နိုင်ငံသေးသော်လည်း လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးက အစ္စရေးဟု အမည်ကြားရုံဖြင့် ရှိန်ကြရသည်။ သို့သော် ဂျူးလူမျိုးတို့သည် နှစ်ပေါင်း ၂၀၀၀ကျော် နိုင်ငံမဲ့ဘဝဖြင့် အခြားတိုင်းပြည်များတွင် သိမ်ငယ်စွာနေခဲ့ကြရသည်။ လက်ရှိအစ္စရေးနိုင်ငံဟူ၍ ဖြစ်ပေါ်လာအောင် အဓိကစွမ်းဆောင်ခဲ့သူများထဲမှ အထင်ကရပုဂ္ဂိုလ်ကြီးတစ်ဦးမှာ ဘင်ဂူရီယံဖြစ်သည်။
ဒေးဗစ်ဘင်ဂူရီယံအား အစ္စရေးနိုင်ငံ၏ ဂျော့ဘ်ဝါရှင်တန်ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝါရှင်တန်ကဲ့သို့ သူ့နိုင်ငံလွတ်လပ်ရေးအတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့ပြီး အစ္စရေးနိုင်ငံဟူ၍ ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့်ပင်။ သူ့အားအစ္စရေးနိုင်ငံ၏ ဖခင်ကြီးဟုလည်းခေါ်ကြသည်။
ဘင်ဂူရီယံကို ၁၈၈၆ခုနှစ်က ပိုလန်နိုင်ငံ Płońsk မြို့တွင်မွေးဖွားခဲ့သည်။ အဲဒီအချိန်က ပိုလန်သည် ရုရှားနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ သူ၏ဖခင် Avigdor Grün သည် ရှေ့နေတစ်ယောက်ဖြစ်ပြီး ဇီယွန်လှုပ်ရှားမှုဦးဆောင်သူတစ်ယောက်လည်းဖြစ်သည်။ ဇီယွန်နိုင်ငံတော်ပြန်လည်တည်ထောင်ရေး ရည်မှန်းချက်မှာ နှစ်ပေါင်းထောင်ချီရှိခဲ့ပြီဖြစ်သော ဂျူးဘာသာရေးအတွေးအခေါ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
ဘင်ဂူရီယံတွင် ဖခင်ဖြစ်သူ၏သွေးပါကာ ငယ်စဉ်ကတည်းက မျိုးချစ်စိတ်ပြင်းထန်ခဲ့သည်။ အသက် ၁၄နှစ်အရွယ်မှာပင် သူငယ်ချင်းနှစ်ယောက်နှင့်အတူ Ezra ဟူသော အဖွဲ့လေးကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့လေး၏ အဓိကရည်ရွယ်ချက် မှာ ဟီးဘရူးစာသင်ကြားရေး နှင့် Holly land(ယခုအစ္စရေးနယ်မြေ) သို့ ဂျူးများပြန်လည်ခြေချခွင့်ရရေး ကို လှုံဆော်ခြင်းဖြစ်သည်။
၁၉၀၅ ခုနှစ်တွင် ပိုလန်ဝါဆော တက္ကသိုလ်တွင်ပညာသင်ကြားခဲ့သည်။ အဲဒီနောက်ဂျူးအလုပ်သမားအဖွဲ့လွတ်လပ်ရေးပါတီကို ဆက်သွယ်ဝင်ရောက်ခဲ့သည်။ ရုရှားခေတ်ပြောင်းတော်လှန်ရေးထဲတွင် နှစ်ကြိမ်တိုင် အဖမ်းခံခဲ့ရသည်။ နောက်တစ်နှစ် ဘင်ဂူရီယံသည် သူ အသက်၂၀အရွယ် ၁၉၀၆ခုနှစ်တွင် ပိုလန်နိုင်ငံမှ ပါလက်စတိုင်းသို့ ရွှေ့ပြောင်းလာခဲ့သည်။
အစ္စရေးတွင် အလုပ်သမားလှုပ်ရှားမှုခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်။ သူ၏ မူလအမည်မှာ ဂလူနင်ဖြစ်သည် သို့သော် ထိုနာမည်ကို ရှေးဟီးဘရူး အမည်တစ်ခုဖြစ်သော ဘင်ဂူရီယံ သို့ပြောင်းလဲခဲ့သည်။ ထိုစဉ်ကပါလက်စတိုင်းတွင် ဂျူးလူမျိုး လူဦးရေ ၅၅၀၀၀ ခန့်ရှိနေပြီဖြစ်သည်။
ထိုအချိန်က ပါလက်စတိုင်းမှာ တူရကီအိုတိုမန်အင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူသည် ဂျူးများလွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံလှုပ်ရှားခဲ့သည်။ တူရကီ အစ္စတန်ဘူရ်တက္ကသိုလ်တွင်လည်း တက်ရောက်ခဲ့သေးသည်။ ဘင်ဂူရီယံအား ဒုက္ခပေးသူတစ်ယောက်အဖြစ် တူရကီတွေက နှင်ထုတ်လိုက်၏။ သူအမေရိကန်ပြည်ထောင်စုသို့ သွားပြီး ဂျူးတပ်ဖွဲ့(Jew Legion) သို့ဝင်သည်။ ဂျူးတပ်ဖွဲ့မှာ ပထမကမ္ဘာစစ်တုန်းက ပါလက်စတိုင်းဒေသရှိ ဗြိတိသျှစစ်တပ်တွင် ပါဝင်တိုက်ခိုက်ခဲ့သော ဗော်လံတီယာတစ်ခုမျှသာဖြစ်သည်။
စစ်ပြီးသောအခါ ပါလက်စတိုင်းသည် ဗြိတိသျှအုပ်ချုပ်ရေးအောက်သို့ ရောက်ရှိလာခဲ့သည်။ ကမ္ဘာစစ်တွေအကြားတွင် ဘင်ဂူရီယံသည် ပါလက်စတိုင်းဂျူးအလုပ်သမားအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။ ဂျူးအခြေချနေထိုင်သူများအား အာရပ်တွေ၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ရန်သူစည်းရုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုများနောက်တွင် ဗြိတိသျှစစ်တပ်နှင့် ပါလက်စတိုင်းအာရပ်တွေ နှစ်ခုစလုံးကို ဆန့်ကျင်သော ဂျူးအကြမ်းဖက်လှုပ်ရှားမှုတွေ တိုးပွားလာခဲ့သည်။
ဥရောပဂျူးများက ပါလက်စတိုင်းသို့ ဝင်လာလိုသည်။ သို့သော်ခွင့်မပြုချေ။ ထိုအခါဘင်ဂူရီယံသည် ထိုဒေသ၌လွတ်လပ်သောဂျူးနိုင်ငံ ပေါ်ထွန်းလာရေးအတွက် ဇီယွန်လှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။ ၁၉၄၇ခုနှစ်တွင် ကုလသမဂ္ဂက ပါလက်စတိုင်းကို ဂျူးနှင့်အာရပ်နယ်မြေ နှစ်ပိုင်းခွဲရန်ဆုံးဖြတ်လိုက်သည်။
၁၉၄၈ခုနှစ်တွင် ဘင်ဂူရီယံသည် အစ္စရေး၏ လွတ်လပ်ရေးကြေညာစာတမ်းကို ဂုဏ်ယူစွာဖတ်ပြသည်။ သူပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သူ၏ အိမ်နီးချင်း အာရပ်နိုင်ငံများက အစ္စရေးနိုင်ငံသစ်အား အဘက်ဘက်မှဝိုင်းဝန်းတိုက်ခိုက်မှုများကို ကြံ့ကြံ့ခိုင်ကာ အောင်မြင်အောင် ဦးဆောင်ကာကွယ်ခဲ့သည်။
ဘင်ဂူရီယံသည် အစ္စရေးနိုင်ငံ၏ စောစောပိုင်းနှစ်တွေအတွင်း လမ်းညွှန်ပဲ့ကိုင်ပေးခဲ့သည်။ စစ်ရေး နိုင်ငံရေး စီးပွားရေးတို့တွင် ပြတ်ပြတ်သားသား ဦးဆောင်ပြခဲ့သည်။ ဂျူးတစ်သန်းကျော်သည် အစ္စရေးနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာချိန်ကဖြစ်သည်။ သူသည် အစ္စရေးနိုင်ငံ၏ ဟာဇာကင် ဟုခေါ်သော ဖခင်ဖြစ်လာသည်။ ဟာဇာကင် မှာ အဘိုးကြီးဟူ၍ အဓိပ္ပါယ်ရသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်တွေက အဘိုးကြီးဟုခေါ်ကြရာမှာ ဒီနာမည်ရလာခြင်းဖြစ်သည်။
၁၉၅၃ခုနှစ်တွင် သူအနားယူခဲ့သည်။ သူအလွန်ပင်ပန်းနေပြီဖြစ်သော်လည်း ၁၉၅၅ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည်အမှုထမ်းရန် မေတ္တာရပ်ခံကြသဖြင့် ၁၉၆၃ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ကို ထပ်ယူခဲ့ရသည်။ ဘင်ဂူရီယံ သည် ပေါ်လာဘင်ဂူရီယံ နှင့်အတူ သားသမီး ၃ယောက်ရရှိခဲ့သည်။ မသေမီအချိန်အထိ နိုင်ငံရေးအတွက် ကြိုးပမ်းသွားခဲ့သော ဘင်ဂူရီယံသည် ၁၉၇၃ခုနှစ် ဒီဇင်ဘာ ၁ရက် (အသက် ၈၇နှစ်) တွင် အစ္စရေးနိုင်ငံ Ramat Gan မြို့၌ ကွယ်လွန်ခဲ့လေသည်။
ရဲရင့်ခြင်းဆိုသည်မှာ ကြောက်ရွံ့သင့်သည့် အရာကို မည်သို့ ကြောက်ရွံ့ရမည်နှင့်
မကြောက်ရွံ့သင့်သည့်အရာကို မည်သို့ မကြောက်ရွံ့ရမည်ကို
သင်ပြသော အသိပညာဖြစ်သည်။
#ဒေးဗစ်ဘင်ဂူရီယန်
စိတ်ဝင်စားဖို့ကောင်းတဲ့ ဘင်ဂူရီယံ နှင့် ဦးနု ရဲ့ ဆွေးနွေးခန်း ဗီဒီယိုဖိုင်
VIDEO
ဦး နု နဲ့ ဘင်ဂူရီယန် တို့ ကို အမေရိကန် သတင်းဌာန စီဘီအက်စ် ကသတင်းထောက် Edward R. Murrow က အင်တာဗျုးထားတာပါ။ သူတို့နစ်ဦးက ဘဝတူ တယ်။ ဝန်ကြီးဘဝကနေ ပြုတ်သွားကြတဲ့သူတွေပါ။ တယောက်ကရွေးကောက်ပွဲ နဲ့ပြုတ်သွားတယ်။ တယောက်က စစ်တပ်က အာဏာသိမ်းလို့ပြုတ်သွားတယ်။
ဦးနုဟာ ဒေးကာနယ်လ်ဂျီရဲ့ စာအုပ်ကို ဘာသာပြန်ထားတယ်။ စာအုပ်နာမည်က ” How to win friend and influence people”သူငယ်ချင်းတွေကို ဘယ်လို အနိင်ယူမလဲ၊ လူတွေကိုဘယ်လိုလွမ်းမိုအောင်လုပ်မလဲ ဆိုတဲ့စာအုပ် ပါ။ မိတ္တဗလဋီကာ ဆိုလူအများစု သိကြပါတယ်။ ဒီစာ အုပ်က ဦးနုက မြန်မာဘာသာပြန်ထားတယ်။ မြန်မာပြည်မှာ ပေါ်ပြူလာသိပ်ဖြစ်တယ်လို့ဆိုတယ်။
( ကျနာ်တို့ငယ်ငယ်က ဒီစာအုပ်ကို မဖတ်မနေရစာ အုပ်တခုလို ဖြစ်နေတယ်။လူကြီးတွေက လမ်းညွန်ကြတယ်။ ဖတ် ကြည့်တော့လည်း လူမှုဆက်ဆံရေး နည်းစနစ် တခုသာဖြစ်နေပါတယ်။ ဘဝဒသနပိုင်းဆိုင်ရာ၊ သမိုင်းဆိုင်ရာ ဆွေးနွေးမှုများမဟုတ်ပါ။ Public Relation ဖြစ်တဲ့ အရောင်းအဝယ်၊ မန်နေဂျာ တွေအတွက်တော့အသုံးဝင်ပါတယ်။ )
ဒီတော့ ဘင်ဂူရီယန် က လူတွေကို စာအုပ်တစ်အုပ်နဲ့လွမ်းမိုးလို့တော့မရနိင်ဘူး။ နှလုံးသားနဲ့လွမ်းမိုးမှ ရမယ်ထင်တယ်လို့ ပြန်ချေပတယ်။ နောက်ပြီးတော့ ဒီစာအုပ်ပြန်ပြီးတော့ ခင်ဗျား သူငယ်ချင်းတော်တော်ရလာသလားလို့ မေးပါတယ်။ ဦးနုရီကျယ်ကျယ်လုပ်နေပါတယ်။ ( လူမုန်းများလာပြီး စစ်တပ်က အာဏာသိမ်းတာခံရတယ်။ ဒီစာအုပ်ကို ကိုးဆယ်ခြောက်ပါးဆေးလို သုံးစွဲခဲ့တဲ့ဦးနုဟာ ဦးနေဝင်းကို မလွမ်းမိုးလိုက်နိင်ဘူးဆိုတာ အထူးရှင်းပြစရာ မလိုတော့လို့ပါဘူး။ )
သူတို့ကို စီဘီအက်စ်က နေ ဗုဒ္ဓဘာသာနဲ့ ဂျူး ဘာသာရဲ့ တူညီမှုတွေကဘာတွေလဲလို့မေးတယ်။ တူညီမှုတွေရှိတယ်လို့ ဘင်ဂူရီယန်က ပြောပေမဲ့ ဦးနုက ကွဲလွဲမှုရှိတယ်လို့ဆိုတယ်။ ( တကယ်ကတော့ ပညပ်တော် ၁၀ ပါးနဲ့ ငါးပါးသီလ တို့ဟာ အနစ်သာရအားဖြင့်ကွဲလွဲ မှုမရှိကြပါဘူး။ )
ဦးနုက ငြိမ်းချမ်းမှုရဖို့တရားထိုင်းရမယ်ဆိုတယ်။ ငါကို ဖြုတ်ရမယ်လို့ဆိုတယ်။ ငါ စွဲ ကို သူက (I consciousness ) သုံးတယ် ။ အတ္တ ( Ego) ကိုဆိုလိုဟန်ရှိတယ်။ ကျနော်တို့နားလည်တဲ့ ငါ ( I ) နဲ့ အတ္တဆိုတာကို ဘင်ဂူရီယန် အတွက် ရှင်းရှင်းလင်းလင်းနာလည်ဖို့ ခက်ပါတယ်။ သူက သူတို့ဘုရားက I am a god လို သုံးတယ်။ ငါဟာ လိုအပ်တယ်လို့ ပြန်ဆွေးနွေးတယ်။ ငါဆိုတဲ့ အတ္တက ပြသနာ အားလုံးရဲ့အရင်းခံပဲ။ပြသနာ တွေကို ဖြေရှင်းခြင်ရင် ငါ စွဲကိုအရင်ဖြုတ်ရမယ်လို့ဦးနု ကဆိုတယ်။ ဒီလိုဖြုတ်ဖို့ နည်းက တရားထိုင်ခြင်းပဲလို့ဆိုတယ်။
ဘင်ဂူရီယန်ကတော့တရားထိုင်တာ ဟာ လူတစ်ဦးခြင်းငြိမ်းချမ်းမှုပဲရနိင်တယ်။ နိုင်ငံကြီး ငြိမ်းချမ်းရေးရဖို့သိပ်မသေချာဘူးလို့ဆွေးနွေးတယ်။ ဒီတော့ဦးနုကလှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ဦးနုက တရား ထိုင်တာ ဟာ ကိုးဆယ်ခြောက်ပါး ဆေး လို့ အလုံးစုံသော ပြသနာအပေါင်းကို ဖြေရှင်းနိင်တယ်လို့အခိုင်အမာယူဆပုံရှိတယ်။ တရားထိုင်တဲ့ စခန်းတွေများလာ ပေမဲ့ မြန်မာပြည်ဟာ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊တိုးတက်မှု ဆိုတဲ့ စခန်း တွေ ကတော့ နည်း နေတုံးဖြစ်ပါတယ်။
ဝန်းကြီးချုပ်ဟောင် း အဖိုးကြီးနှစ်ဦး တဦးကိုတဦးအပြန်အလှန် လေးစားစွားစာနဲ့ ကိုယ်အမြင်ကိုကိုယ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားတာတော့ချစ်စရာကောင်းတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အထ္ထုပ္ပတ္တိ – မောင်မောင်ထွန်း
Mothee Zun
Wikipedia