အမေရိကန် ကို အန်ကယ်ဆမ် လို့ခေါ်ရခြင်းအကြောင်း

Posted on

နိုင်ငံရေးသတင်းတွေ ဆောင်းပါးတွေ ကာတွန်းတွေမှာနဲ့ နိုင်ငံရေးနဲ့ နီးတဲ့သူများကတော့ အန်ကယ်ဆမ် အန်ကယ်ဆမ်(Uncle Sam) လို့ မကြာခဏသုံးလေ့ရှိပါတယ်။ နိုင်ငံရေးနဲ့ အကျွမ်းမဝင်တဲ့ ကျွန်တာ်တို့ အများစုကတော့ အန်ကယ်ဆမ်ဆိုတဲ့စကားလုံးကို ကြားဖူးပေမယ့် သေသေချာချာမသိကြပါဘူး။ အန်ကယ်ဆမ်ဆိုတာ ဘယ်သူလဲ ၊ သမ္မတလား ခေါင်းဆောင်လား ဘယ်သူ့ကိုခေါ်တာလဲ ဘာလို့ခေါ်တာလဲ သိချင်တဲ့ သုတဇုန် မိတ်ဆွေများအတွက် ဝေမျှလိုက်ပါတယ်။

Uncle Sam ဆိုတဲ့စကားလုံးဟာ အမေရိကန်စစ်ပွဲကာလအတွင်း ၁၈၁၂ခုနှစ်ခန့်က ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီတုန်းက အမေရိကန်စစ်တပ်အတွက် ဆားစိမ်အမဲသား ၊ ဝက်သားစတဲ့ စားသောက်ကုန်တွေကို Samuel Wilson ဆိုတဲ့အသားကုန်သည် တစ်ယောက်က ကန်ထရိုက်စာချုပ်နဲ့ တာဝန်ယူတင်သွင်းပါတယ်။

ဒီလိုသွင်းတဲ့အခါ အသားတွေကို စည်ပိုင်းတွေနဲ့ထည့်တယ် စည်ပိုင်းတွေပေါ်မှာ အမေရိကန်စစ်တပ်ကိုပို့မှာဖြစ်တာကြောင့် U.S လို့ရေးဖို့ Wilson က သူ့ဝန်ထမ်းတွေကို ခိုင်းခဲ့ပါတယ်။ United Sates ရဲ့ အတိုကောက် US စာလုံးဟာ အဲဒီတုန်းက သိပ်မတွင်ကျယ်သေးပါဘူး။ ဒါကြောင့် Wilson သွားပို့တဲ့အခါ စစ်သားတွေက U.S ရဲ့အဓိပ္ပါယ်ကိုမေးကြပါတယ်။ Wilson ကိုဦးလေးဆန် (Uncle Sam) လို့ခေါ်ကြပါတယ်။ အဲလိုမေးတော့ Wilson က နောက်တဲ့သဘောနဲ့ US ဆိုတာ Uncle Sam လေကွာ လို့ဖြေဖြေလွှတ်ပါတယ်။

Wilson ရဲ့အဖြေကို တချို့ကနောက်မှန်း သိပေမယ့် တချို့ကတော့ တကယ်ထင်သွားကြပါတယ်။ သိတဲ့သူတွေက မသိတဲ့သူတွေကို နောက်ရင်းနောက်ရင်း Uncle Sam ဆိုတဲ့စကားလုံးက တွင်ကျယ်သွားပါတယ်။ စစ်သားအချင်းချင်းလည်း US က Uncle Sam ဆိုတော့ ငါတို့က အန်ကယ်ဆမ်ရဲ့လူကလေးတွေ(Uncle Sam’s Boy) ပဲပေါ့လို့ နောက်ပြောင်ခေါ်ကြပါတယ်။

အဲဒီကစလို့ US လို့ နှိပ်ထားတဲ့ပစ္စည်းများ အမေရိကန်ရဲ့ပစ္စည်းများဟာ အန်ကယ်ဆမ်ရဲ့ပစ္စည်းများသာဖြစ်ကြောင်း သတင်းစာတွေကာတွန်းတွေမှာပါ နာမည်ပြောင်ပေးခံရတဲ့အထိ တွင်ကျယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီစကားလုံးဟာ အမေရိကန် သာမက အခြားနိုင်ငံတွေကိုပါပြန့်နှံ့သွားပြီး အခါအခွင့်သင့်တိုင်း အမေရိကန်နိုင်ငံ အစား အန်ကယ်ဆမ်လို့အစားထိုး သုံးကြပါတော့တယ်။ ဆိုရှယ်နက်ဝဘ်ပေါ်မှာလည်း မကြာခဏသုံးကြတာကို မြင်ဖူးကြမှာပါ။

မကြာခဏမြင်နေရတဲ့ I WANT YOU FOR U.S.ARMY စာသားပါတဲ့ အန်ကယ်ဆမ်ရဲ့ပုံ ကိုတော့ ကာတွန်းဆရာသောမတ်နက်စ်က ရေးဆွဲခဲ့ပြီး အမေရိကန်သမ္မတကြီးလင်ကွန်းနဲ့ ဆင်တူအောင် မုတ်ဆိတ်မွှေး ပသိုင်းမွှေးတွေထည့်သွင်းကာ ရေးဆွဲထားတာပဲဖြစ်ပါတယ်။ ဒါကြောင့် အန်ကယ်ဆမ် ဆိုတာ အမေရိကန်နိုင်ငံ ကို နောက်ပြောင်ခေါ်တဲ့နာမည်သာဖြစ်ပါကြောင်း…