Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စက်ရုံလုပ်သား ဘဝမှ အာရှအချမ်းသာဆုံးသူဌေးကြီး ဖြစ်လာခဲ့သူ

by Thutamm
July 27, 2019
Reading Time: 2min read
0
စက်ရုံလုပ်သား ဘဝမှ အာရှအချမ်းသာဆုံးသူဌေးကြီး ဖြစ်လာခဲ့သူ
Share on FacebookShare on Twitter

အာရှသူဌေးကြီးလီကာရှင်းရဲ့ မှတ်သားဖွယ်စကားများကိုတော့ တော်တော်များများ ဖတ်ဖူးကြမှာပါ။ ဒီတစ်ခါတော့ သူ့ရဲ့ဘဝဇာတ်ကြောင်း ၊ ကြိုးစားခဲ့ပုံအကြောင်း ၊ လုပ်ငန်းများအကြောင်း နဲ့ စီးပွားရေးအကွက်မြင်ပုံအကြောင်းတွေကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။

သူ၏စီးပွားရေးကျွမ်းကျင်မှုနှင့် အမြော်အမြင်ရှိမှုတို့ကို အစွဲပြု၍သူ့အား ဟောင်ကောင်တွင် “စူပါမင်း” ဟုပင်တင်စားခေါ်ဝေါ်ကြသည်။ အေးရှားဝိခ်မဂ္ဂဇင်းမှ ၂၀၀၁ခုနှစ် အာရှ၏ ဩဇာအညောင်းဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့သည်။ ဟောင်ကောင် စတော့ရှယ်ယာအိပ်စ်ချိန်း၏ ထိပ်သီးရှယ်ယာ ဈေးကွက်၁၅%ကို သူ၏ကုမ္ပဏီမှ ရယူနိုင်ခဲ့သည်။ ၂၀၀၆ခုနှစ် စက်တင်ဘာလ ၅ရက်နေ့တွင် ဖော့ဘ်စ်မဂ္ဂဇင်းနှင့် ဖော့ဘ်စ်မိသားစုတို့မှ လီကာရှင်းကို ပထမဆုံးအကြိမ်ချီးမြှင့်သော“မလ်ကွန်မ် အက်စ် ဖော့ဘ်စ် ဘဝတစ်သက်တာအောင်မြင်မှုဆု” ကို ပေးအပ်ခဲ့သည်။

သူသည်ကြွယ်ဝချမ်းသာသော်လည်း ပကာသနမဖက်သော ဘဝကို ခုံမင်သူဖြစ်သည်။ ရိုးရိုးဖိနပ်အနက်ရောင်နှင့် ဈေးသက်သာသော ဆီကိုနာရီ ကိုသာဝတ်ဆင်လေ့ရှိရာ ဟောင်ကောင် ဒီးပ်ဝါးတားဘေး(deep waterbay) ရှိ သူပိုင်ဆိုင်သော အိမ်ကြီးအိမ်ကောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထို့ပြင် လီသည်ချို့တဲ့သူများအဖွဲ့အစည်းနှင့် အခြားသောပရဟိတလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ  ၂.၆ဘီလျံခန့် လှူဒါန်းခဲ့ရာ သူ့အားအာရှ၏အရက်ရောဆုံးပုဂ္ဂိုလ်အဖြစ်လည်း လေးစားကြသည်။

ငယ်စဉ်ဘဝ

လီကို ၁၉၂၈ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂွမ်ဒေါင်ပြည်နယ် ချောင်ဇူး၌ မွေးဖွားခဲ့သည်။ ၁၉၄ဝခုနှစ်တွင်ပြည်မကြီးတွင်ဖြစ်ပွားနေသော မတည်ငြိမ်မှုများကို ရှောင်ရှားရန် လီတို့မိသားစုသည် ဟောင်ကောင်သို့ ပြောင်းရွှေ့အခြေချခဲ့သည်။ လီမိသားစုသည် ချမ်းသာသောဦးလေးအိမ်တွင် နေထိုင်ခဲ့သည်။ ဦးလေး၏ အောင်မြင်မှုများက ကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လီအားနေရာတစ်နေရာရစေရန် အဓိကတွန်းအား ဖြစ်ခဲ့သည်။

လီသည် ထိုဦးလေး၏သမီး သူ၏ညီမတစ်ဝမ်းကွဲဖြစ်သူ ချောင်ရွက်မင်း (Chong Yuet Ming) နှင့် လက်ထပ်ခဲ့သည်။ လီ၏ ဖခင်သည် ဟောင်ကောင်တွင် ကွယ်လွန်ခဲ့သည်။ ဖခင်မရှိတော့သည့် ထိုအချိန်တွင် လီသည်အသက် ၁၅နှစ်အရွယ် သာရှိသေးသော်လည်း မိသားစုကို တာဝန်ယူရန် ကျောင်းထွက်ပြီး ပလတ်စတစ်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုတွင် တစ်နေ့လျှင် ၁၆နာရီ အလုပ်လုပ်ခဲ့ရသည်။ ထိုအတွင်းတွင် တီဘီရောဂါစွဲကပ်ခဲ့၍ သေလုနီးပါးခံစားခဲ့ရပြီး ကံကောင်း၍သာ မသေခဲ့ခြင်းဖြစ်သည်။

တစ်ကိုယ်တည်း ၁၉၅ဝခုနှစ်တွင် ၇နှစ်လုံးလုံးခြစ်ကုပ်စုထားသော ပိုက်ဆံဖြင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်တည်ထောင်နိုင်ခဲ့သည်။ စာအုပ်များဖတ်ရှု့ရာမှ အကြံရခဲ့သော ပလတ်စတစ်ပန်းထုတ်လုပ်သည့် လုပ်ငန်းဖြစ်သည်။ ချောင်ကောင်း စက်မှုလုပ်ငန်း (Cheung Kong Industries) ဟု အမည်တွင်သည်။ ထိုလုပ်ငန်းကို ဦးဆောင်ခဲ့ပြီး နောက်ပိုင်းတွင်မူ ဟောင်ကောင်ရှိ နာမည်ကျော် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဖြစ်လာခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဟောင်ကောင်စတော့အိပ်ချိန်း တွင် စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့သည်။ ၁၉၇၉ခုနှစ်တွင် ဟတ်ချီဆင် ဝှမ်ပွား လီမိတက် (Hutchison Whampoa Limited) နှင့် ၁၉၈၅ခုနှစ်တွင် ဟောင်ကောင်အီလက်ထရစ် ဟိုးလ်ဒင်းတို့ကို ထပ်မံတည်ထောင် ပြီး လုပ်ငန်းချဲ့ထွင်နိုင်ခဲ့သည်။

စီးပွားရေးလုပ်ငန်းများ

ဟားဗတ်စီးပွားရေးကျောင်းမှ ဆောင်းပါးတစ်ခုတွင် လီ၏စီးပွားရေးလုပ်ငန်းများကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

တရုတ်ပြည်တွင် မထင်မရှားကျောင်းဆရာတစ်ယောက်၏ သားအဖြစ်ဘဝကို စတင်ခဲ့ပြီး ဒုက္ခသည်ဘဝ၊ အရောင်းစာရေးဘဝတို့တွင် ကျင်လည်ခဲ့ရာ ဖြောင့်မတ်ခြင်းနှင့် အလိုက်အထိုက်နေတတ်ခြင်းဟူသော ဘဝပေးသင်ခန်းစာများကို ရရှိခဲ့သည်။ ပင်ကိုယ်အကျင့်စာရိတ်တကောင်းမွန်ခြင်း ဟူသောဂုဏ်သိက္ခာနှင့် ကြိုးစားမှုရလဒ်များကို ပေါင်းစပ်ပြီး ကိုယ်ပိုင်စီးပွားရေးအင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့သည်။

ထိုအင်ပါယာကြီးထဲတွင် ဘဏ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ ပလတ်စတစ်လုပ်ငန်း၊ ဆယ်လူလာဖုန်းလုပ်ငန်းများ၊ ဂြိုဟ်တုတယ်လီဗေးရှင်းလုပ်ငန်းများ၊ ဘိလပ်မြေလုပ်ငန်းများ၊ လက်လီဆိုင်များ(ဆေးဆိုင်များနှင့် စူပါမားကတ်များ)၊ ဟိုတယ်များ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း(မိုးပျံရထား)၊ လေဆိပ်များ၊ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းများ၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆိပ်ကမ်းများ နှင့် သင်္ဘောလုပ်ငန်းများ ပါဝင်သည်။

လီ၏စီးပွားရေးလုပ်ငန်းများသည် ဟောင်ကောင်ဈေးကွက်အားလုံးနီးပါးကို လွှမ်းမိုးထားရာ လျှပ်စစ်လုပ်ငန်း မှသည် တယ်လီကွန်မြူနီကေးရှင်း၊ အိမ်ခြံမြေလုပ်ငန်းမှသည် လက်လီဆိုင်လုပ်ငန်းများ၊ သံဘောင်လုပ်ငန်းမှသည် အင်တာနက်လုပ်ငန်းများအထိသည် လီ၏လုပ်ငန်းများပင်ဖြစ်သည်။ ၂၀၀၉ခုနှစ် ဒီဇင်ဘာလတွင် ချောင်ကောင်းအုပ်စု၏ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုသည် ဟောင်ကောင်ဒေါ်လာ ၆၄၇ဘီလျံ (အမေရိကန်ဒေါ်လာ ၈၂.၉ ဘီလျံ) ရှိသည်။ ထိုအုပ်စုသည် နိုင်ငံပေါင်း ၅၅နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို အလုပ်သမားပေါင်း ၂၆၀,၀၀ဝကျော်ဖြင့် ကမ္ဘာအနှံ့အပြားတွင် လုပ်ကိုင်လျက်ရှိသည်။

ပလတ်စတစ်ထုတ်လုပ်ခြင်း

စက်ရုံတစ်ရုံ၏ လည်ပတ်ပုံကို လေ့လာပြီးနောက် ၁၉၅ဝခုနှစ်တွင် လီသည် ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် အရောင်းစာရေးဘဝက ရရှိခဲ့သော အဆက်အသွယ်များထံမှ ရရှိသောချေးငွေဖြင့် ပလတ်စတစ်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။ လီသည်ကုန်သွယ်မှုဆိုင်ရာ စာအုပ်များနှင့် စီးပွားရေးသတင်းများကို စိတ်အားထက်သန်စွာဖတ်ရှုလေ့လာပြီး ကမ္ဘာအနှံ့သို့ ပလတ်စတစ်ပန်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဝေရန် ဆုံးဖြတ်ချက်ချခဲ့သည်။

လီသည် ပလတ်စတစ်ကို ပန်းအစစ်ပုံစံရအောင်ပြုလုပ်နိုင်သည့် အရောင်စပ်နည်းကို သင်ကြားခဲ့သည်။ သူ၏ ဆိုင်ကိုစက်အသစ်များ နှင့်အတော်ဆုံးပညာရှင်များခန့်အပ်၍ ရက်သတ်တပတ် အနည်းငယ်ကြာအောင် ပြင်ဆင်ပြီး နိုင်ငံခြားမှ ဝယ်လက်ကြီးတစ်ယောက်ကို ကြိုဆိုခဲ့သည်။ ထိုအခါလီ၏ စက်ရုံမှ ပစ်စည်းများ၏အရည်အသွေးကို အထင်ကြီးလေးစားပြီး အမှာစာများရရှိခဲ့သည်။ နှစ်အနည်းငယ် အကြာတွင် လီ၏ကုမ္ပဏီသည် ရောင်းအားအရမ်းကောင်းခဲ့ပြီး အာရှတွင် အကြီးဆုံးသော ပလတ်စတစ် ဖြန့်ဖြူးရေးကုမ္ပဏီကြီး ဖြစ်လာသည်။

အိမ်၊ခြံ၊မြေလုပ်ငန်းများ

၁၉၅၈ခုနှစ်တွင် လီသည် သူ့ကုမ္ပဏီစာချုပ်သက်တမ်းစာချုပ်ထပ်မံတိုးခွင့်မရခဲ့သောကြောင့် နေရာအသစ် တစ်ခုကို ကိုယ်ပိုင်ဝယ်၍ စက်ရုံတည်ထောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဟောင်ကောင်၌အဓိကရုဏ်းများ ဖြစ်နေရာတွင် လူများသည်မိမိတို့အိမ်ယာများကို စွန့်ခွာကြရာမြေဈေးနှုန်းများထိုးကျသွားပြီး မြေယာများကို ဈေးနည်းနည်းဖြင့် ဝယ်ယူရန်အခွင့်အရေးရခဲ့သည်။ လီသည် နိုင်ငံရေးမတည်ငြိမ်မှုများသည် ခဏသာဖြစ်ပြီး အိမ်ခြံမြေဈေးများ မကြာမီပြန်တက်မည်ဟုခန့်မှန်းပြီး မြေယာများကို ဈေးသက်သက်သာသာ ဖြင့်ဝယ်ယူ ခဲ့သည်။ ၁၉၇၁ခုနှစ်တွင် လီသည်တရုတ်နိုင်ငံရှိ အရှည်ဆုံးမြစ်ဖြစ်သော ချောင်ကောင်းမြစ်ကို အစွဲပြု၍ သူ၏အိမ်ခြံမြေ ဖွံ့ဖြိုးမှုကုမ္ပဏီကို ချောင်ကောင်းကုမ္ပဏီဟု အမည်ပေးခဲ့သည်။

၁၉၉၂ခုနှစ် နွေဦးပိုင်းတွင် ရှန်ဟိုင်းနှင့် ဂူဝမ်ဒေါင်သို့ ထန်ရှောင်ဖိန် (Deng Xiaoping) အလည်လာပြီး လူထုမိန့်ခွန်းပြောကြားခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့်ဝါဒကို ကျင့်သုံးမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ကြိုဆိုပါကြောင်းပြောကြားခဲ့သည်။ ထန်၏ တောင်ပိုင်းခရီးစဉ်အပြီးတွင် လီအုပ်စုသည် ပြည်မကြီးတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုများစတင်ခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဟောင်ကောင် စတော့အိပ်ချိန်းတွင် ချောင်ကောင်းဟိုးလ်ဒင်းသည် တရားဝင်စာရင်းဝင်ခဲ့သည်။

လီသည် သူ၏ဘုတ်အဖွဲ့ အစည်းအဝေးများတွင် သူ၏ရည်မှန်းချက်ဖြစ်သော ဂျာဒင်းစ် (Jardines) ကို ကျော်ဖြတ်ပြီး ဟောင်ကောင်၏ အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဦးဆောင်သူဖြစ်ရေးကို မကြာခဏပြောကြားခဲ့သည်။ ၁၉၇၇ခုနှစ်တွင် ဖွံ့ဖြိုးရေးဆိုဒ်များဖြစ်သော စင်ထရယ်(Central) နှင့် အက်တ်မာရယ်လ်တီ အမ်တီအာ စတေရှင်း (Admiralty MTR stations) များကို ချောင်ကောင်းကုမ္ပဏီမှ လေလံဆွဲနိုင်ခဲ့ခြင်းသည် ဟောင်ကောင်မြေယာလုပ်ငန်းတွင် အဓိကဦးဆောင်သူဖြစ်စေရန် စိန်ခေါ်မှုကြီးဖြစ်ခဲ့သည်။

၁၉၈ဝခုနှစ်တွင် ဂျာဒင်းစ်သည် ကုမ္ပဏီကြီး ဖြစ်သော်လည်း မိမိကုမ္ပဏီကိုလီ(သို့မဟုတ်) အခြားရင်းနှီးမြှုပ်နှံသူများထံသို့ မလိုလားသောလွှဲပြောင်းခြင်း များကို ကာကွယ်ရန် ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။ ဗြိတိန်မှ ကဲ့စ်ဝစ် (Britain’s Keswick) မိသားစု သည် ရှယ်ယာ ၁၀% အောက်သာပိုင်ဆိုင်သော်လည်း ထိုမိသားစုမှကုမ္ပဏီကို ထိန်းချုပ်နိုင်ရန် အစုအစပ်ရှယ်ယာ ပုံစံတစ်ခုဖြစ်သော cross-shareholding ပုံစံကို ဂျာဒင်းစ်သည် ကုမ္ပဏီတွင် အကောင်အထည်ဖော်ခဲ့သည်။ ၁၉၉ရခုနှစ်တွင် ဟောင်ကောင်၏အချုပ်အခြာအာဏာကို ကွန်မြူနစ်တရုတ်နိုင်ငံသို့ လွှဲပြောင်းမည်ကို ကြိုတင်မှန်းဆကာ ၁၉၈၄ခုနှစ်တွင်ကုမ္ပဏီ၏တရားဝင်လိပ်စာကို ဟောင်ကောင်မှ အဂင်ျလိပ်နယ်မြေဖြစ်သော ဘာမျူဒါ(Burmuda) သို့ ပြောင်းရွှေ့ခဲ့သည်။

ဆိပ်ကမ်းနှင့် လျှပ်စစ်ဓါတ်အားလုပ်ငန်းများ

၁၉၇၉ခုနှစ်တွင် လီသည် သီးသန့်လုပ်ငန်းတစ်ခုကို စာချုပ်ချုပ်ခဲ့ရာ လက်ရှိတွင်အဓိကကုမ္ပဏီဖြစ်သော ဟက်ချိစံ ဝှမ်းပွါးလီမိတက်ကို HSBCမှ ရရှိခဲ့သည်။ ထိုဝယ်ယူမှုကြီးသည် စက်မှုဇုန်အများအပြားတွင် အကျိုးတူစီးပွားရေးလုပ်ကိုင်သော ကုမ္ပဏီစုကြီးဖြစ်ပေါ်လာခဲ့သည်။ ထိုကုမ္ပဏီစုကြီး ၏လက်ခွဲလုပ်ငန်းများ အနက် အထင်ရှားဆုံးသောလုပ်ငန်းမှာ ဟောင်ကောင်၊ ဗန်ကူးဗား၊ ကနေဒါ၊ တရုတ်၊ ရော့တာဒမ်၊ ယူကေ၊ ပနားမား၊ ဘဟားမားနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာအနှံ့ကုန်သေတ်တာဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းပင်ဖြစ်သည်။ အားလုံးကိုခြုံကြည့်လျှင် သူ၏ကုန်သေတ်တာဆိပ်ကမ်းလုပ်ငန်းမှာ ကမ္ဘာ့ဈေးကွက်၏ ၁၃% ကို ထိန်းချုပ်ထားသည်။

လက်လီလုပ်ငန်းများ

ဟက်ချိစံ ဝှမ်းပွါးမှ ထိန်းချုပ်ထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် အေ အက်စ် ဝက်ဆန် အုပ်စု (A.S. Watson Group) သည် စတိုးဆိုင်ပေါင်း ၇,၈၀ဝ ကျော်ဖြင့် လက်လီလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသည်။ ၎င်း၏ရင်းနှီးမြှုပ်နှံမှုများတွင် ဥရောပတွင် နာမည်ကြီး တံဆိပ်များဖြစ်သော စူပါဒရပ်(Superdrug) ယူကေ၊ မာရီယိုနော့်ဒ်(Marionnaud) ပြင်သစ်၊ ကယူဗက် (Kruidvat) ဘင်နီလက်စ်နိုင်ငံများနှင့် အာရှရှိ ကျန်းမာရေးနှင့် အလှကုန်ပစ်စည်းအထူးအရောင်းဆိုင်(Watson’s Your Personal Store)၊ ParknSHOP စူပါမားကတ်များ၊ Great Food Hall၊ TASTE food galleria၊ gourmet botique style fine food hall, Fortress electrical appliance stores၊ Watson’s Wine Cellars နှင့် Naunce-Watson airport duty free စသည့် လက်လီဆိုင်များ ပါဝင်သည်။ ASW သည် ဟောင်ကောင်၏အရောင်းရဆုံးဖြစ်သော Watson ရေသန့်၏ အဓိကထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူလည်းဖြစ်သည်။

ကုန်သည်လုပ်ငန်းများ

ဟက်ချိစံ ဝှမ်းပွါးအုပ်စုသည် လာဘ်မြင်သော အရောင်းအဝယ်များလုပ်သော ကုန်သည်လုပ်ငန်းအဖြစ် လူသိများသည်။ ထိုကုမ္ပဏီသည် များသောအားဖြင့် စီးပွားရေးလုပ်ငန်းအသစ်များကို တည်ထောင်ပြီး ပြန်လည်ရောင်းချခြင်းများကို ပြုလုပ်သည်။ ထိုသို့ပြုလုပ်ရာတွင် အမြတ်ငွေများစွာရရှိခဲ့သည်။ ၂၀၀၁ခုနှစ်တွင် Orange အောရင့်ခ်ျကို Mannesmann Group မန်နက်စ်မန်းအုပ်စုသို့ ရောင်းချခဲ့ရာ အမြတ်ငွေ ဒေါ်လာ ၁၅.၁၂ ဘီလျံရရှိခဲ့သည်။

၂၀၀၆ခုနှစ်တွင် ဟက်ချိစံဆိပ်ကမ်းလုပ်ငန်းမှ ၂၀%ကို စင်ကာပူပြိုင်ဘက် ပီအက်စ်အေကော်ပိုရေးရှင်း PSA Corp., သို့ ဒေါ်လာ ၄ဘီလျံဖြင့်ရောင်းချခဲ့ရာ ဒေါ်လာ ၃.၁၂ ဘီလျံအသားတင် အမြတ်ငွေရရှိခဲ့သည်။ မကြာသေးမီက ဟက်ချိစံ ဝှမ်းပွါးအုပ်စုမှ ၅၀%နီးပါးပိုင်ဆိုင်သော ဟက်ချိစံတယ်လီကွန်မြူနီကေးရှင်း(ဟက်ချိစံ အက်ဆာ) မှ ထိန်းချုပ်ထားသော အဓိကအစုရှယ်ယာ ၆၇%ကို အိန်ဒိယ၏မိုဘိုင်းလ်အော်ပရေတာ ဗိုဒါဖုန်းသို့ ဒေါ်လာ ၁၁.၁ဘီလျံဖြင့် ရောင်းချခဲ့သည်။ အစောပိုင်းတွင် ၂ဘီလျံခန့် ရင်းနှီးမြှုပ်နှံမှုပြုခဲ့သည်။

ပိရစ်မစ်ပုံစံ

လီကာရှင်းအုပ်စုသည် အခြားအာရှကုမ္ပဏီအုပ်စုကြီးများအတိုင်း လုပ်ငန်းတူဈေးကွက်ကိုမထိခိုက် စေပဲအချိုးမကျသော ထိန်းချုပ်မှုကို ထိန်းသိမ်းရန် ပရစ်မစ်ပုံစံစီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သည်။ လုပ်ငန်းထိန်းချုပ်မှုနှင့် လုပ်ကိုင်မှုတို့ကို ခွဲခြားနိုင်ရန် dual-class structure အဆင့်နှစ်ခုခွဲ၍ အချိုးတူအကျိုးခံစားခွင့်ပေးခြင်းနှင့် စပ်တူ ရှယ်ယာ ပိုင်ဆိုင်ခွင့်ပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ယူအက်စ်နှင့် ယူကေတို့တွင် ထိုပုံစံဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုများနည်းသော်လည်း ထိုပုံစံလုပ်ငန်းများကို တွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် ဂူဂယ်လ်သည် dual-class structure ကိုသုံး၍ ဂူဂယ်လ်တည်ထောင်သူများနှင့် အတွင်းလူများအတွက် Class B ရှယ်ယာတစ်စုကို ၁ဝမဲသတ်မှတ်ပြီး အများပြည်သူအတွက် Class A ရှယ်ယာတစ်စုကို ၁မဲသတ်မှတ်ပေးထားသည်။

အင်တာနက်

သူ၏ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Horizon Ventures သည် Double Twist မှရှယ်ယာများကို ဝယ်ယူခဲ့သည်။ လီကာရှင်း ဖောင်ဒေးရှင်းမှလည်း social networking ဝဘ်ဆိုဒ်တစ်ခုဖြစ်သော Facebook မှ ရှယ်ယာ ဝ.၈%ကို ဒေါ်လာ သန်းပေါင်း ၁၂ဝကို ၂ခါခွဲပေး၍ ဝယ်ယူခဲ့သည်။ ထို့နောက် သီချင်းဝန်ဆောင်မှုလုပ်ငန်း Spotify တွင် ဒေါ်လာ သန်း၅ဝ ရင်းနှီးမြှုပ်နှံခဲ့သည်။ ၂၀၀၉ခုနှစ်နှင့် ၂၀၁ဝ အစောပိုင်းကြားတွင် iphone ၏ application တစ်ခုဖြစ်သော Siri (Virtual Personal Assistant) ဒုတိယအကြိမ်မြောက် ထုတ်လုပ်ခြင်းကို ဒေါ်လာ ၁၅.၅သန်း ရင်းနှီးမြှုပ်နှံခဲ့သေးသည်။

အခြား

လီကာရှင်းသည် သူ၏အဓိကကုမ္ပဏီများဖြစ်သော ချုံကောင်းကုမ္ပဏီနှင့် ဟက်ချိစံ ဝှမ်းပွါးစီးပွားရေးလုပ်ငန်း များအပြင် စင်ကာပူနှင့် ကနေဒါတို့တွင်လည်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများကိုလည်း ကိုယ်ပိုင်လုပ်ငန်းအဖြစ် တွင်တွင်ကျယ်ကျယ်လုပ်ကိုင်သည်။ ၂၀၀၅ခုနှစ်တွင် ရှယ်ယာများရောင်းပြီး လှူဒါန်းမှုများမပြုလုပ်ခင်အချိန် အထိ ကနေဒါ၏ တတိယအကြီးဆုံးဖြစ်သော the Canadian Imperial Bank of Commerce(CIBC) ၏ အများဆုံးရှယ်ယာပိုင်ရှင်ဖြစ်ခဲ့သည်။ ထို့ပြင် ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာတွင် အခြေစိုက်သော နာမည်ကြီး စွမ်းအင်ကုမ္ပဏီဖြစ်သည့် Husky Energy၏ အဓိက ရှယ်ယာရှင်လည်းဖြစ်သည်။ ၂၀၀၅ခုနှစ်၊ ဇန်နဝါရီလ လီသည် CIBC မှ သူ၏ CAD ရှယ်ယာများကို ဒေါ်လာ ၁.၂ ဘီလျံဖြင့် ရောင်းမည်ဟု ကြေငြာခဲ့ပြီး အမြတ်အစွန်းအားလုံးကို သူတည်ထောင်ထားသောဖောင်ဒေးရှင်းများ(လီကာရှင်းဖောင်ဒေးရှင်း ဟောင်ကောင်နှင့် ကနေဒါ- (ကနေဒါနိုင်ငံ တိုရန်တိုမြို့ အခြေစိုက်)အပါအဝင်) သို့ လှူဒါန်းခဲ့သည်။

ယေးလ်တောင်း Yaletown တွင် old Expo ’86 lands အိမ်ယာများတည်ထောင်ခဲ့သော ကောန်းကော့ ပစိဖိတ် ဖွံ့ဖြိုးရေးလုပ်ငန်းများ Concord Pacific Developments နှင့် အဓိက ဆက်သွယ်ခဲ့ပြီး Vancouver ဗန်ကူးဗါးမြို့ရှိအိမ်ခြံမြေလုပ်ငန်းအချို့ကို လုပ်ကိုင်ခဲ့သည်။ အသက် ၉၀ ရှိပြီဖြစ်သည့် လီသည် ယခုအခါ စီးပွားရေးလုပ်ငန်းများကို အရင်လိုအားသွန်ခွန်စိုက် မလုပ်တော့သော်လည်း သူ၏ချမ်းသာမှုအဆင့်သည် ဒေါ်လာ ၃၇.၇ဘီလျံ နှင့် ကမ္ဘာ့အဆင့် ၂၃ နေရာ တွင် ရှိနေဆဲဖြစ်သည်။

ကိုယ်ပိုင်ဘဝ

သူ၏သားနှစ်ယောက်ဖြစ်သော ဗစ်တာ လီ Victor Li နှင့် ရစ်ချက် လီ Richard Li တို့သည် ဟောင်ကောင်စီးပွားရေး၏ ထင်ရှားသော ပြယုဂ်များဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် ကနေဒါနိုင်ငံသားများဖြစ်ကြပြီး ဗစ်တာသည် ချုံကောင်းကုမ္ပဏီတွင် မန်နေးဂျင်းဒါရိုက်တာနှင့် လက်ထောက်ဥက်ကဌရာထူးရယူထားသည်။ ဖခင်နှင့် တိုက်ရိုက်ဆက်သွယ်၍ အလုပ်လုပ်သည်။

ရစ်ချက်မှာမူ ဟောင်ကောင်၏ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီဖြစ်သော PCCW ၏ ဦးဆောင်သူဖြစ်သည်။ လီသည် ဟောင်ကောင်၏ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ဖြစ်သော်လည်း အလွန်ရိုးရှင်းစွာ ဝတ်စားဆင်ယင်မှု ကြောင့် နာမည်ကြီးသူတစ်ဦးလည်းဖြစ်သည်။ ၁၉၉ဝခုနှစ်များတွင် သည် ဒေါ်လာ၅ဝတန် Citizen လက်ပတ်နာရီကိုပတ်ပြီးနက်တိုင်ဗြောင်များကိုသာ ဝတ်ဆင်ခဲ့သည်။ ယခုအခါတွင်မူ Seiko နာရီကို ဝတ်ဆင်သည်ဟု သိရှိရသည်။

ပရဟိတလုပ်ငန်းများ

လီသည် မှတ်သားလောက်ဖွယ် ပရဟိတ သမားတစ်ယောက် ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ပိုင်ဆိုင်သမျှ၏ သုံးပုံတစ်ပုံ (ခန့်မှန်းခြေ ပမာဏ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံ) ကို ကမ္ဘာ တစ်ဝှမ်းရှိ ပရဟိတ နှင့် အများအကျိုးဆောင်ရွက်သည့် စီမံကိန်းများ၊ လုပ်ငန်းများကို လှူဒါန်းမည်ဟု လီက အခိုင်အမာ ကတိကဝတ်ပြုခဲ့သည်။

၁၉၈၁ ခုနှစ် အတွင်း သူလှူဒါန်းခဲ့သမျှ ၏ အကျိုးရလဒ်အနေနှင့် သူ၏ မွေးရပ်မြေ Chaozhou တွင် Shantou Universityဟူ၍ပေါ်ပေါက်လာခဲ့သည်။

တရုတ်ခေါင်းဆောင် Deng Xiaoping ၏ ဖိတ်ခေါ်ချက်အရ တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ငွေကြေး ယုံကြည်မှု နှင့် ရင်းနှီးမြှပ်နှံခြင်းဆိုင်ရာ ကော်ပိုရေးရှင်း China International Trust and Investment Corporation (CITIC) ကြီး၏ ဘုတ် အဖွဲ့ဝင် ဒါရိုက်တာ တစ်ယောက် ဖြစ်လာခဲ့သည်။ ၎င်းအဖွဲ့အစည်းကြီးသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အစပြုနိုင်ရေးကို အထောက်အကူပြု နိုင်ရန် ရည်ရွယ်၍ ဒန်မ်း အစဉ်တစိုက် ကြိုးစားနေ ခဲ့သော ကိစ္စရပ်လည်း ဖြစ်သည်။

CITIC သည် တရုတ်ပြည်၏ အကြီးဆုံး လုပ်ငန်းအစုအဖွဲ့ကြီး တစ်ရပ်ဖြစ်ပြီး ၄၂ % ကို တရုတ်အစိုးရမှ ပိုင်ဆိုင်သည်။ တရုတ် ဗဟိုအစိုးရ၏ အဓိက ရင်းနှီးမြှပ်နှံမှု အစိတ်အပိုင်း အဖြစ်တည်ရှိပြီး တရုတ်ပြည်ထောင်စု ကောင်စီတွင်ဌာနတစ်ရပ်အနေဖြင့်တည်ရှိသည်။

လီသည် CITIC ၏ ဘုတ်အဖွဲ့တွင် ဒါရိုက်တာအဖြစ်မှ နှတ်မထွက်ခင်အထိ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈ဝ ခုနှစ်ကတည်းကပင် သူသည် ဟောင်ကောင်နှင့်ရှန်ဟိုင်း ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်းကြီး၏ အုပ်ချူပ်ရေး ပြင်ပ ဒါရိုက်တာ အဖြစ်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ၎င်းဘဏ်၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၁၉၉၁ မှ ၁၉၉၂ အထိ HSBC ဌာနများ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် လည်း ထမ်းဆောင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် လီသည် အဆင့်မြင့် ပညာရေး ကျောင်းတစ်ကျောင်း အတွက် အမေရိကန် ဒေါ်လာ ၁၁.၅ မီလျံ လှူဒါန်းပြီးသည့်နောက် သူ့အား စင်ကာပူ စီမံခန့်ခွဲရေးပညာ တက္ကသိုလ်ရှိစာကြည့်တိုက်ကို လီကာရှင်း စာကြည့်တိုက်ဟုအမည်မှည့်ခေါ်စေခဲ့သည်။

၂၀၀၄ နောက်ပိုင်းတွင် အိန္ဒိယ သမုဒ္ဒရာ ဗဟိုပြု မြေငလျင် ဘေးကြီး၌ စုစုပေါင်း ဒေါ်လာ ၃ မီလျံ လှူဒါန်းခဲ့သည်ဟူသောသတင်းများရရှိခဲ့သည်။

၂၀၀၅ တွင် လီက ဟောင်ကောင် ဒေါ်လာ ၁ ဘီလျံ( အမေရိကန်ဒေါ်လာ ၁၂၈ မီလျံ ) ကို ဟောင်ကောင် တက္ကသိုလ်၏ ဆေးပညာ ဋ်ဌာနသို့ လှူဒါန်းမည်ဟု ကြေငြာခဲ့သည်။ ၎င်းဋ်ဌာနအား လီကာရှင်း ဆေးပညာဌာန ဟု အမည်ပြောင်းမှည့် ခေါ်လိုက်ပြီးသည့်နောက် တက်ကသိုလ်နှင့် ဌာနမှ ကျောင်းသားဟောင်း တစ်ချို့၊ ဆရာမတစ်ချို့ ( မှတ်မှတ်ရရ အနေနှင့် ကျောက်ကကီ ) တို့ အကြားတွင် တက်ကသိုလ်၏ အမည် ပေးခြင်း အဆင့်လုပ်ငန်းရပ်များနှင့်ပက်သက်၍အငြင်းပွားဖွယ်များဖြစ်ပွားခဲ့သည်။

၂၀၀၅ တွင်လည်း လီက ဘာကလေ ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ် သို့ အမေရိကန်ဒေါ်လာ ၄ဝ မီလျံ လှူဒါန်းခဲ့သည်။ ကိုးကားချက်အချို့ အရ သူသည် ၎င်းတက်ကသိုလ်၏ ဇီဝ သိပ္ပံဘာသာရပ်နှင့် ပက်သက်၍ ဆောင်ရွက် အောင်မြင်မှုများ ကို သဘောကျ အထင်ကြီး၍ ဟု ဆိုသည်။ လီ၏ လှူဒါန်းမှုများနှင့် ပက်သက်၍ ယင်းတက်ကသိုလ် ကျောင်း၏ ဇီဝ သိပ်ပံဘာသာရပ် ဆိုင်ရာ ထောက်ပံ့မှု အဆောက်အအုံ ကို လီကာရှင်း ဇီဝဆေးပညာနှင့် ကျန်းမာရေး စင်တာ အဖြစ် အမည်ပေး ခဲ့သည်။ ၎င်းသည် လက်ရှိတွင် ဆောက်လုပ်ဆဲ ဖြစ်သည်။

၁၉၈ဝ ကတည်းက စတန်းဖို့ဒ် တက်ကသိုလ် အား ရေရှည် အထောက်အပံ့ ပြုသူတစ်ဦး ဖြစ်ခြင်းကြောင့် လီသည် အမေရိကန် ဒေါ်လာ ၉ဝ မီလျံ တန် ဆေးပညာ လေ့လာရေးနှင့် အသိပညာ ကျောင်း အသစ်စက်စက် ဖြစ်သည့်လီကာရှင်းစင်တာ၏အဓိကငွေကြေးထောက်ပံ့သူဖြစ်သည်။

၂၀၀၇ မတ်လ ၉ ရက်နေ့တွင် လီကာရှင်းသည် အမေရိကန်ဒေါ်လာ ၁၀ဝ မီလျံ ကို စင်ကာပူအမျိုးသားတက္ကသိုလ် ရှိ လီကွမ်ယူး Public Policy ကျောင်း သို့ လှူဒါန်းခဲ့သည်။ ဒါ့အပြင် ဒေါက်တာလီ၏ အလှူဒါန ထောက်ပံ့မှုများကို အသိအမှတ်ပြု အမှတ်ရသည့် အနေနှင့် လီကွမ်ယူး Public Policy ကျောင်း ရှိ သမိုင်းဝင် Bukit Timah ဝင်း အတွင်းတွင်ရှိသည့် အဆောက်အအုံ သုံးခုအနက် တစ်ခုကို ၎င်း၏အမည်ကိုမှည့်ခေါ်စေလိမ့်မည်ဖြစ်သည်။

လီကာရှင်း သည် တိုရွန်တို မြို့ရှိ စိန့် မိုက်ကယ် ဆေးရုံ တွင် လီကာရှင်း အသိပညာ ကျောင်းတစ်ကျောင်းကို တည်ထောင်ရန် ကနေဒါ ဒေါ်လာ ၂၅ မီလျံ ကို လှူဒါန်းခဲ့သည်။ ယင်းကျောင်းသည် တိုရွန်တို မြို့တယ်တွင် ဆေးပညာ သုတေသန နှင့် သင်ကြားရေး စင်တာ တစ်ခုအဖြစ် တည်ရှိနေမည် ဖြစ်သည်။

လီကာရှင်း သည် လီကာရှင်း ဖောင်ဒေးရှင်းမှ တဆင့် ဟောင်ကောင်ဒေါ်လာ ၃ဝ မီလျံ (အမေရိကန်ဒေါ်လာ ၃.၈၅ မီလျံ) ကို ၂၀၀၈ ခုနှစ် စီချွမ် မြေငလျင်ဘေးတွင် ဒုက္ခသည်များ ကယ်တင်ရေး အစီအစဉ်များ အတွက် အကူအညီအနေနှင့်ပေးလှူခဲ့သည်။

ယနေ့အချိန်ထိ မစ္စတာလီသည် သူ၏ လီကာရှင်း ဖောင်ဒေးရှင်း နှင့် အခြားသော ပုဂ္ဂလိက အများအကျိုးပြု ဖောင်ဒေးရှင်းများမှ တဆင့် အမေရိကန်ဒေါ်လာ ၂.၆ ဘီလျံ ကျော် ကို ပရဟိတ လုပ်ငန်းများအတွက် ပေးလှူခဲ့ပြီး ဖြစ်သည်။

ရရှိခဲ့သောဆုများနှင့် ဂုဏ်ပြုချီးမြှင့် ခံရမှုများ
Grand Bahuinia Medal
British Empire မှချီးမြှင့်သော သူရဲကောင်းဆု
Commandeur, legion d’honneur

Via:ကမ္ဘာ့အချမ်းသာဆုံးသူဌေးများ
Myanmar Wikipedia

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!