တူရင်မြို့က ဝတ်ရုံတော်(Shroud of Turin) ကမ္ဘာကျော်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ အလေးအမြတ်ထားရာ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ အကြောင်းကတော့ ဒီအဝတ်စဟာ ယေရှုခရစ်တော်ကို ရစ်ပတ်ကာ ဂူသွင်းခဲ့တဲ့အဝတ်စလို့ ယုံကြည်ကြတာကြောင့်ဖြစ်ပါတယ်။
အဝတ်စရဲ့ အရွယ်ကတော့ အလျား ၁၄ပေ၅လက်မ နဲ့ အနံ ၃ပေ၇လက်မ ရှိပါတယ်။ ဝတ်ရုံပေါ်မှာတော့ ဒါဏ်ရာရနေတဲ့ ယောင်္ကျားတစ်ဦးရဲ့ ပုံသဏ္ဍာန်ဟာ ထင်ထင်ရှားရှားပေါ်နေပါတယ်။ ဒါဟာ ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲစဉ်က ရခဲ့တဲ့ဒါဏ်ရာတွေဖြစ်တယ်လို့ ယူဆကြပါတယ်။
မှတ်တမ်းများအရ ဒီဝတ်ရုံတော်ကို ပထမဆုံးတွေ့ခဲ့တာကတော့ ၁၃၅၃ နဲ့ ၁၃၅၇ကြား ပြင်သစ်နိုင်ငံ Lirey ဆိုတဲ့မြို့ငယ်လေးက ဘုရားကျောင်းမှာပဲဖြစ်ပါတယ်။ ၁၅၇၈ ခုနှစ်ကနေ ၁၉၈၃ခုနှစ်အထိ အီတလီတော်ဝင်မိသားစု House of Savoy က ပိုင်ဆိုင်ခဲ့ပါတယ်။ ၁၅၃၂ ခုနှစ်တုန်းကတော ဝတ်ရုံတော်ထားတဲ့ ဘုရားကျောင်းမီးလောင်ခဲ့တဲ့အတွက် ထိခိုက်ခဲ့တာကြောင့် ပြန်လည်ပြင်ဆင်ခဲ့ရပါသေးတယ်။
အဲဒီနောက်တော့ ဝတ်ရုံတော်ဟာ တူရင်မြို့ Saint John ဘုရားကျောင်းကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဝတ်ရုံတော်ကို အနီရောင်ပိုးထည်စဖြင့်ရစ်ပတ်ထားပြီး အလွန်မာကြောခိုင်ခန့်တဲ့ ငွေသေတ္တာကြီးတစ်ခုအတွင်းမှာ ထည့်သွင်းထိမ်းသိမ်းထားပါတယ်။
၀တ်ရုံတော်ဟာ ခရစ်တော်ကို ပတ်ခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ခံတဲ့အချက်များစွာဟာ ဝတ်ရုံတော်ပေါ်မှာရှိခဲ့ပါတယ်။ ဒါတွေကတော့ ဝတ်ရုံမှာသွေးစွန်းပေနေပြီး ဒါဏ်ရာဒါဏ်ချက်အတော်များများကလည်း ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာတင်ခဲ့စဉ်ကနဲ့ တူညီနေလို့ပဲဖြစ်ပါတယ်။ လက်ဖျံကဒါဏ်ရာ လက်ကောက်ဝတ်နေရာ ကအပေါက်ဖြစ်နေတာဟာ လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲစဉ်က သံနဲ့ရိုက်ထားခဲ့လို့ လို့ဆိုကြပါတယ်။
ဒါဏ်ရာများ သွေးကွက်များကတော့ ရောမစစ်သားများထိုးခဲ့တဲ့ လှံချက်တွေဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ အထူးခြားဆုံးအချက်မှာ ဝတ်ရုံတော်ပေါ်မှာပေါ်နေတဲ့ ပုံရိပ်ဖြစ်ပါတယ်။ သိပ္ပံနဲ့ သုတေသနပညာရှင်များကတော့ ဒါဟာ အပူ နှင့် အလင်း ထိတွေ့မိကြောင့်ဖြစ်လာတဲ့ပုံရိပ်လို့ ထင်ကြပြီး စမ်းသပ်ခဲ့ကြပေမယ့် ဝတ်ရုံတော်ပေါ်က ပုံရိပ်ကိုတော့ ဖန်တီးနိုင်စွမ်းမရှိခဲ့ပါချေ။
ဒီဝတ်ရုံတော်ဟာ ခေတ်အဆက်ဆက် သိပ္ပံပညာရှင်များရဲ့ စစ်ဆေးမှုကို ခံရတဲ့ဝတ်ရုံတော်လည်းဖြစ်ပါတယ်။ အချို့ကတော့ အဝတ်စပေါ်က ပုံရိပ်ဟာ ပန်းချီလို့ဆိုကြပေမယ့် သိပ္ပံပညာရှင်များကိုယ်တိုင် လက်ခံခြင်း မရှိခဲ့ပါ။ သွေးစွန်းနေတဲ့ဒါဏ်ရာများ ၊ ကြာပွတ်ရိုက်ရာများက ထပ်တူအသေးစိတ်လှတာကြောင့် ပန်းချီဆွဲဖို့မဖြစ်နိုင်ဟူသော အချက်နဲ့ ဒီသီအိုရီကို ငြင်းခဲ့ကြပါတယ်။
၀တ်ရုံတော်ဟာ ခရစ်တော်ကို ပတ်ခဲ့တဲ့ဝတ်ရုံတော်အစစ်ဆိုတာ ယုံကြည်သူများရှိသလို မယုံကြည်သူများလည်းရှိပါတယ်။ ခရစ်တော်ရှိစဉ်ကာလက အဝတ်အထည်များယက်လုပ်ရာတွင် နှစ်ကြိုးသွားစနစ်နဲ့ ယက်လုပ်သော်လည်း ခရစ်တော်ရဲ့အဝတ်စမှာ ကွမ်းရိုးစင်း လိမ်ယှက်၍ ယက်ထားသည်ကတစ်ချက် ၊ ချည်မျှင်ကျွမ်းကျင်သူများကလည်း ယခုအဝတ်စမှာ ခရစ်တော်ရှိစဉ်ကာလထက် နှစ်ပေါင်း ၁၀၀၀ခန့် နောက်ကျပြီးမှသာ ပေါ်ပေါက်လာခဲ့သော အဝတ်စဖြစ်တယ်လို့ ဆိုတာက တစ်ချက် စတဲ့အချက်များနဲ့ ငြင်းချက်ထုတ်ကြတာပဲဖြစ်ပါတယ်။
ယုံကြည်သူများကတော့ ယင်းအချက်များကို လုံးဝလက်ခံခြင်းမရှိခဲ့ပါ။ ယင်းဝတ်ရုံတော်သည် ဘုရားသခင်၏ မြင့်မြတ်သော သင်္ကေတဖြစ်သည် ဟု ယုံကြည်ကြပြီး ပုပ်ရဟန်းမင်းကြီးအစဉ်အဆက် သွားရောက်ဂါရဝပြုလေ့ရှိပါတယ်။ ခရစ်ဝင်ကျမ်း၏ ကြေးမုံပုံရိပ်တော်လို့ အထွတ်အမြတ်ထား သတ်မှတ်ထားသော အရာလည်းဖြစ်ပါတယ်။
ဝတ်ရုံတော်ဟာ တကယ်ပဲ ခရစ်တော်ရဲ့ဝတ်ရုံတော်လား ၊ ဒါမှမဟုတ် အခြားသူတစ်ဦးဦးရဲ့ဝတ်ရုံတော်လား ၊ ဖန်တီးထားခြင်းလား ဆိုတာကတော့ ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဦးမှာဖြစ်ပါတယ်။