အန္တာတိကတိုက်က မြို့ငယ်လေး

Posted on

သုတဇုန် မိတ်ဆွေအားလုံး မင်္ဂလာပါရှင် ။ လူတွေ အခြေချနေထိုင်ဖို့ ခက်ခဲတာကြောင့် အန္တာတိကတိုက်မှာ မြို့မရှိဘူးလို့ အများစုထင်ကောင်း ထင်မိကြမှာပါ။ ဒါပေမယ့် ထူးထူးခြားခြားမြို့ငယ်လေးတခုကတော့ အန္တာတိကတိုက်ရဲ့ပိုင်နက်ထဲမှာ ရှိနေပါတယ်။ ဒီတခါတော့ ဒီမြို့ကလေးရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေမျာထံ ဝေမျှပေးသွားပါမယ်။

ဒီမြို့ကလေးဟာ အန္တာတိကတိုက်မကြီးပေါ်မှာရှိတာမဟုတ်ပဲ အန္တာတိကတိုက်ကမ်းရိုးတန်းနဲ့ ၇၅မိုင်ကွာဝေးတဲ့ ကင်းဂျော့ချ် King George ကျွန်းပေါ်မှာတည်ရှိနေတာပါ။ ဒီနေရာကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဗြိတိသျှနယ်မြေသစ်ရှာဖွေသူတွေက တတိယမြောက်ဂျော့ဂျ်ဘုရင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကျွန်းအမည်ကို King George ကျွန်းဆိုပြီး ပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီကျွန်းပေါ်မှာ ချီလီနိုင်ငံကပိုင်ဆိုင်တဲ့ ဗီးလာလတ်စ်အက်စတဲယ Villa Las Estrellas လို့အမည်ရတဲ့ မြို့ငယ်လေးရှိနေပါတယ်။ နာမည်က စပိန်ဘာသာနဲ့ ခေါ်တာဖြစ်ပြီး အဓိပ္ပါယ်က The Stars Village ကြယ်တွေရဲ့ရွာ ဆိုပြီး ဖြစ်ပါတယ်။

မြို့လို့သာ အမည်တပ်ခေါ်ပေမယ့် တကယ်တော့ ကျေးရွာငယ်လေးတရွာ လို့သာ ဆိုရမှာပါ။ အကြောင်းကတော့ ဒီနေရာမှာ နေထိုင်သူဦးရေဟာ အလွန်နည်းပါးလို့ ဖြစ်ပါတယ်။ ချီလီအစိုးရဟာ ဒီနေရာကို အန္တာတိကချီလီနာ နယ်မြေအောက်မှာ ထည့်သွင်းသတ်မှတ်ထားပါတယ်။

ဒီနေရာဟာ ချီလီစစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းတတခုလည်းဖြစ်ပြီး ဒီနေရာမှာမှာ နေထိုင်သူဦးရေဟာ နွေအခါမှာ ၁၅၀ ခန့်ရှိတတ်ပြီး ရာသီဥတုလွန်ကဲပြင်းထန်တဲ့ ဆောင်းရာသီလိုအခါမျိုးမှာတော့ ၈၀ ခန့်ပဲ ရှိတတ်ပါတယ်။ နေထိုင်သူအများစုကတော့ လေတပ် နဲ့ သုတေသနဝန်ထမ်းတွေရဲ့ မိသားစုတွေဖြစ်ပါတယ်။

ဒီနေရာမှာ စာတိုက်တခုလည်းရှိနေပြီး စာတိုက်ဝန်ထမ်း ၁ယောက်သာ ရှိပါတယ်။ ချီလီတောင်ပိုင်းမြို့ ပူတာအဲရစ်နာ က စာတွေကို လက်ခံပြီး ဒီကနေတဆင့် အန္တာတိကတိုက်ပေါ်မှာရှိနေတဲ့ အခြားချီလီဌာနတွေ နဲ့ တခြားနိုင်ငံဌာနတွေကို စာတွေပေးပို့လေ့ရှိပါတယ်။ ဒီလိုပေးပို့ရာမှာတော့ လေယာဉ် (သို့) ရဟတ်ယာဉ်တွေနဲ့ သွားပို့ခြင်း ဖြစ်ပါတယ်။ စာတိုက်ဟာ ဒီနေရာကို အလည်လာတဲ့ ခရီးသွားတွေ မကြာခဏလာရောက်လေ့ရှိတဲ့နေရာဖြစ်ပြီး အန္တာတိက အမှတ်အသား ပိုစ့်စကတ်တွေကို ဒီကနေတဆင့် ပေးပို့နိုင်ပါတယ်။

ဒီရွာကလေးမှာ လူနေထိုင်တဲ့ အိမ်တွေအနေနဲ့ စုစုပေါင်း ၁၄ လုံးသာရှိပြီး တအိမ်ကို ၉၇၀ စတုရန်းပေခန့် ကျယ်ဝန်းပါတယ်။ ဒီနေရာမှာ နေထိုင်သူ မိသားစုဝင် ကလေးငယ်တွေအတွက်တည်း ၁တန်းကနေ ၈တန်းအထိ စာသင်ကျောင်းတကျောင်းရှိနေပြီ စာသင်မယ့်ဆရာကတော့ ၂ယောက်ရှိပါတယ်။ တက်ရောက်တဲ့ ကလေးငယ်အရေအတွက်က ၁၅ယောက်ခန့်ရှိပြီး စာကြည့်တိုက် ၁တိုက်လည်း ထားရှိပေးထားပါတယ်။ နံပါတ် ၂၉၁ အမည်ရတဲ့ ဒီစာကြည့်တိုက်ကနေ ဖတ်ချင်တဲ့ စာအုပ်တွေကို မှာယူလို့လည်း ရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက်တော့ ချီလီလေတပ်ဆေးရုံ တခုရှိနေပါတယ်။ ဆေးရုံလို့နာမည်တပ်ထားပေမယ့် ဆေးရုံသုံးကုတင် ၂ခု ၊ ဆရာဝန် ၁ယောက် နဲ့ သူနာပြု ၂ယောက်သာရှိတဲ့အတွက် ဆေးခန်းလို့ခေါ်မယ်ဆိုလည်း ခေါ်နိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေဆောင်ရွက်နိုင်ဖို့အတွက် အိတ်စ်ရေး ၊ ဓာတ်ခွဲခန်း ၊ ခွဲစိတ်ခန်း ၊ ဆေးဝါးတွေအပြင် အခြားလိုအပ်တဲ့ စက်တွေကို အပြည့်အစုံထားရှိပေးထားပါတယ်။

၂၀၁၈ မှာတော့ ဒီနေရာမှာ လာရောက်နေထိုင်မယ့်လူအားလုံး (ကလေးငယ်များအပါအဝင် ) ဒီနေရာကို မလာခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အူအတက်တွေကို ဖယ်ရှားခဲ့ရပါတယ်။ ကြီးမားတဲ့ခွဲစိတ်မှုတွေပြုလုပ်နိုင်ဖို့ အခြားအနီးဆုံးဆေးရုံဟာ ဒီနေရာကနေ အနည်းဆုံး မိုင် ၆၀၀ကျော် အကွာအဝေးမှာပဲ ရှိနေလို့ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘဏ်ဝန်ထမ်းတယောက်သာရှိတဲ့ Credit နဲ့ Investment ဘဏ်ခွဲတခုလည်း ရှိနေပြီး ခရစ်ယာန်ဘုရားကျောင်းတခုလည်း ရှိနေပါသေးတယ်။ ဆန်တာမာရီးယားရိန်းနား ဒဲလပါ လို့ခေါ်တဲ့ ဒီဘုရားကျောင်းဟာ ကတ်သလစ်ဘုရားကျောင်းဖြစ်ပြီး ဒီကိုအလည်လာတဲ့သူတိုင်း မရောက်မဖြစ်လာကြတဲ့ နေရာလည်းဖြစ်ပါတယ်။

ဒီရွာလေးမှာ ဧည့်သည် ၂၀ အထိ တည်းခိုနိုင်တဲ့ တည်းခိုခန်းတခုလည်း ရှိနေပြီး အမှတ်တရလက်ဆောင်ပစ္စည်းဆိုင် တဆိုင်လည်း ရှိနေပါသေးတယ်။

အားကစားရုံတခုလည်းရှိနေပြီး တင်းနစ် ၊ ကလေးဘောလုံးကွင်း ၊ ဘတ်စကတ်ဘော နဲ့ ဘောလီဘော ကစားနည်းတွေကို ကစားနိုင်သလို လေ့ကျင့်ခန်းစက်တွေ နဲ့ ချွေးထုတ်ခန်းတွေလည်း ရှိနေပြန်ပါတယ်။ ဒီနေရာမှာ ကစားနည်းတွေပြုလုပ်ကြသလို သိပ္ပံဆွေးနွေးပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။

ဆက်သွယ်ရေးအနေနဲ့ကတော့ ဂြိုဟ်တုဖုန်းတွေရှိနေပြီး အကြွေစေ့ (သို့) ကြိုသုံးကဒ်တွေနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ ဂြိုဟ်တုဖုန်းတွေအပြင် ၂၀၀၅ ခုနှစ်ကတည်းက ချီလီကုမ္ပဏီ အန်ထဲပီစီအက်စ် Entel PCS မှ တပ်ဆင်ပေးထားတဲ့ မိုဘိုင်းဖုန်းတွေလည်းရှိနေပါတယ်။

စာသင်ကျောင်းမှာတော့ အင်တာနက်ရတဲ့ ကွန်ပျူတာ ၃လုံး ရှိနေပါတယ်။ ဒါအပြင် ရေဒီယို နဲ့ ရုပ်မြင်သံကြားလိုင်းအချို့ကို ဒီနေရာမှာ စလောင်းတွေကတဆင့် ဖမ်းယူကာ နားထောင်ကြည့်ရှုနိုင်ပါတယ်။

အနီးဆုံးလေဆိပ်ကတော့ အန္တာတိကရဲ့တခုတည်းသောလေဆိပ်ဖြစ်တဲ့ တေနီယမ်းတေး အာ မာ့စ် လေဆိပ်ဖြစ်ပါတယ်။ ပုံမှန်ခရီးသွားလေကြောင်းလိုင်းတွေတော့မရှိပဲ တခါတရံ ချီလီလေကြောင်းလိုင်းက စီစဉ်တဲ့ လေယာဉ်စင်းလုံးငှား ခရီးစဉ်တွေပဲ ရှိနေပြီး တောင်အမေရိကန်တောင်ဘက်စွန်းပိုင်းမှာရှိတဲ့ ပူတာအဲရစ်နာမြို့ကို ပျံသန်းမှုတွေပြုလုပ်လေ့ရှိပါတယ်။ တပတ်ကို ၆ကြိမ်လောက်ပျံသန်းလေ့ရှိပြီး ဒီ၂နေရာရဲ့ အကွာအဝေးက မိုင်ပေါင်း ၇၀၀ကျော်တောင် ကွာဝေးပါတယ်။

အာန္တာတိကတိုက်အနီးမှာရှိတာကြောင့် ဒီရွာကလေးဟာ အမြဲတစေအေးခဲနေလေ့ရှိပြီး ရေခဲရွာကလေးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ နှစ်စဉ် ပျမ်းမျှအပူချိန်အနေနဲ့ အနှုတ် ၂.၃ဒီဂရီဆဲစီးယပ်စ်ရှိတတ်ပြီး အအေးဆုံးစံချိန်တင်အနေနဲ့ အနှုတ် ၂၈.၇ ဒီဂရီအထိတောင် ရှိခဲ့ဖူးပါတယ်။ ဒီလောက်အေးခဲလွန်းတာကြောင့် ဒီနေရာမှာ လူများများစားစား မနေနိုင်တဲ့အပြင် နေရောင်ကိုလည်း ကောင်းစွာမြင်ရလေ့မရှိပါဘူး။

ရေခဲပြင်သဘာဝကို နှစ်သက်တဲ့ ခရီးသည်တွေကတော့ နွေရာသီကာလမှာ ဒီကျွန်းပေါ်ကို လာရောက်လည်ပတ်လေ့ရှိပါတယ်။ ရေခဲပြင်တွေအပြင် ကောင်းကင်ပြင်က အလွန်လှပတဲ့ ဥတ္တရအလင်းတန်းတွေကိုကြည့်ရှုနိုင်တဲ့အပြင် ပင်ဂွင်းအုပ်တွေ ၊ Killer ဝေလငါးတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ဒါအပြင် ဒီကျွန်းပေါ်မှာပဲ ရေခဲပြင်ကားမောင်းတာတွေ ၊ ရေခဲပြင်စကိတ်စီးတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဧည့်သည်တွေ မလာတဲ့ ဆောင်းအခါမှာတော့ ဒီနေရာဟာ အေးခဲပြီး တိတ်ဆိတ်လွန်းတဲ့ အထီးကျန်နေရာ တခု ဖြစ်နေပါတော့တယ်။

ဒီလောက်ဆိုရင် အာန္တာတိကတိုက်မှာရှိနေတဲ့ မြို့ငယ်လေးရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေတွေ အတော်လေး သိသွားလောက်ပြီလို့ ထင်ပါတယ်။ ကမ္တာတလွှားက စိတ်ဝင်စားဖွယ်ရာ ဗဟုသုတအကြောင်းအရာတွေကို ဆက်လက်ဝေမျှသွားဦးမှာ ဖြစ်တဲ့အတွက် သုတဇုန် ယူကျူ့ချန်နယ်ကို Subscribe လုပ်သွားပေးကြပါဦးနော်။ နားဆင်သူ သုတဇုန် မိတ်ဆွေအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်