ရေးသားသူ – ရဲထက်လှိုင်
ခရစ်သက္ကရာဇ် ၁၀ ရာစု လောက်ကနေ ၂၀ ရာစု လောက်အထိ တရုတ်ပြည် အနံှ့အပြားမှာေ ရပန်းစားခဲ့တာကတော့ ခြေချောင်းလေးတွေကို ချိုးပြီး ခြေဖဝါးတွင်ကပ်ကာ ခြေထောက်ဖွံ့ဖြိုးမှု မရှိအောင် တင်းနေအောင် ကြပ်စည်းတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ တစ်ခုဖြစ်ပါတယ်။ သမီးမိန်းကလေး ၂ နှစ် အရွယ်ကနေ ၅ နှစ် အရွယ်အတွင်းမှာ ဒီရိုးရာကို စတင်စီမံတာမို့လို့ ခြေသေး မိန်းကလေးရဲ့ ခြေဖဝါး အရှည်ဟာ အရွယ်ရောက်ချိန်မှာ သုံးလက်မ ဝန်းကျင်လောက်သာ ရှိတယ်လို့ ဆိုပါတယ်။
ရှေးတရုတ်ပြည်ရဲ့ လူကုံတန် အထက်တန်းလွှာ အသိုင်းအဝိုင်း၊ အနုပညာရှင်များနဲ့ အလယ်အလတ်တန်းစား မိသားစု များမှာတော့ ထုံးစံအရ အနည်းလေးတော့ သမီးဦးများကို ဒီရိုးရာအစီအမံအတိုင်း မဖြစ်မနေ လုပ်ပေးကြလေ့ရှိပါတယ်။ ရှေးတရုတ် လူမျိုးများဟာ ခြေချောင်းရိုးလေးတွေချိုးပြီး ကြပ်စည်း ခံထားရတဲ့ မိန်းကလေးတွေရဲ့ ခြေထောက်သေးသေးလေးတွေကို အလှတရားတစ်ခု၊ ဂုဏ်ဒြပ်တစ်ခုအနေနဲ့ တန်ဖိုးထားလွန်းလို့ ကြာပန်းခြေထောက်ရယ်လို့ တင်းစာပြီးတော့တောင် ခေါ်ခဲ့ကြပါတယ်တဲ့။ ကြာပန်းခြေထောက် ပိုင်ရှင် အမျိုးသမီးများဟာ ဒုက္ခိိတ တစ်ပိုင်းဖြစ်နေတာကြောင့် အင်တိုက်အားတိုက် လုပ်ရမယ့် ပင်ပန်းတဲ့ အလုပ်မျိုးတွေ လုပ်ဖို့ မတတ်နိုင်ပါဘူး။ ဒါကိုကပဲ ပဒေသရာဇ်ခေတ် လူကုံတန် အသိုင်းအဝိုင်းမှာ “အလုပ်လုပ်ဖို့မလိုအောင် ပြည့်စုံတယ်” ဆိုတဲ့ သဘော ပေါ်လွင်တဲ့ ပကာသနဂုဏ်ဒြပ်တစ်မျိုး ဖြစ်ခဲ့ရပါတယ်။
ဒီရိုးရာ စတင်ဖြစ်ပေါ်လာပုံ ယုံတမ်းစကား အဆိုတစ်ခုက ဘာပြောသလဲဆိုတော့ ရှန်းဂ် မင်းဆက် ဘုရင်တစ်ပါးရဲ့ လွန်စွာမှမြတ်နိုးရသော မိဖုရားငယ် တစ်ပါးဟာ မွေးကတည်းက ခြေထောက်ကြီးထွားမှု မရှိတဲ့ မွေးရာပါ ဒုက္ခိတ တစ်ယောက်ပါတဲ့။
ဒီမိဖုရားငယ်ဟာ သူ့ရဲ့ သူများနဲ့မတူတဲ့ ဒုက္ခိတခြေထောက်တွေအတွက် သိမ်ငယ် မနေရအောင် တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ မိန်းကလေးတွေကို သူ့လိုခြေထောက်မျိုးရှိအောင် ကြပ်စည်းကာမှပဲ မိန်းကလေး တစ်ယောက်ရဲ့ ပြီးပြည့်စုံသော စံပြအလှဖြစ်တယ်ဆိုတဲ့ အမြင်ဖြစ်အောင် ပြည်သူကို ဦးဏှောက်ဆေးဖို့ ဘုရင်ကို တိုက်တွန်းခဲ့ရာက စခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။ ဒီအတိုင်းသာ တကယ်မှန်တယ် ဆိုရင်တော့ သူတည်း တစ်ယောက်ကောင်းမှုကြောင့်လို့ ဆိုရမလိုပါပဲ။
ကြာပန်းခြေထောက်ဖြစ်ဖို့အတွက် သမီးငယ်လေးများဟာ ပြေးလွှားခုန်ပေါက် ကစားတတ်တဲ့ ကလေးအရွယ်ကနေ မီးကောင်ပေါက် အရွယ်ဖြစ်တဲ့အထိ နှစ်ပေါင်းများစွာ ကယိကထ အလွန်များပြီး အင်မတန် ဂရုစိုက်ရတဲ့ အစီအမံနဲ့ နေကြရရှာပါတယ်။ အရိုးအချိုး ခံထားရတဲ့ ဒါဏ်ရာခြေထောက်ကို တတ်နိုင်သူ လူချမ်းသာများကတော့ နေ့စဉ်ပုံမှန် ဆေးဖက်ဝင်သစ်ဥ သစ်ဖု တိရိစ္ဆာန်သွေး စတာတွေနဲ့ မြင့်မြတ်တဲ့ ရိုးရာခပ်ဆန်ဆန် ဆေးကြောသန့်စင်ပေးတယ်လို့ ဆိုတယ်။
နေ့စဉ် အရိုးကျိုးဒါဏ်ရာကို ကလိနေသလိုလို အကြိမ်ကြိမ် အချိုးခံနေရသလိုလို မြင်မိတာကြောင့် နာကျင်မှုဝေဒနာ အတိုင်းအတာဘယ်လောက် ရှိမယ်ဆိုတာကို ခန့်မှန်းကြည့်မိပါတယ်။ ခြေသည်း ရှည်လာရင် ခြေချောင်းလေးတွေနဲ့ ကပ်လျက် အသားနုလိုဖြစ်နေတဲ့ ခြေဖဝါးကို ထိုးမိတဲ့အခါမှာ ပိုးဝင်ပြီး ဒါဏ်ရာကြီးတတ်တာကြောင့် ခြေသည်းခွံ တော်ရုံနဲ့ ပြန်မပေါက်ရလေအောင် ခွာပစ်ရတဲ့ သဘောမျိုးအထိ ခြေသည်းလှီးရတယ်လို့လည်း ဆိုတယ်။
ခြေချောင်းလေးတွေ တစ်ချောင်းနဲ့ တစ်ချောင်း ကပ်နေတဲ့ ကြားတွေရယ်၊ ခြေဖဝါးနဲ့ ကျိုးနေတဲ့ခြေချောင်းလေးတွေပြားကပ်နေ ကြားနေရာတွေကို ပုံမှန်ဆေးကြောသုတ်သင်ခြင်း မရှိပါက အနံ့အသက်များ မခံမရပ်န်ုင်အောင် ဆိုးဝါးတတ်တယ်လို့လည်း သိရပါတယ်။ အလည်အလတ် လူတန်းစားများမှာတော့ ခြေထောက်ကို တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက်သာ ဆေးကြော သုတ်သင်ခြင်းအမှုကို လုပ်နိုင်ကြတယ်လို့ ဆိုတယ်။
ဆင်းရဲသား နင်းပြား လူတန်းစားခမြာမှာတော့ ခြေသေးဖို့ အခွင့်အလမ်း မသာခဲ့ကြရှာလို့ သူတို့အရှင်သခင်မများရဲ့ ကြာပန်းခြေထောက်တွေကို ကြည့်ပြီး အားကျ အိပ်မက်မက်ကြ ရရှာပါသတဲ့။ ခြေထောက်သေးလွန်းလို့ ခြေဖျားထောက်သွားသလို ဟန်ချက်ထိန်းပြီး လှုပ်လီလှုပ်လဲ့သွားနေရတဲ့ အရွယ်ရောက်ပြီးမိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်ဟာ ရှေးတရုတ် ပုရိသတွေအတွက်တော့ အထူးရင်ခုန်စရာ ဖြစ်ရပါတယ်လို့ လဲသိရတယ်။
မန်ချူးမင်းဆက်လက်ထက်မှာ ဒီရိုးရာဓလေ့ထုံးတမ်းကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ တရုတ်ပြည်တနံ တလျားမှာ ဟတ်ခါးလို့ခေါ်တဲ့ တရုတ်တိုင်းရင်းသား လူမျိုးတစ်မျိုးကလွဲရင် ကျန်တဲ့ တရုတ်ပြည်ကြီးတစ်ခုလုံးမှာ ဒီကြာပန်းခြေထောက် ထုံးတမ်းအစဉ်အလာကို လက်မခံ မကျင့်သုံးတဲ့ အရပ်ဒေသရယ်လို့ သီးခြားဖော်ပြထားတာ မတွေ့ရပါဘူး။ ဟတ်ခါးဆိုတာ မြန်မာအခေါ် တရုတ် လက်တိုမျိုး ဆိုလိုတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် ထင်ပါတယ်။
ဒေါက်တာဆွန်ယက်ဆင်တို့ ပဒေသရာဇ်စံနစ်ကို အပြုတ်တိုက်ပြီး သမ္မတနိုင်ငံတည်ထောင်တဲ့ အချိန်လောက်ကနေ ကြာပန်းခြေထောက် ရိုးရာတဖြေးဖြေးချင်း ပျောက်ကွယ်ပြီး ယနေ့ခေတ်အချိန်မှာတော့ လွန်စွာရှေးကျတဲ့ ဒေသ အနည်းငယ်မှာ အသက် ၇၀ ကျော် ၈၀ အရွယ် ကြာပန်းခြေထောက်ပိုင်ရှင် အမျိုးသမီးကြီးများကို ကြိုကြား ကြိုကြားသာ တွေ့နိုင်ပါတော့တယ်တဲ့။
လူတစ်ယောက်ကို မွေးခါစ အရွယ်ကစလို့ ဘယ်သူနဲ့မှ မတွေ့စေပဲ ဘာဆိုဘာမှ မရှိအောင် ပြောင်သလင်းခါနေတဲ့ အခန်းငယ်တစ်ခန်းထဲမှာ နှစ်ပေါင်းသုံးဆယ်လောက် အလုံပိတ်ပြီး အသက်ဆက်ရှင်စေမယ် ဆိုရင် ဒီလူဟာ အလှတရားဆိုတာကို ဘယ်လို နားလည်ပြီး ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုမှာပါလိမ့်လို့ တွေးနေမိတော့တာပါပဲ။
ရဲထက်လှိုင်