အဇာဘိုင်ဂျန်နိုင်ငံ၏ တရားဝင်အမည်မှာ အဇာဘိုင်ဂျန် သမ္မတနိုင်ငံဖြစ်သည်။ ယူရေးရှား ဒေသတွင် အကြီးဆုံးတိုင်းပြည်ဖြစ်သည်။ အရှေ့ဥရောပ နှင့် အနောက်တောင်အာရှကြား တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ကက်စဘီယန်ပင်လယ်၊ မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ဂျော်ဂျီယာနိုင်ငံ၊ အနောက်ဘက်တွင် အာမေးနီးယားနိုင်ငံ၊ တောင်ဘက်တွင် အီရန်နိုင်ငံ ၊ အနောက်မြောက်တွင် တူရကီနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။
နိုင်ငံအကျယ်အဝန်းမှာ စတုရန်းမိုင် ၃၃၄၀၀ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၁၁၁ခု မြောက် အကျယ်ဆုံးနိုင်ငံ ဖြစ်သည်။ ၂၀၁၈ခုနှစ် စာရင်းအရ လူဦးရေ ၉.၉သန်းရှိသည်။ မြို့တော်မှာ ဗာကူး(Baku) ဖြစ်ပြီး လူဦးရေ ၂.၃သန်းခန့်နေထိုင်သည်။ ယခင်ဆိုဗီယက်ပြည်ထောင်စု တွင် ပဉ္စမအကြီးဆုံးမြို့လည်း ဖြစ်သည်။ ကက်စဘီယန် ပင်လယ်၏ ဆိပ်ကမ်းမြို့ကြီးလည်းဖြစ်၍ အက်ရှီရွန် ကျွန်းဆွယ်၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိလေသည်။ ဗားကူးမြို့၏ ပတ်ဝန်းကျင်ဒေသသည် ရွှံ့မီးတောင်များ လည်း ပေါများသည်။ ရေနံများ အလွယ်တကူရရှိသော ရေနံ မြေများလည်း ဖြစ်သည်။ အချို့နေရာများတွင် အသာအယာ တွင်းတူးရုံနှင့် ရေနံများ လျှံထွက်တတ်သည်။ ဗားကူးမြို့ ပတ်ဝန်းကျင်မှ ထွက်သော ရေနံသည် ယခင်ဆိုဗီယက်ပြည်ထောင်စု တွင် ရေနံ အထွက်၏ ၇၅ ရာခိုင် နှုန်းခန့် ဖြစ်သည်။
ဗားကူးမြို့၏ အရှေဘက်တွင် ရေနံချက်စက်ရုံကြီးများ ရှိသည်။ ရေနံချက်လုပ်ငန်းအပြင်၊ ဆေးရွက်လုပ်ငန်း၊ ဂျုံမှုန့်လုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းများလည်း ရှိလေသည်။ အခြားလူဦးရေ ၁သိန်းအထက် နေထိုင်သည့် မြို့ကြီးများမှာ ဂန်ဂျာ ၊ ဆမ်ဂါယက် ၊ မင်ဂါချီဗာ တို့ဖြစ်ကြသည်။ ရုံးသုံးဘာသာစကားမှာ အဇာဘိုင်ဂျန်ဘာသာစကားဖြစ်သည်။ မြေအောက် သဘာဝဓာတ်ငွေများကြောင့် နှစ်ပေါင်းများစွာ အဆက်မပြတ်တောက်လောင်နေသည့် မီးလောင်မြေများ ရှိသည့်အပြင် လွန်ခဲ့သောနှစ်ထောင်ချီက မီး ကို ကိုးကွယ်သူများ နေထိုင်ခဲ့ရာ အဇာဘိုင်ဂျန်ကို မီးများရဲ့မြေ ဟုလည်းခေါ်လေ့ရှိသည်။
အာမေးနီးယားလူမျိုး အများစုနေထိုင်ရာဒေသဖြစ်သော နာဂိုမို-ကရာဘက်ဒေသသည် အဇာဘိုင်ဂျန်လက်အောက်မှ လွတ်မြောက်ကြောင်း ၁၉၉၁ တွင် လွတ်လပ်ရေးကြေညာခဲ့သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှအသိအမှတ်မပြုပဲ ယခုထက်တိုင် အဇာဘိုင်ဂျန်နိုင်ငံ၏ ဒေသတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားကြဆဲဖြစ်သည်။ ထိုဒေသတွင် အာမေးနီးယားစစ်တပ်က သိမ်းပိုက်ထားလျှက်ရှိသည်။ တာ့ကစ် (Turkic) လူမျိုး ရှီယာမူဆလင်များ အများစုနေထိုင်ရာ အဇာဘိုင်ဂျန်သည် သမိုင်းယဉ်ကျေးမှုအမွေအနှစ်များလည်း များစွာရှိသည်။
ကမ္ဘာ့နိုင်ငံပေါင်း (၁၅၈)ခုနှင့် သံသမန်အဆက်အသွယ်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၃၈)ခုတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အဇာဘိုင်ဂျန်သည် GUAM (Organization for Democracy and Economic Development) အဖွဲ့နှင့် Organisation for the Prohibition of Chemical Weapons အဖွဲ့တို့၏ စတင်တည်ထောင်သော နိုင်ငံများထဲတွင် တစ်ခုဖြစ်သည်။ ၁၉၉၃၊ စက်တင်ဘာလတွင် လွတ်လပ်သောနိုင်ငံများဓနသဟာယအဖွဲ့ တွင် အဖွဲ့ဝင်ဖြစ်လာသည်။
သမိုင်း
အဇာဘိုင်ဂျန်နိုင်ငံသည် ရှေးခေတ်က ဆီသီယန်လူမျိုးတို့ နေထိုင်ရာဒေသဖြစ်၍ ရောမနိုင်ငံတော် လက်အောက်ခံ ဖြစ်ခဲ့သည်။ အလယ်ခေတ် ၁၁ ရာစုနှစ်တွင် တူရကီလူမျိုးတို့က ချင်းနင်းဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ၁၇ ရာစုနှစ်တွင်ကား ပါရှန်းလူမျိုးတို့၏ လက်အောက်သို့ ရောက်ခဲ့သည်။ ခရစ် ၁၈ဝ၆ ခုနှစ်၊ ၁၈၁၃ ခုနှစ်များတွင် အဇာဘိုင်ဂျန်နယ်အတော် များများကို ရုရှားတို့က သိမ်းပိုက်ထားခဲ့သည်။ ပထမ ကမ္ဘာစစ်ပွဲတွင် စစ်မြေပြင်ဖြစ်ခဲ့သည်။
၁၉၁၈ ခုနှစ်သို့ ရောက် သောအခါ တာတာလူမျိုးတို့၏ အမျိုးသားကောင်စီ (ဝါ) တိုင်းပြည်ပြု လွှတ်တော်က (ပါရှားနိုင်ငံတွင်းရှိ အဇာဘိုင်ဂျန်နယ် အပါအဝင်) အဇာဘိုင်ဂျန်နယ် တစ်ခုလုံး၏ လွတ်လပ်ရေးကို ကြေငြာကာ သမ္မတနိုင်ငံ ထူထောင်ခဲ့လေသည်။ ၁၉၂ဝ ပြည့် နှစ်တွင် တူရကီမျိုးချစ်တပ်များနှင့် ဆိုဗီယက်တပ်များက ချင်းနင်းဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ထို ၁၉၂ဝ ပြည့်နှစ်တွင် အဇာဘိုင်ဂျန်နယ်ကို ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံအဖြစ် ကြေငြာခဲ့ပြီးသည့်နောက် ၁၉၂၂ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံ၊ အာမေးနီးယားနိုင်ငံတို့နှင့် ပူးပေါင်၍ ထရန်စကော်ကေးရှန် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် တည် ထောင်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှစ၍ ဆိုဗီယက် ပြည်ထောင်စု သမ္မတနိုင်ငံတွင် ပါဝင်သည့် နိုင်ငံတစ်ခု အဖြစ်ဖြင့် သီးခြားတည်ရှိခဲ့လေသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်တွင် သီးခြားနိုင်ငံ တစ်ခု အဖြစ် ရပ်တည်ခဲ့လေသည်။
အဇာဘိုင်ဂျန်နိုင်ငံသည် ကမ္ဘာပေါ်ရှိ ရေနံ အများဆုံးထွက်သည့်နိုင်ငံများတွင် အပါအဝင် တစ်ခု ဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံသည် တောင်ထူထပ်၍ ကော်ကေးဆပ်တောင်တန်း၏ တောင်ဘက်စောင်းတွင် ရှိသည်။ မြောက်ဘက်နှင့်အနောက်ဘက်တွင် တောင်များ ဝိုင်းရံလျက်ရှိ၍ အလယ်တွင် လွင်ပြင်ရှိသည်။ ကူရားမြစ်သည် ထိုလွင်ပြင်ကို ဖြတ်၍ အရှေ့ဘက် ကက်စပီယံပင်လယ်ထဲသို့ စီးဝင်သွားသည်။ အဇာဘိုင်ဂျန်နိုင်ငံ အနိမ့်ပိုင်းတွင် များသောအားဖြင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်။ အထူးသဖြင့် ကူရားမြစ်မှ ရေသွင်းစိုက်ပျိုးခြင်း ဖြစ်ရာ ကောက်နှံ၊ဝါ၊ စပျစ်သီး၊ အခြား သစ်သီးများ၊ ဆေးပင်များကို စိုက်ပျိုးလုပ်ကိုင်ကြသည်။
အဇာဘိုင်ဂျန်နိုင်ငံသည် သဘာဝပင်ရင်း အခြေအမြစ်များဖြင့် လည်း ပေါကြွယ်ဝသည်။ ရေနံ၊ သံ၊ အလျူမီနီယမ်၊ ကြေးနီ၊ ခဲ၊ သွပ်၊ ထုံးကျောက်၊ ဆားစသည်တို့ အများအပြားထွက် သည်။ သို့သော် အကြီးအကျယ်ဆုံး လုပ်ငန်းကား ရေနံ လုပ်ငန်းဖြစ်သည်။ အထူးသဖြင့် ဗားကူးဒေသတွင် ရေနံ လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်သည်။ ကက်စပီယံပင်လယ် အနောက်ဘက်ကမ်းရှိ ဗားကူးမြို့၏ တောင်ဘက်နှင့် မြောက်ဘက်ဒေသများတွင် အကြီးဆုံးသော ရေနံချက်စက်ရုံများရှိသည်။ ၁၉၆၉ ခုနှစ်တွင် ရေနံတန်ချိန် သန်းပေါင်း ၂ဝ. ၄ ထွက်ခဲ့သည်။ အဇာဘိုင်ဂျန်နိုင်ငံသား တစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ ၁၇၃၉၈ဒေါ်လာ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၇၂နိုင်ငံမြောက် အချမ်းသာဆုံးနိုင်ငံ ဖြစ်သည်။
အဇာဘိုင်ဂျန်နိုင်ငံ၏အကြီးဆုံးမြစ်မှာ ကူရားမြစ်ဖြစ်၍ မိုင် ပေါင်း ၃၇၅ မိုင်ထိ မီးသင်္ဘောများဖြင့် ကူးသန်းသွားလာနိုင် သည်။ ကူရားမြစ်ပေါ်တွင် ဆောက်လုပ်ထားသော ရေအား လျှပ်စစ်ဓာတ်အားရုံကြီးသည် ၁၉၄၅ ခုနှစ်က ပြီးစီးခဲ့ရာ ယင်း ကြောင့် အလုပ်အကိုင်များ များစွာ တွင်ကျယ်လျက် ရှိသည်။ ယခုအခါ ကူးရားမြစ်ပေါ်တွင် အလွန်အားကောင်းသော လျှပ်စစ် ရေစုတ်စက်များ ဆောက်လုပ်လျက်ရှိရာ ပြီးစီးပါက လယ်ဧကထောင်ပေါင်းများစွာကို ရေသွင်း၍ စိုက်ပျိုးလုပ်ကိုင် နိုင်လာမည် ဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံတွင် မီးရထားသံလမ်း အကျဉ်းများအပြင် သံလမ်း အကျယ်မိုင်ပေါင်း ၉၅ဝ မျှရှိ သည်။
ဆိုဗီယက်ရုရှားနိုင်ငံ၏ ပထမဆုံး လျှပ်စစ် မီးရထားကို ၁၉၂၄ ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံတွင် တည်ဆောက်ခဲ့သည်။အဇာဘိုင်ဂျန်နိုင်ငံ၏ လူဦးရေ ငါးပုံသုံးပုံမှာ အဇာဘိုင်ဂျန် တူရကီလူမျိုးများဖြစ်၍၊ ကျန်လူဦးရေမှာ အာမီးနီးယန်း၊ ဂျော ဂျီးယန်းနှင့်ရုရှာလူမျိုးများ ဖြစ်ကြသည်။ မူလတန်း၊ အလယ် တန်းနှင့် အထက်တန်း ကျောင်းပေါင်း မြောက်မြားစွာ ရှိသည့် ပြင် စက်မှုအတတ်သင် ကောလိပ်ကျောင်းပေါင်း ၇၉ ကျောင်း ရှိသည်။ ဗားကူးတက္ကသိုလ်ကျောင်းနှင့် ဆေးသိပ္ပံကျောင်းတွင် ကျောင်းသားပေါင်း ၃ဝဝဝ ကျော်ရှိသည်။ အဇာဘိုင်ဂျန် သိပ္ပံ ပညာတံခွန်ကျောင်းတွင် သုတေသနအဖွဲ့ ပေါင်း ၂၅ ဖွဲ့ရှိ၍ သုတေသီပုဂ္ဂိုလ်ပေါင်း ၅၅ဝခန့် ရှိသည်။ ဗာကူးရှိ တံတိုင်းမြို့တော် နှင့် Gobustan ကျောက်ဆောင်တို့မှာ အဇာဘိုင်ဂျန်နိုင်ငံ၏ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာများ ဖြစ်ကြသည်။
VIDEO
Myanmar Wikipedia