ်ခုကိုတည်ဆောက်ထားနိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
ယဉ်ကျေးမှုဇုန်
ယဉ်ကျေးမှုဇုန် အတွက်တော့ Aurovilleမြိုရဲ့မြေ (၉၃)ဟတ်တာကိုအသုံးပြုဖန်တီးထားပါတယ်။ငြိမ်းချမ်းရေးဇုံရဲ့ အနောက်ဘက်အရပ်မှာတည်ရှိနေပြီး မြို့နေထိုင်သူတွေအတွက် ပညာရေး၊သိပ္ပံနဲ့ အနုပညာရပ်တွေကို ဖြန့်ဖြူးလေ့လာနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ် ။ နိုင်ငံတကာရဲ့ယဉ်ကျေးမှုဆိုင်ရာအသုံးအဆောင်ပစ္စည်းတွေ၊ ပညာရေး၊အနုပညာနဲ့ အားကစား လှုပ်ရှားမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေကို Aurovilleရဲ့ ယဉ်ကျေးမှုဇုန်အတွင်းမှာထား ရှိပါတယ်။
အစိမ်းရောင်ဇုန်(Green Belt)
Auroville မြို့ကို ဝန်းပတ်တဲ့ပုံစံနဲ့ တည်ရှိတဲ့ Green Belt ဟာဆိုရင်အချင်း (၁.၂၅) ကီလိုမီတာလောက်ကို မြို့ဧရိယာတွင်းကပိုင်ဆိုင်ထားပါတယ်။ ဒီဇုန်အတွင်းမှာတော့ Auroville ဒေသခံတွေရဲ့ အော်ဂန်နစ်စိုက်ခင်းတွေ၊ နို့စားနွားမွေးမြူရေးလုပ်ငန်းတွေ၊ သစ်ခွ ပန်းပင်တွေ၊ သစ်တောတွေနဲ့ ဘေးမဲ့တောဧရိယာတွေ အသီးသီးပါဝင်လို့နေပါတယ်။ ဒါအပြင်သစ်၊ဝါးပင်တွေ၊ဆေးဖက်ဝင်ပရဆေးပင်တွေအထိကို တည်ရှိနေတဲ့နေရာဖြစ်တာကြောင့် Auroville ဒေသခံတွေရဲ့အစားအသောက်ပိုင်းမှာတင်မကပဲ အိမ်ဆောက်ပစ္စည်း တွေနဲ့ကုသရေးလုပ်ငန်းတွေအထိ အားကိုးအားထပြုရတဲ့နယ်မြေတစ်ခုဖြစ်ပါတယ်။
ယနေ့အချိန်မှာဆိုရင်တော့ ဒီနယ်မြေရဲ့အကျယ်ဟာ (၄၀၅)ဟတ်တာလောက်ကိုရှိနေပြီလို့သိရပြီး မူလကမြေရိုင်းသာသာကနေ လူသားတွေအတွက်အသုံးဝင်တဲ့ သစ်တောအဖြစ် ကူးပြောင်းထားတဲ့ အိန္ဒိယရဲ့ထင်ရှားတဲ့နယ်မြေတစ်ခုအဖြစ်လည်း ရှိလို့နေပါတယ်။ တာဝန်ရှိ သူတွေကတော့ Green Belt ရဲ့နောက်ထပ် (၈၀၀)ဟတ်တာလောက်ကို သီးပင်၊စားပင် တွေတိုးချဲ့စိုက်ပျိုးဖို့ရည်ရွယ်ထားသလို သဘာဝဆန်ဆန်တောရိုင်းတစ်ခုအဖြစ်လည်း ဖန်တီးဖို့ရည်ရွယ်ထားပါတယ်။ ဒါအပြင် Auroville ရဲ့မြေသားမြေဆီလွှာ၊မြေအောက်ရေ ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းတွေဆိုရင်လည်း တာဝန်ရှိသူတွေဘက်ကဆောင်ရွက် နေခဲ့ကြာတာဟာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီလို့လည်းသိရပါတယ်။
တကယ်လို့ အပြင်ဘက်ကလူတွေ ဒီမြို့ကိုလာလည်ပတ်မယ်ဆိုရင်တော့ ငွေကြေးသုံးစွဲခွင့်မရှိပဲ Aurocard ဆိုတဲ့ကဒ်တွေကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။ ဒီမြို့ရဲ့ငွေကြေးဆိုင်ရာဌာနတွေကို သွားရောက်ပြီး ပိုက်ဆံ နဲ့ Aurocard ကို လဲလှယ်ရပါမယ်။ ဒီမြို့က စားသောက်ဆိုင် ၊ ကော်ဖီဆိုင် ၊ တည်းခိုခန်း နဲ့ ဈေးဆိုင်တွေအားလုံးမှာ Aurocard စနစ်တွေရှိနေပါတယ်။
ဒီမြို့ရဲ့ လူသိအများဆုံးနေရာကတော့ Matrimandir လို့ခေါ်တဲ့ ကြီးမားတဲ့ ရွှေရောင်စက်လုံးကြီးဖြစ်ပါတယ်။ Mother ရဲ့ဘုရားကျောင်းလို့ အဓိပ္ပါယ်ရပြီး Integral ယောဂရဲ့ ခမ်းနားတဲ့ စိတ်ကူးအဆောက်အဦးတစ်ခုလည်းဖြစ်ပါတယ်။ ဒါကို နှစ်ပေါင်း ၃၇နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Matrimandir မှာ နေစွမ်းအင် စနစ်ကို တပ်ဆင်ထားတာကြောင့် နေမရှိတဲ့အခါ (သို့) နေဝင်သွားတဲ့အခါမျိုးမှာ ဆိုလာပါဝါ နဲ့ အလင်းရောင်တွေ ထွက်ရှိနေမှာဖြစ်ပါတယ်။
ဒီမြို့ကို တည်ထောင်ခဲ့သူ Mother က Mirra Alfassa အသက် ၉၅နှစ်အရွယ် ၁၉၇၃ခုနှစ်ကတည်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်တာကြေင့် လက်ရှိအချိန်မှာတော့ ပြည်ထောင်စုဝန်ကြီးဟောင်း Karan Singh ၊ စိုက်ပျိုးရေးသိပ္ပံပညာရှင် ဒေါက်တာ Swaminathan နဲ့ အိန္ဒိယနိုင်ငံပညာရေး အထူးအကြံပေး ဒေါက်တာ Kireet Joshi တို့က သဘာပတိတွေအဖြစ် ဒီမြို့ကို ပိုမိုကောင်းမွန်တဲ့မြို့ဖြစ်အောင် ကြိုးစားလျှက်ရှိပါတယ်။ ဒီထက်ပိုပြီး ဒီမြို့အကြောင်းကို သိချင်သေးရင်တော့ Auroville Official ဝဘ်ဆိုဒ်မှာ ထပ်ပြီးလေ့လာနိုင်ပါတယ်။