အာရှရော ဥရောပမှာပါ ပါဝင်နေတဲ့ နိုင်ငံများ

Posted on

အာရှ နဲ့ ဥရောပတိုက်တို့ရဲ့ နယ်စပ်မျဉ်းတွေကိုတော့ ၁၈ ရာစု နဲ့ ၁၉ရာစု ကာလတွေကတည်းက သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီတုန်းက သတ်မှတ်ချက်အရတော့ တိုက်ကြီးနှစ်တိုက်ရဲ့ နယ်စပ်နေရာတွေဟာ တောင်ဘက်မှာဆိုရင် ဒွန်မြစ် နဲ့ ကော့ကေးဆပ်တောင်တန်း ၊ အရှေ့ဘက်မှာဆိုရင် ဒွန်မြစ် နဲ့ ယူရယ်တောင်တန်း ကြားနေရာတွေဖြစ်ပါတယ်။

၁၉ ရာစုကတည်းက ကော့ကေးဆပ် နဲ့ ယူရယ်တောင်တန်းဒေသတွေကို တိုက်ကြီးနှစ်တိုက်ရဲ့ နယ်စပ်ဒေသတွေအဖြစ် တကမ္ဘာလုံးနီးပါးလက်ခံလာခဲ့ကြပါတယ်။

ယခုနောက်ပိုင်း သတ်မှတ်ချက်တွေအရတော့ နယ်စပ်ဒေသတွေမှာ အေဂျင်ပင်လယ် ၊ တာကစ်ရေလက်ကြား ၊ ပင်လယ်နက် ၊ ဂရိတ်တားကော့ကေးဆပ် ၊ ကတ်စပီယံပင်လယ်မြောက်ပိုင်း ၊ ယူရယ်မြစ်ကြောင်းတလျှောက် နဲ့ ယူရယ်တောင်တန်းဒေသတွေ ပါဝင်နေပါတယ်။

တိုက် ၂တိုက်ကို ခွပြီးတည်ရှိနေတဲ့နိုင်ငံတွေကိုတော့ ထရန်စ်ကွန်တင်နန်တယ် Transcontinental countries လို့ ခေါ်ပါတယ်။ ဒီတခါတော့ အာရှတိုက်နဲ့ ဥရောပတိုက် ၂တိုက်စလုံးမှာ ပါဝင်နေတဲ့ နိုင်ငံတွေ အကြောင်းကို သုတဇုန်မိတ်ဆွေများထံ ဝေမျှသွားပါမယ်။

နံပါတ် ၅။ ဂျော်ဂျီယာ

ဂျော်ဂျီယာ သမ္မတနိုင်ငံဟာ အာရှတိုက်မှာရော ဥရောပမှာပါ ပါဝင်နေတဲ့နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ ဥရောပအရှေ့ပိုင်း နဲ့ အာရှအနောက်ပိုင်း ကော့ကေးဆပ်ဒေသမှာ တည်ရှိနေတာဖြစ်ပြီး ဥရောပဘက်ခြမ်းမှာ ၅% ခန့်သာ ပါဝင်နေပါတယ်။

ဂျော်ဂျီယာရဲ့ ကာ့ဇ်ဘက်ဂီ ၊ ကတ်ဆက်ရတ်တီ နဲ့ တက်စ်ရှတီ စတဲ့ဒေသတွေဟာ ဂရိတ်တားကော့ကေးဆပ်ဒေသထဲမှာရှိနေတာကြောင့် ဥရောပတိုက်ထဲ ပါသွားခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျီယာရဲ့ နယ်မြေအများစုဟာ အာရှတိုက်ထဲမှာ ပါဝင်နေပေမယ့် ယဉ်ကျေးမှုသမိုင်းကြောင်း အရတော့ ဂျော်ဂျီယာလူမျိုးအများစုဟာ သူတို့နိုင်ငံကို ဥရောပနိုင်ငံအဖြစ်ပဲ ခံယူသတ်မှတ်ထားကြပါတယ်။

နံပါတ် ၄။ အဇာဘိုင်ဂျန်

အဇာဘိုင်ဂျန် သမ္မတနိုင်ငံဟာလည်း အရှေ့ဥရောပ နှင့် အနောက်တောင်အာရှကြားမှာတည်ရှိနေတဲ့ ထရန်စ်ကွန်တင်နန်တယ် Transcontinental နိုင်ငံတခုဖြစ်ပါတယ်။

အဇာဘိုင်ဂျန်ရဲ့ ခက်ဇား ၊ ရှာဘရန် ၊ ဆီယာဇန် ၊ ကာ့ဂျ်မက်ဇ် နဲ့ ကူဘာ စတဲ့မြို့တွေဟာ ဂရိတ်တားကော့ကေးဆပ်ဒေသမှာရှိနေပြီး ဥရောပတိုက်ထဲမှာ ပါဝင်နေပါတယ်။

ဒါပေမယ့် စုစုပေါင်း လူဦးရေ ၁၀သန်းခန့်ရှိတဲ့အနက် ဥရောပနယ်မြေထဲမှာ နေထိုင်တဲ့ လူဦးရေက ၅သိန်းခန့်ပဲ ရှိနေပြီး နယ်မြေ ၅၃ခုကတော့ အာရှတိုက်ထဲမှာ တည်ရှိနေပါတယ်။

နံပါတ် ၃။ ကာဇက်စတန်

အလယ်အာရှနိုင်ငံအဖြစ် လူသိများတဲ့ ကာဇက်စတန် သမ္မတနိုင်ငံဟာလည်း အာရှ ဥရောပ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ နယ်မြေအများစုဟာ အလယ်အာရှ မှာ ပါဝင်နေပြီး တစိတ်တပိုင်းကတော့ အရှေ့ဥရောပနယ်မြေထဲမှာ တည်ရှိနေပါတယ်။

ကာဇက်စတန် အနောက်ပိုင်း နဲ့ အိတ်ထူရာ ပြည်နယ်တွေဟာ ဥရောပထဲမှာ တည်ရှိနေပေမယ့် စုစုပေါင်း လူဦးရေဟာ ၁သန်းအောက်မှာပဲ ရှိပါတယ်။

ကျန် ၁၇ သန်းကျော်ကတော့ အာရှတိုက်နယ်မြေထဲမှာ နေထိုင်ကြပါတယ်။ ကာဇက်စတန် မှာ အာရှ နဲ့ ဥရောပတိုက်ကို ပိုင်းခြားပေးထားတာကတော့ ယူရယ်မြစ် ဖြစ်ပါတယ်။

နံပါတ် ၂။ တူရကီ

တူရကီသမ္မတနိုင်ငံဟာလည်း အာရှ ဥရောပ ၂တိုက်စလုံးမှာ ပါဝင်နေတဲ့ နိုင်ငံအဖြစ် လူသိများပါတယ်။ အာရှအနောက်ပိုင်း နဲ့ ဥရောပတောင်ပိုင်း ဒေသမှာတည်ရှိနေပါတယ်။

ဥရောပအခြမ်းထဲမှာပါတဲ့ တူရကီကိုတော့ East Thrace သရေ့ဇ်လို့ခေါ်ပါတယ်။ တချိန်ကတော့ တူရကီဟာ အော်တိုမန်အင်ပါယာရဲ့ နယ်မြေဖြစ်ခဲ့ပါတယ်။

နာမည်ကျော် ကွန်စတန်တီနိုပယ်(ယခု အစ္စတန်ဘူလ်) မြို့ကြီးဟာ ဥရောပ နဲ့ အာရှ ၂တိုက်စလုံးကို ခွလျက်တည်ရှိနေပြီး ဘော့စပေါရပ်စ် ရေလက်ကြားက ပိုင်းခြားထားပေးပါတယ်။ အစ္စတန်ဘူလ်မြို့ဟာ လူဦးရေ ၁၅ သန်းကျော်နေထိုင်ပြီး ဥရောပတိုက်ရဲ့ အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။

နံပါတ် ၁။ ရုရှား

ရုရှားဖက်ဒရေးရှင်း နိုင်ငံဟာ ဥရောပရော အာရှမှာပါ ပါဝင်နေတဲ့ နိုင်ငံဆိုတာ သိကြပြီးဖြစ်မှာပါ။ ရုရှားနိုင်ငံရဲ့ ၄ပုံ ၁ပုံဟာ ဥရောပတိုက် အရှေ့ဘက်ခြမ်းထဲမှာ ပါဝင်နေပြီး ၄ပုံ ၃ပုံကတော့ အာရှတိုက်မြောက်ပိုင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ရုရှားနိုင်ငံကို ယူရယ်တောင်တန်းက အာရှ နဲ့ ဥရောပ ဆိုပြီးခွဲခြားပေးထားပါတယ်။

နိုင်ငံရဲ့ ဧရိယာအများစုဟာ အာရှတိုက်ထဲမှာ ပါဝင်ပေမယ့် ရုရှားကို ဥရောပ နိုင်ငံအဖြစ်သာ အများစုက သတ်မှတ်ထားရတဲ့အကြောင်းကတော့ နိုင်ငံလူဦးရေစုစုပေါင်းရဲ့ ၈၀% (သန်း၁၁၀ခန့်) ဟာ ဥရောပနယ်မြေထဲမှာပဲ ရှိနေတဲ့အပြင် မော်စကို နဲ့ စိန့်ပီတာစ်ဘတ်လို မြို့ကြီးတွေကလည်း ဥရောပဘက်အခြမ်းမှာပဲ တည်ရှိနေလို့ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားလို အားကစားပွဲတွေမှာလည်း ဥရောပတိုက်နိုင်ငံအဖြစ်သာ ပါဝင်ယှဉ်ပြိုင်ပါတယ်။

အာရှတိုက်ဘက်အခြမ်းက ရုရှားရဲ့နယ်မြေအများစုကတော့ နယ်မြေကျယ်ဝန်းပေမယ့် ရာသီဥတုကြမ်းတမ်းမှု ၊ လက်ပမ်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် လူနေထိုင်မှု အလွန်ကျဲပါးပါတယ်။ တမိုင်ပတ်လည်မှာ လူဦးရေ ၇ ယောက်ခန့်သာ နေထိုင်ကြပါတယ်။ အရှေ့ဘက်ခြမ်းမှာတော့ လူဦးရေ ၁.၆ သန်းကျော် နေထိုင်တဲ့ နိုဗိုဆစ်ဘရစ် မြို့က အကြီးဆုံးဖြစ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် အာရှ နဲ့ ဥရောပ နှစ်တိုက်စလုံးမှာ ပါဝင်နေတဲ့ နိုင်ငံတွေအကြောင်းကို သိလောက်ပြီထင်ပါတယ်။ ဆက်လက်ပြီးတော့လည်း အခြား ကမ္ဘာ့နိုင်ငံတွေအကြောင်း စိတ်ဝင်စားဖွယ်ရာ ဗဟုသုတတွေကို ဝေမျှသွားဦးမှာ ဖြစ်တဲ့အတွက် သုတဇုန် ယူကျူ့ချန်နယ်ကို Subscribe လုပ်ထားပေးကြပါဦးနော်။