မနေ့က ကမ္ဘာ့အကြီးဆုံးရေကန်(သို့) ရေအိုင်ကြီးတွေ အကြောင်းတင်တော့ အန္တာတိကတိုက်က ရေကန်ကလည်း အကြီးဆုံး ၂၀ စာရင်းထဲမှာ ပါဝင်နေတာကို သိရပါတယ်။ အန္တာတိကတိုက် တတိုက်လုံးနီးပါးဟာ ရေခဲပြင်ကြီးတွေပဲလို့ ကျွန်တော်တို့ အများစုသိထားကြပါတယ်။
ဒါဆိုရင် ရေကန်တွေက ဘယ်နေရာမှာ ရှိနေသလဲဆိုတော့ အဲဒီရေခဲပြင်ကြီးရဲ့အောက်မှာပါတဲ့။ ရေခဲအထူ ပေထောင်ချီရှိတဲ့ ဒီရေခဲပြင်ကြီးတွေရဲ့ အောက်မှာ ရေကန်ကြီးပေါင်း ရာနဲ့ချီ ရှိနေပါသတဲ့။ ဒီအထဲက အကြီးဆုံးရေကန်ကတော့ ဗော့စတော့ ဆိုတဲ့ ရေကန်ပါ။ ဒီတခါတော့ အန္တာတိကတိုက်ရဲ့ အကြီးဆုံးရေကန် ဗော့စတော့ ရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။
ဗော့စတော့ရေကန် ဟာ အန္တာတိကတိုက်မှာ ရှာဖွေတွေ့ရှိထားတဲ့ ရေကန်ပေါင်း ၄၀၀ ကျော်အနက်က အကြီးဆုံးရေကန်ကြီးဖြစ်ပါတယ်။
ဗော့စတော့ရေကန်ဟာ အန္တာတိကတိုက်ရဲ့တောင်ပိုင်း Pole of Cold ဆိုတဲ့နေရာမှာတည်ရှိပါတယ်။ ရေကန်ကြီးရဲ့အပေါ်ဘက်မှာတည်ရှိနေတဲ့ ရုရှား ဗော့စတော့ သုတေသနစခန်း ရဲ့အမည်အတိုင်းပဲ Vostok ဗော့စတော့ရေကန် လို့ အမည်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဗော့စတော့ဆိုတာက ရုရှားဘာသာစကားနဲ့ အရှေ့အရပ်လို့ အဓိပ္ပါယ်ရပါတယ်။
ဗော့စတော့ရေကန်ကြီးဟာ ရေခဲပြင်ကြီးရဲ့အောက်ဘက် ၁၃,၁၀၀ပေ ခန့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၀၀ ခန့်မှာ တည်ရှိနေတာဖြစ်ပါတယ်။
တိုင်းတာမှုတွေအရ ဒီရေကန်ကြီးရဲ့အလျားဟာ ၁၆၀ မိုင်ရှိပြီး အကျယ်က မိုင် ၃၀ခန့်ရှိကာ ဧရိယာအကျယ်အဝန်း အနေနဲ့ကတော့ ၄၈၃၀ စတုရန်းမိုင်ခန့်အထိ ရှိနေတယ်လို့ သိရပါတယ်။ ဒီအကျယ်အဝန်းကြောင့် ဗော့စတော့ရေကန်ကြီးဟာ ကမ္ဘာပေါ်က ရေကန်တွေအနက်မှာ ၁၇ခုမြောက် ဧရိယာအကြီးဆုံးဖြစ်လာခဲ့ပါတယ်။
ရေကန်ကြီးရဲ့ ပျမ်းမျှအနက်က ၁၄၁၇ပေဖြစ်ပြီး ခန့်မှန်းတွက်ချက်မှုတွေအရ ဒီရေကန်ကြီးမှာရှိတဲ့ ရေထုထည်ပမာဏဟာ ၁၃၀၀ ကုဗမိုင်ခန့် ရှိကာ ရေထုထည်အရဆိုရင်တော့ ကမ္ဘာ့ ၆ခုမြောက် အကြီးဆုံးရေကန်ကြီးဖြစ်နေပါတယ်။
အန္တာတိကတိုက်ရဲ့ ရေခဲပြင်ကြီးအောက်မှာ ရေကန်ကြီးတွေရှိနေနိုင်တယ်ဆိုတာကို ပထမဆုံး ခန့်မှန်းခဲ့သူကတော့ ရုရှားပထဝီပညာရှင် Andrey Kapitsa ဆိုသူဖြစ်ပါတယ်။ ဆိုဗီယက်တို့ရဲ့ အန္တာတိက စူးစမ်းလေ့လာ ရှာဖွေရေးခရီးစဉ် ၁၉၅၉ခုနှစ်-၁၉၆၄ခုနှစ် အတောအတွင်းမှာ seismic soundings နည်းပေါ်အခြေခံကာ တွက်ဆခဲ့တာဖြစ်ပါတယ်။
ဒီခန့်မှန်းမှုအပေါ်မှာ ရုရှား နဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တွေဟာ သုတေသနပြုမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပြီး ၁၉၉၃ ခုနှစ်မှာတော့ အထူးကိရိယာဖြစ်တဲ့ Synthetic Aperture Radar ကို တပ်ဆင်ထားတဲ့ ERS-1 laser ဂြိုဟ်တုကို အသုံးပြုခြင်းအားဖြင့် ရေခဲပြင်ကြီးအောက်မှာ ရေကန်တည်ရှိနေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ ရုရှားသိပ္ပံပညာရှင်တွေဟာ ရေခဲထု အနက်ပေ ၁၂,၄၀၀ ခန့်ကို ဖောက်ထွင်းပြီး အနက်ဆုံးရေခဲပြင်ဖောက်ထွင်းမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ရေကန်ကြီးရဲ့မျက်နှာပြင်အထိ ရောက်အောင် ဖောက်ထွင်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ မှာတော့ borehole အသစ်ကနေ ရေကန်ကြီးရဲ့ ရေနမူနာကို ရယူနိုင်ခဲ့ကြကာ လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။