အာဖရိကတိုက်ရဲ့ အချမ်းသာဆုံးမြို့

အားလုံးပဲ မင်္ဂလာပါရှင်။

အာဖရိကတိုက်ရဲ့ နိုင်ငံအများစုဟာ ဆင်းရဲကြပြီး နိုင်ငံအနည်းငယ်ကသာ စီးပွားရေးအဆင်ပြေကြပါတယ်။ အာဖရိကမှာ အချမ်းသာဆုံးမြို့အမည်ကို ရှာဖွေကြည့်တဲ့အခါ ကျွန်မတို့ အများစုနဲ့ သိပ်မရင်းနှီးတဲ့ Johannesburg ဂျိုဟန်နက်စ်ဘတ်ဂ် ဆိုတဲ့အမည်ကို တွေ့ရပါတယ်။ ဒီတခါတော့ အဲဒီ ဂျိုဟန်နက်စ်ဘတ်ဂ် မြို့ကြီးရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။

ဂျိုဟန်နက်စ်ဘတ်ဂ် မြို့ကတော့ အာဖရိကတိုက် တောင်ဘက်အစွန်ဆုံးအပိုင်းမှာ တည်ရှိတဲ့ တောင်အာဖရိက နိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက ဂေါင်းထန်း Gauteng ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး အရှေ့ဘက်တောင်တန်းဒေသမှာ တည်ရှိနေပါတယ်။

မက်ဂါစီးတီး Megacity စာရင်းဝင် ကမ္ဘာ့မြို့ကြီးတမြို့ဖြစ်ပြီး ဂျိုဇီ ၊ ဂျိုးဘာ့ဂ် နဲ့ သယ်-စီးတီး-အော့ဖ်-ဂိုး The City of Gold ရွှေမြို့တော် စတာတွေကလည်း ဒီမြို့ကို ခေါ်ဝေါ်လေ့ရှိတဲ့ အမည်တွေ ဖြစ်ပါတယ်။မြို့ဧရိယာက စတုရန်းမိုင်ပေါင်း ၆၃၅ ခန့်ကျယ်ဝန်းပြီး မြို့နေလူဦးရေ ၅.၆ သန်းခန့် ရှိပြီး ဒေသတခုလုံးဆိုရင်တော့ ၁၀.၅ သန်းအထိ နေထိုင်ကြပါတယ်။

အေဒီ ၁၃ ရာစုကနေ စလို့ Sotho–Tswana လူမျိုးစုတွေဟာ ယနေ့ Johannesburg မြို့ကြီးရှိရာနေရာမှာ ရွာငယ်မြို့ငယ်လေးတွေအဖြစ် နေထိုင်လာခဲ့ကြတာ ၁၈ ရာစု အလယ်ပိုင်းလောက် အထိ ဖြစ်ပါတယ်။ ဥရောပတိုက်သားတွေ စတင်ရောက်ရှိလာခြင်းနဲ့အတူ ၁၈၈၄ ခုနှစ်မှာ ရွှေကို စတင်တွေ့ရှိခဲ့ပြီးနောက် ၁၉ ရာစုနှောင်းပိုင်းမှာတော့ ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ ဒေသဖြစ်လာခဲ့ပါတယ်။

၁၈၈၆ ခုနှစ်မှာ မြို့တမြို့အဖြစ် စတင်ခဲ့ပြီး နောက်ထပ် ၄ နှစ်အကြာမှာတော့ ဒီမြို့ရဲ့လူဦးရေဟာ ၂၆၀၀၀ ဝန်းကျင်အထိ ဖြစ်လာခဲ့ပါတယ်။ဗြိတိသျှတို့နဲ့ တောင်အာဖရိကဒေသခံတွေအကြားဖြစ်ပွားတဲ့ ဒုတိယဘိုးဝါး စစ်ပွဲ (၁၈၉၉ခုနှစ် နဲ့ ၁၉၀၂ခုနှစ်) ကာလမှာတော့ ဒီမြို့မှာ ဗြိတိသျှတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဒီမြို့ဟာ ၁၉၀၆ ခုနှစ်ကတည်းက ဓာတ်ရထားတွေ ပြေးဆွဲနိုင်တဲ့အထိ တိုးတက်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးကို လူဖြူတွေကချုပ်ကိုင်ထားပြီး မူလဒေသခံဖြစ်တဲ့ အာဖရိကလူမည်းတွေကို မြို့ပြင်ကိုပြောင်းရွှေ့စေခြင်း ၊ လုပ်ခများကို နှိပ်ပေးခြင်း စတာတွေအပြင် အသားအရောင်ခွဲခြားမှု ၊ လူမျိုးရေးခွဲခြားမှုတွေကြောင့် အထိကရုဏ်းတွေများစွာ ပေါ်ပေါက်ခဲ့ရာမြို့လည်းဖြစ်ခဲ့ပါတယ်။

၁၉၃၀ နဲ့ ၄၀ ကြားကာလတွေမှာတော့ ရွှေတူးဖော်ရေး ၊ စိုက်ပျိုးရေးအပြင် ၊ စက်မှုလုပ်ငန်းတွေလည်း ထွန်ကားလာခဲ့တာကြောင့် စီးပွားရေးအထူးကောင်းမွန်လာခဲ့ပြီး မြို့နေလူဦးရေဟာလည်း ၁သန်းနီးပါး အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

၁၉၆၀ ဝန်းကျင်ကတည်းက အထပ်မြင့်မိုးမျှော်တိုက်တွေကို စတင်တည်ဆောက်လာခဲ့ပြီး ၁၉၇၀ နောက်ပိုင်းမှာတော့ အနီးအနားက အခြားမြို့တွေကိုပါ ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg ထဲ ထည့်ပေါင်းလိုက်တာကြောင့် မြို့ဧရိယာ နဲ့ လူဦးရေ အဆမတန် တိုးပွားသွားခဲ့ပါတယ်။

၁၉၈၀ နဲ့ ၉၀ ကာလတွေမှာတော့ လူထုဆန္ဒပြပွဲ အထိကရုဏ်းတွေ ၊ အုံကြွမှုတွေ နဲ့အတူ ရာဇဝတ်မှုတွေ ထူပြောနေတဲ့ကြားထဲကနေ ခေတ်မီအဆောက်အအုံ ၊ ရှော့ပင်းမော ၊ အပန်းဖြေစခန်း နဲ့ ပန်းခြံတွေကို တိုးချဲ့တည်ဆောက်လာခဲ့ပါတယ်။

နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ အသားအရောင်ခွဲခြားမှုတွေကို ဒီမြို့ကြီးက အာဖရိကလူမည်းတွေ ဦးဆောင်တွန်းလှန်ရင်း ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကရဲ့ ပထမဆုံး ဒီမိုကရေစီရွေးကောက်ပွဲကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်ကို လက်ခံကျင်းပခဲ့တဲ့ ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg ယနေ့အချိန်မှာတော့ တောင်အာဖရိကရဲ့ အဓိကစီးပွားရေးမြို့တော်ဖြစ်သလို ကမ္ဘာ့မြို့ကြီးတွေအနက်မှာတော့ အယ်ဖာ မိုင်းနပ်စ် Alpha Minus အဆင့်မြို့ကြီးတမြို့အဖြစ် သတ်မှတ်ခံထားရပါတယ်။

မြို့ရဲ့အထင်ကရ နေရာတွေထဲမှာ အသားအရောင်ခွဲခြားမှုပြတိုက် က ထင်ရှားပါတယ်။ ၂၀၀၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီပြတိုက်ကတော့ အသားအရောင်ခွဲခြားမှု နဲ့ ၂၀ ရာစု တောင်အာဖရိကရဲ့ သမိုင်းကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြထားတဲ့ ပြတိုက်ဖြစ်ပါတယ်။

နောက်ထပ်ပြတိုက်တခုကတော့ နယ်လ်ဆင်မန်ဒဲလား အမျိုးသားပြတိုက်ဖြစ်ပြီး မန်ဒဲလား-ဟောက်စ် Mandela House လို့လည်း ခေါ်ကြပါတယ်။ ဘဝတလျှောက်လုံး အသားအရောင် နဲ့ လူမျိုးရေးခွဲခြားမှုကို ဦးဆောင်တွန်းလှန်ခဲ့တဲ့ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား နေထိုင်ခဲ့တဲ့အိမ်ဖြစ်ပါတယ်။ ဗစ်လာခါဇီ Vilakazi လမ်းပေါ်မှာ တည်ရှိနေပြီး အနီရောင်အုတ်နဲ့တည်ဆောက်ထားတဲ့ ၁ထပ်တိုက်ငယ်ဖြစ်ကာ အသားအရောင်ခွဲခြားမှုအဖြစ် တိုက်ခိုက်ခံခဲ့ရတဲ့ ကျည်ဆန် နဲ့ မိုလိုတော့ဖ် Molotov ကော့တေး ပေါက်ကွဲမှုရာများ ကျန်ရစ်နေဆဲဖြစ်ပါတယ်။ အိမ်အတွင်းမှာတော့ မူလနေထိုင်ခဲ့စဉ်ကလို ပရိဘောဂတွေကို ထားရှိထားပြီး နယ်လ်ဆင်မန်ဒဲလား နဲ့ ပတ်သက်တဲ့ပစ္စည်းတွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေ ရှိနေပါတယ်။

ဂိုးဒ်-ရိ(ဖ်)-စီးတီး Gold Reef City ဆိုတာကတော့ မိုင်းတွင်းဟောင်းမှာ ပြန်လည်ဖွင့်လှစ်ထားတဲ့ အပန်းဖြေ ကစားကွင်းပန်းခြံဖြစ်ပြီး ၁၉၇၀ ခုနှစ် အစောပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ၄၅ဧက ခန့်ကျယ်ဝန်းတဲ့ ဒီနယ်မြေထဲမှာတော့ ရေလွှာလျှော ၊ ရိုလာကိုစတာ နဲ့ အခြား အထရက်ရှင် attraction များစွာ ရှိနေပြီး ကာစီနိုရုံတွေလည်း ရှိနေပါတယ်။

ဖိုး-ဝေးစ် Fourways နယ်မြေထဲမှာ တည်ရှိနေတဲ့ မွန်တီကာစီနို Montecasino ကတော့ အပန်းဖြေ ဖျော်ဖြေရေးနယ်မြေ နဲ့ ကာစီနိုရုံတွေ ရှိရာနေရာဖြစ်ပြီး အီတလီ ထက်စကန်နီ Tuscany ဒေသက ရွာတွေရဲ့ပုံစံကို ယူကာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အဆောက်အအုံအမိုးကို ကောင်းကင်တုသဖွယ် ရေးခြယ်ကာ ခမ်းနားစွာ တည်ဆောက်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်သုံးကာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ နှစ်စဉ် ခရီးသွား ၉ သန်းကျော် လာရောက်လေ့ရှိတဲ့ဒီနေရာရဲ့ ခရီးသွားလာရေးဝန်ဆောင်မှုကနေ ဝင်ငွေအမြောက်အများ ရရှိနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဘရန်းဖောင်တိန် Braamfontein နယ်မြေထဲက ဖွဲ့စည်းပုံဥပဒေတောင်ကုန်း Constitution Hill ကတော့ တောင်အာဖရိက နိုင်ငံဖြတ်သန်းခဲ့ရတဲ့ ဒီမိုကရေစီ ခရီးကြမ်းကို ပြသထားတဲ့ ပြတိုက် ဖြစ်ပါတယ်။ ဒီနေရာဟာ တချိန်က အကျဉ်းထောင် နဲ့ ခံတပ်စခန်းတွေဖြစ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ထားတာဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံး တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။

မြို့ရဲ့ပန်းခြံတွေ အနက်မှာတော့ ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg ရုက္ခဗေဒပန်းခြံကြီးက အထင်ရှားဆုံးဖြစ်ပါတယ်။ ၂၀၀ ဧက ခန့်ကျယ်ဝန်းတဲ့ ဒီပန်းခြံကို ၁၉၆၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လာရောက်လည်ပတ်သူ အလွန်များတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ ပန်းခြံငယ်ပေါင်းများစွာ ပြန်လည်ခွဲထားတဲ့အနက်က နှင်းဆီပွင့်ပေါင်း ၁သောင်းကျော် ရှိနေတဲ့ နှင်းဆီပန်းခြံက အကျော်ကြားဆုံး ဖြစ်ပါတယ်။

နိုင်ငံရဲ့ အမြင့်ဆုံး အဆောက်အအုံဖြစ်သလို အာဖရိကရဲ့ တတိယအမြင့်ဆုံး အဆောက်အအုံကတော့ ဆန်တန် Sandton နယ်မြေမှာ တည်ရှိနေတဲ့ လီယိုနာဒို Leonardo မိုးမျှော်တိုက်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ မှ တည်ဆောက်ပြီးစီးခဲ့တဲ့ ဒီအဆောက်အအုံဟာ ၇၆၈ပေ မြင့်ပြီး အထပ်ပေါင်း ၅၅ ထပ် ပါရှိပါတယ်။ ဟိုတယ် ၊ စားသောက်ဆိုင် ၊ ကော်ဖီဆိုင် ၊ ရုံးခန်းတွေနဲ့ လူနေတိုက်ခန်းပေါင်း ၂၀၀ ကျော် ပါဝင်နေပါတယ်။

လီယိုနာဒို Leonardo မိုးမျှော်တိုက် ရဲ့ အနီးမှာ ပဲ ရှိနေတဲ့ ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg စတော့အိတ်ချိန်းကတော့ အာဖရိကရဲ့အကြီးဆုံး စတော့အိတ်ချိန်းဈေးကွက် ဖြစ်ပါတယ်။ ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg စတော့ အိတ်ချိန်းကို ၁၈၈၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယနေ့အချိန်မှာတော့ လျှင်မြန်စွာ ကြီးထွားလာနေပြီး ၂၀၂၂ ခုနှစ်မှာတော့ အိတ်ချိန်းရဲ့ စုစုပေါင်း ဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၃၆ ထရီလီယံအထိ ရှိနေပြီ ဖြစ်ပါတယ်။

မြို့နေလူဦးရေ ရဲ့ ၆၀% ကျော်က အာဖရိကလူမည်းတွေဖြစ်ပြီး ၁၄% က လူဖြူ ၊ ၁၃% ကျော်က အရော ၊ အာရှနွယ်ဖွား ၇% ခန့် နဲ့ အခြားလူမျိုး အနည်းငယ်လည်း နေထိုင်ကြပါတယ်။ လူဦးရေရဲ့ ၇၀% ကျော်က ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ၊ ဘာသာမဲ့ ၁၈%ကျော် ၊ အစ္စလာမ် ၇% ခန့် နဲ့ အခြားဘာသာကိုးကွယ်သူ အနည်းငယ် နေထိုင်ကြပါတယ်။

နိုင်ငံရဲ့ စီးပွားရေး နဲ့ ငွေကြေးဆိုင်ရာ ဗဟိုဌာနဖြစ်သလို တနိုင်ငံလုံး ဂျီဒီပီ စုစုပေါင်းရဲ့ ၁၆% က ဒီမြို့ကြီးတမြို့ထဲကနေ လာတာဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အကောင်းဆုံးမြို့စာရင်းမှာ ပါဝင်တဲ့ အာဖရိကရဲ့ တခုထဲသောမြို့ဖြစ်ပြီး အဓိကစီးပွားရေး လုပ်ငန်းတွေကတော့ ဘဏ်လုပ်ငန်း ၊ အိမ်ခြံမြေ ၊ သယ်ယူပို့ဆောင်ရေး ၊ မီဒီယာ ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ သတ္တုတူးဖော်ရေး ၊ အစားအစာ နဲ့ စက်မှုကုန်ထုတ်လုပ်ငန်း စတာတွေ ဖြစ်ပါတယ်။

ဒေသခံဝန်ထမ်းတယောက်ဟာ ပျမ်းမျှလစာအနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၀၀ နီးပါး ရရှိတာကြောင့် အာဖရိက အနေအထားနဲ့တော့ အမြင့်ဆုံး လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg ကို အာဖရိကရဲ့ အချမ်းသာဆုံးမြို့လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

ပညာရေးကောင်းမွန်တဲ့ မြို့တမြို့ဖြစ်သလို တက္ကသိုလ်ပေါင်း အခု ၂၀ ကျော်အပြင် အခြားပညာသင်ကြားရေး ပရိုဂရမ်ပေါင်း အခု ၃၀၀ ကျော် ရှိနေတဲ့ မြို့လည်းဖြစ်ပါတယ်။ တက္ကသိုလ်တွေအနက်မှာတော့ စာသင်သားပေါင်း ၄သောင်းကျော် တက်ရောက်နေတဲ့ ဝစ်-ဝါးတား-စရန့် Witwatersrand တက္ကသိုလ် နဲ့ စာသင်သားပေါင်း ၅သောင်းကျော် တက်ရောက်နေတဲ့ ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg တက္ကသိုလ်တွေ က အထင်ရှားဆုံး ဖြစ်ပါတယ်။

အမြန်ရထား နဲ့ ဘတ်စ်ကားလိုင်းတွေ များစွာ ရှိနေပေမယ့် ကျယ်ဝန်းတဲ့ ဧရိယာ နဲ့ များပြားလှတဲ့ မြို့နေလူထုကို လုံလောက်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့တော့ လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ပါတယ်။

ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg နယ်မြေထဲမှာ လေဆိပ်ပေါင်း ၃ ခု ရှိနေပြီး အို-အာရ်-တန်ဘို O. R. Tambo လေဆိပ်ကြီးကတော့ အဓိက လေဆိပ်ကြီးဖြစ်ပါတယ်။ ကမ်တန်-ပါ့ခ် Kempton Park နယ်မြေထဲမှာ တည်ရှိနေတဲ့ ဒီလေဆိပ်ကြီးဟာ အာဖရိကရဲ့ ဒုတိယ အလုပ်အများဆုံးလေဆိပ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ ခရီးသွား ၂၂ သန်းခန့်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။

အပူပိုင်းကုန်းမြင့်ရာသီဥတု ကို ပိုင်ဆိုင်ထားပြီး တနှစ်ပတ်လုံးပျမ်းမျှ အပူချိန်ဟာ ၁၀ ဒီဂရီကနေ ၁၉ ဒီဂရီ ဆဲစီးယပ်စ်အတွင်းမှာ ရှိနေတတ်ပါတယ်။

ဘောလုံးအားကစား အလွန်ထွန်းကားပြီး ခရစ်ကတ် ၊ ရပ်ဂ်ဘီ ၊ ဘတ်စ်ကတ်ဘော စတာတွေကလည်း ဒီမြို့ကြီးရဲ့ လူကြိုက်များတဲ့ အားကစားတွေ ဖြစ်ပါတယ်။

ဂျိုဟန်နက်စ်ဘတ်ဂ် ဆိုတဲ့အမည်ကိုတော့ ဒီမြို့ရဲ့ အစောပိုင်းကာလတွေမှာ နေထိုင်ခဲ့ကြတဲ့ ဂျိုဟန်နက်စ် အမည်ပါသူတွေကို အစွဲပြုခေါ်တာဖြစ်ပြီး ဒီအထဲမှာ သမ္မတ ၊ မြို့တော်ဝန် နဲ့ မိုင်းတွင်း အကြီးအကဲ စတာတွေလည်း ပါဝင်ပါတယ်။

ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg ဟာ အာဖရိကတိုက်က မြို့တမြို့ဖြစ်ပေမယ့် အပူအအေးမျှတတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပြီး တမြို့လုံးမှာ သစ်ပင်ပေါင်း ၁၀ သန်းကျော် နဲ့ စိမ်းလန်းတဲ့မြို့တမြို့လည်းဖြစ်ပါတယ်။ နှစ်စဉ် အစီအစဉ်တွေချမှတ်ကာ သစ်ပင်များကို စိုက်ပျိုးလျက်ရှိပြီး တမြို့လုံးအနှံ့စိမ်းလန်းနေတာကြောင့် ကမ္ဘာ့အကြီးဆုံးလူလုပ်သစ်တော လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

စီးပွားရေး ကောင်းမွန်ကာ ခေတ်မီခြင်း ၊ အလုပ်အကိုင်အခွင့်အလမ်းပေါများခြင်း ၊ အာဖရိကမှာ ဖြစ်ပေမယ့် စိမ်းလန်းတဲ့ ပတ်ဝန်းကျင် လတ်ဆတ်တဲ့လေထု နဲ့ အပူအအေးမျှတတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားခြင်း စတာတွေကတော့ ဒီမြို့ကြီးရဲ့ကောင်းကွက်တချို့ဖြစ်ပြီး လူဦးရေထူထပ်လွန်းခြင်း ၊ တနေရာနဲ့ တနေရာသွားရောက်ဖို့ ကြန့်ကြာခြင်း ၊ နေရာအချို့မှာ လုံခြုံစိတ်ချရမှှု မရှိပဲ အန္တရာယ်ရှိနိုင်ခြင်း ၊ ဆိုင်အများစုဟာ စောစီးစွာပိတ်လေ့ရှိပြီး ၊ အပန်းဖြေစရာ နေရာတွေ နဲ့ ကော်ဖီဆိုင်စားသောက်ဆိုင်တွေ နည်းပါးခြင်း စတာတွေကတော့ ဒီမြို့ကြီးရဲ့ ဆိုးကွက်တွေဖြစ်ပါတယ်။

လိုအပ်ချက်တွေရှိနေပမယ့် အာဖရိကရဲ့ နေချင်စဖွယ်အကောင်းဆုံးမြို့တွေစာရင်းမှာတော့ ဂျိုဟန်နက်စ်ဘတ်ဂ် Johannesburg မြို့ကြီး ဟာ အဆင့် ၄ နေရာကို ပိုင်ဆိုင်ထားပါတယ်။

ဒီတခါဝေမျှပေးခဲ့တာကတော့ အာဖရိကရဲ့ စီးပွားရေးအကောင်းဆုံး နဲ့ အချမ်းသာဆုံးမြို့ကြီးတမြို့ဖြစ်တဲ့ ဂျိုဟန်နက်စ်ဘတ်ဂ် မြို့ကြီးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း ကမ္ဘာတလွှားက အခြားအထင်ကရ မြို့ကြီးတွေရဲ့ အကြောင်းကို ဝေမျှသွားပါဦးမယ်။ နားဆင်သူ သုတဇုန် မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။