အဲန်ရိကိုဖာမိ (၁၉၀၁ – ၁၉၅၄)။ ။အဏုမြူဓာတ်ပေါင်းဖို (သို့) အဏုမြူဓာတ်ပေါင်းအိုး ပထမဆုံး ပုံစံထုတ်သူ အဲန်ရိကိုဖာမိကို အီတလီ ရောမ မှာ ၁၉၀၁ ခုက မွေးတယ်။ တော်တော့်ကို စာတော်တဲ့ကျောင်းသားဖြစ်လို့ ရူပဗေဒပါရဂူ ဘွဲ့ကို အသက် ၂၁ နှစ်မပြည့်မီက ပိစ တက္ကသိုလ်က ရခဲ့ပါတယ်။ အသက် ၂၆ နှစ်မှာ ရောမတက္ကသိုလ် အချိန်ပြည့်ပါမောက္ခ ဖြစ်တယ်။ အဲဒီအခါမှာ သူက အရေးပါအရာရောက်တဲ့ စာတမ်းတစ်ခုကို ရေးသားဖြန့်ဝေပြီဖြစ်တယ်။ စာတမ်းက ရူပဗေဒဘာသာရဲ့ လက်စွဲဘာသာရပ် တစ်ခုဖြစ်တဲ့ ကွမ်တမ်စာရင်းအင်းပညာ ဖြစ်တယ်။ အဲဒီစာတမ်းမှာ ဖာမိ ကနေ ဖာမီရွန် ခေါ်တဲ့ အမှုန်ရဲ့သဘောသဘာဝကို စာရင်းလုပ်ကြည့်တဲ့အကြောင်းပါတယ်။
အီလက်ထရွန်၊ ပရိုတွန် နဲ့ နယူထရွန် ဆိုတဲ့ ‘အုတ်သုံးချပ်’ ဟာ ဖာမီရွန် ဖြစ်တယ်။ ဖာမိ ရဲ့ ညီမျှခြင်းကြောင့် ကျွန်တော်တို့ အဏုမြူ ရဲ့နျူကလိယပ်စ် ဖွဲ့စည်းပုံကို သိခွင့်ရပါတယ်။ ယိုယွင်းလိုက်တဲ့ ဝတ္ထုပစ္စည်းရဲ့ ဖြစ်တတ်ပုံကိုလည်း သိရတယ်။ သတ္တုတွေရဲ့ ဖွဲ့စည်းပုံနဲ့ပြောင်းလဲပုံကိုလည်း မြင်သာတယ်။ ဒါတွေအားလုံးဟာ လက်တွေ့မှာ အသုံးဝင်တဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ၁၉၃၂ မှာ ဗြိတိသျှ ရူပဗေဒဆရာ ဂျိမ်းစ်ချတ်ဝစ် က နယူထရွန် ဆိုတဲ့ အဏုမြူစိပ် အသစ်တစ်ခုကို တွေ့တယ်။
၁၉၃၄ ကစပြီး ဖာမိက နယူထရွန်နဲ့ သိဖူးသမျှ ဓာတုဒြပ်စင်တွေကို အပြင်းအထန် ဝေဖန်ပါတယ်။ သူက စမ်းသပ်ချက်တွေလုပ်ပြီး အဏုမြူ တွေမှာ နယူထရွန်ကို ငုံပြီးသားဖြစ်တယ်။ နျူကလိယပ်စ်ပုံပြောင်းရင် ရေဒီယိုသတ္တိကြွ တယ်။ နယူထရွန်က အဏုမြူနျူကလိယပ်စ်ကို ထိုးဖောက်ရာမှာ နယူထရွန်က အလျင်အမြန်လှုပ်ရှားနေရင် လွယ်တယ်လို့ ထင်ကြတယ်။ ဖာမိက မလွယ်ဘူးလို့ ပြောပါတယ်။ လွယ်စေချင်ရင် အလျင်အမြန်လှုပ်ရှားနေတဲ့ နယူထရွန်ကို ဖယောင်း/ရေ ကို ဖြတ်သွားစေမှ အရှိန်နှေးမယ်။ ဒီတော့မှ အဏုမြူထဲကို သွတ်သွင်းလို့လွယ်တယ်လို့ ဆိုပါတယ်။
ဖာမိရဲ့ တွေ့ရှိချက်ဟာ နျူကလိယပ်စ် ဓာတ်ပေါင်းအိုး တည်ဆောက်ရာမှာ ထည့်သွင်းသုံးစွဲရတဲ့အတွက် အများကြီးရာရောက်တဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။ ဓာတ်ပေါင်းအိုးမှာ နယူထရွန်ကို နှေးအောင်လုပ်တာကို အနှေးပြုပစ္စည်း လို့ ခေါ်ပါတယ်။ ၁၉၃၈ မှာ ဖာမိက နယူထရွန်ကို အလွတ်သွတ်သွင်းနိုင်အောင် သုတေသနပြုတဲ့အတွက် ရူပဗေဒနိုဘယ်လ်ဆု ပေးတယ်။ ဒီအတောအတွင်းမှာ အီတလီမှာ ဘေးအန္တရာယ် အများကြီးကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။
ဖာမိရဲ့ဇနီးက ဂျူးအနွယ်ဝင် ဖြစ်တယ်။ အီတလီအစိုးရက ပြင်းထန်တဲ့ ဆဲမိတစ်ဆန့်ကျင်ရေးဥပဒေတွေ ထုတ်ပြန်နေတယ်။ အဲဒီအတွက် ဖာမိ အိမ်ထောင်ရေးကို ထိခိုက်နိုင်တယ်။ ဒုတိယအခက်အခဲက ဖာမိက ဖက်ဆစ်ဆန့်ကျင်ရေးကို အပြင်းလုပ်တယ်။ အာဏာရှင် မူဆိုလီနီ လက်ထက်မှာ ဒီလိုသဘောရှိရင် ဒုက္ခကြီးကြီးကျယ်ကျယ် တွေ့နိုင်တယ်။ ဒီဇင်ဘာ ၁၉၃၈ မှာ နိုဘယ်လ်ဆုယူဖို့ စတော့ဟုမ်း ကို သွားရပြီးနောက် ဖာမိက အီတလီကို ပြန်မလာတော့ပါ။
နယူးရောက် ကိုသွားပြီး ကိုလမ်ဘီယာတက္ကသိုလ် ကလည်း ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်ကိုရလို့ ဝမ်းသာအားရနဲ့ အလုပ်ပေးပါတယ်။ ဖာမိက ၁၉၄၄ မှာ အမေရိက ပြည်ထောင်စုသား အဖြစ် ခံယူခဲ့ပါတယ်။ လိုက်စ်မေ့တ်တနာ ၊ သြတိုဟန်း နဲ့ ဖရစ်ဇ်စထရက်စ်မန် တို့က နယူထရွန်ကို ပေါင်းစပ်တဲ့အခါ တစ်ခါတစ်ရံ ယူရေနီယံအဏုမြူ ကို မျိုးပွားစေတယ်လို့ ပြောလိုက်တဲ့အခါ ဖာမိက (တခြားရူပဗေဒဆရာတွေလို) ချက်ချင်းသိလိုက်တာက မျိုးပွားတဲ့ယူရေနီယံအဏုမြူ ဟာ ဆက်တိုက်တုံ့ပြန်မှုတွေ ဖြစ်နိုင်တဲ့ နယူထရွန်တွေကို ပေါ်ပေါက်လာစေနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
အဲဒါအပြင် ဖာမိဟာ (တခြားဆရာတွေလိုပဲ) ဒီလိုဆက်တိုက်ပြန့်ပွားခြင်းကို စစ်ရေးစစ်ရာမှာ ယူနိုင်တယ်လို့ ကြိုတင်သိရှိလိုက်ပါတယ်။ မတ် ၁၉၃၉ မှာ ဖာမိနဲ့ အမေရိကပြည်ထောင်စုရေတပ်တို့ ဆက်သွယ်ပြီး အဏုမြူလက်နက်လုပ်ဖို့ ကြံစည်ကြပါတယ်။ အဲဒီနောက် လပေါင်းများစွာကုန်လွန်ပြီးမှ အယ်လဘတ် အိုင်စတိုင်း က သမ္မတရုစဗဲ့ ကို စာရေးပြီး အကြောင်းကြားမှ အမေရိကပြည်ထောင်စုအစိုးရက အဏုမြူအားကိစ္စမှာ စိတ်ပါဝင်စားလာပါတယ်။
အမေရိကန်အစိုးရ ပါလာတဲ့အခါရောက်မှ အလိုအလျောက် ဆက်တိုက်တုံ့ပြန်ချက်ဟာ တကယ်ဖြစ်နိုင်သလားဆိုတာကို သိပ္ပံပညာရှင်တွေက ရှေ့ပြေးအဏုမြူစုကြည့်ရပါတယ်။ အဲန်ရိကိုဖာမိက နယူထရွန်မှာ ကမ္ဘာ့ရှေ့ဆောင် အပိုင်နိုင်ဆုံးပညာရှင်ဖြစ်လေတော့ သူ့ကိုပဲ စာသဘောအသိနဲ့ လက်တွေ့ဟုတ်မဟုတ် စမ်းသပ်ချက်တွေကို ဆောင်ရွက်ဖို့ ကမ္ဘာ့ပထမဆုံး နျူကလိယပ်စ်ဓာတ်ပေါင်းအိုးကို လုပ်ခိုင်းတယ်။ သူက ပထမ ကိုလမ်ဘီယာတက္ကသိုလ်၊ နောက် ချီကာဂို တက္ကသိုလ်ကို ပြောင်းလာခဲ့တယ်။
ချီကာဂိုမှာ ၂ ဒီဇင်ဘာ ၁၉၄၂ မှာ ဖာမိ တီထွင်ဆောက်လုပ်တဲ့ ဓာတ်ပေါင်းဖိုဟာ အောင်မြင်စွာ စတင်အလုပ်လုပ်ပါတယ်။ အဲဒီရက်ဟာ လူသားတွေ နျူကလီးယား ဆက်တိုက်တုံ့ပြန်မှုကို ကောင်းကောင်းလုပ်တတ်လို့ အဏုမြူခေတ် စတဲ့ရက်ဖြစ်ပါတယ်။ စမ်းသပ်ချက် အောင်မြင်တဲ့အခါ (ချီကာဂို က) အရှေ့ဝါရှင်တန် ကို လျှို့ဝှက်စကား နိမိတ်ဖတ်စကားမျိုးနဲ့ “အီတလီသားရေတပ်ကလူဟာ ကမ္ဘာသစ်ကိုဝင်ခဲ့ပြီးပြီ” (သမ္မတနေတဲ့ အမေရိက အရှေ့ဘက်ကမ်းကို အမေရိကအလယ်ပိုင်းကနေပြီး) သတင်းပို့လိုက်ပါတယ်။ ဒီလိုစမ်းသပ်အောင်မြင်ပြီ ဆိုတော့ ရှေ့ဆက်ပြီး အလျင်အမြန်ဆောင်ရွက်ပါလို့ မန်ဟတ္တန်စီမံကိန်း ကို စတင်တယ်။
ဖာမိဟာ သိပ္ပံအကြံပေး ခေါင်းဆောင်အဖြစ်နဲ့ အရေးပါတဲ့နေရာက ဆက်လက်အမှုထမ်းရပါတယ်။ စစ်ပြီးတော့ ဖာမိကို ချီကာဂိုတက္ကသိုလ် မှာ ပါမောက္ခရာထူးနဲ့ ဆက်လက်ထမ်းရွက်စေပါတယ်။ ၁၉၅၄ မှာ ကွယ်လွန်သွားပါတယ်။ အိမ်ထောင်ရှိတယ်။ သားသမီး ၂ ယောက်။ ဓာတုဒြပ်စင် အမှတ် ၁၀၀ ဖာမိယမ် ဆိုတာ သူ့ကိုဂုဏ်ပြုမှည့်တဲ့ နာမည်ဖြစ်ပါတယ်။ ဖာမိဟာ အရေးပါတဲ့ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဖော်ထုတ်ပြောဆိုနိုင်တဲ့ အကြောင်းအချက် အများကြီးရှိပါတယ်။ ပထမဆုံးပြောစရာက သူဟာ ၂၀ ရာစုနှစ်ရဲ့ အဆင့်အမြင့်ဆုံး ထိပ်တန်းရှေ့ဆောင် သိပ္ပံပညာရှင်ဖြစ်တာကို ဘယ်သူမှာ မငြင်းနိုင်ပါ။ ဒီလိုပဲ သူဟာ အသိမှာရော လက်တွေ့မှာပါ ရှေ့ဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ သူ့အစွမ်းနည်းနည်းကလေးပဲ အခု ဒီစာအုပ်မှာ ဖော်ပြထားတာပဲ။ သူ့တစ်သက်မှာ သူ့စာတမ်းအားလုံး ၂၅၀ ကျော်ရှိတယ်။
ဒုတိယပြောစရာက ဖာမိဟာ အဏုမြူဗုံးထုတ်လုပ်ရေးမှာ တခြားသူတွေ အရေးပါသလို သူလည်း သိပ်အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ ဖာမိရဲ့ အရေးပါပုံကို အချုပ်ပြောရရင် နျူကလီးယားဓာတ်ပေါင်းဖို ကို တီထွင်တာပဲဖြစ်တယ်။ အဲဒါလည်း ရှင်းပါတယ်။ သူက ပထမအတွေးရှင်းရတယ်။ နောက်အတွေးကို ဖော်ထုတ်ဖို့ ပုံဆွဲရတယ်။ အဲဒါကြောင့် ဖာမိကို ထိပ်ဆုံးနေရာမှာထားပြီး ဂုဏ်ပြုထိုက်တယ်။ အဲဒါကို ဘယ်သူမှမငြင်းနိုင်ပါ။ အခြေခံသဘောတရားကို သူက စတင်ဖော်ထုတ်တယ်။ ပထမဓာတ်ပေါင်းအိုးက သူက ပုံထုတ်၊ သူက တည်ဆောက်တဲ့အခါ အုပ်ချုပ်ညွှန်ကြားလုပ်ခဲ့တယ်။ ၁၉၄၅ ကစပြီး အဏုမြူလက်နက်ကို ဘယ်သူမှ စစ်တိုက်ခိုက်ရေးမှာ မသုံးပါ။ ဒါပေမဲ့ အခုအခါ ငြိမ်းအေးတဲ့အမှုကိစ္စတွေအတွက် အသုံးချဖို့ပစ္စည်း ထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတ်ပေါင်းအိုးတွေ အများကြီးရှိနေပါပြီ။
ရှေ့အဖို့ ဒီဓာတ်ပေါင်းအိုးက ထွက်တဲ့ပစ္စည်းတွေကိုသာ စွမ်းအင်အဖြစ် အားကိုကြရမှာ ဖြစ်ပါတယ်။ တချို့ဓာတ်ပေါင်းအိုးမှာ ရေဒီယိုအိုင်ဆိုတုပ် နဲ့ (ရောဂါမျိုးစုံကုသရန်) ဆေး၊ သိပ္ပံပညာ သုတေသနစမ်းသပ်ချက်ဆိုတာတွေ လုပ်နေတယ်။ ဒီဓာတ်ပေါင်းအိုးမှာပဲ လန့်စရာကောင်းလိုက်ပုံက အဏုမြူလက်နက်ထုတ်တဲ့အခါ မပါမဖြစ်တဲ့ ပလူတိုနီယမ် ကို ထုတ်ပေးနိုင်တယ်။ ကြောက်မယ်ဆိုလည်း ကြောက်စရာဖြစ်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းအိုးဟာ လူသားအားလုံးကို အကြီးအကျယ်ဒုက္ခပေးနိုင်တယ်။ ဒီလိုဆိုရင် ဒါကိုတီထွင်ပေးတဲ့သူရဲ့ ဉာဏ်ပညာရဲ့အစွမ်းကို သာမညသဘောမထားထိုက်ပါ။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဖာမိရဲ့အလုပ်ဟာ ကမ္ဘာမှာ ရှေ့နှစ်ပေါင်းအကြာကြီးမှာ သြဇာသက်ရောက်ချက် (အကျိုးအပြစ်အနေနဲ့) အများကြီးပေါ်ပေါက်နိုင်ပါသေးတယ်။
ဒေါက်တာသန်းထွန်း- ကျော်စွာ ၁၀၀
စာရိုက်တင်ပေးသူ – A Lin Khit Library