ရေးသားသူ – ဒေါက်တာခင်မိုးမိုး
ညစာစားအပြီးမှာ လဲလျောင်းတာ ဒါမှမဟုတ် ပက်လက်ကုလားထိုင်မှာ ထိုင်တာတွေက မလုပ်သင့်တဲ့အရာတွေပါ။ ဒီအမူအကျင့်တွေက ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပြီး အလွန်အန္တရာယ်များတယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ချထားပါတယ်။ ဒါ့အပြင် အောက်ပါ အရာငါးမျိုးကိုလည်း အစာစားအပြီးမှာ လုံး၀ မလုပ်သင့်ပါဘူး။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်စွဲနေသူတွေအဖို့ အစာစားပြီးရင် ဆေးလိပ်သောက်ဖို့ ချင်ခြင်း တပ်နေတတ်ကြပါတယ်။ အစာစားပြီးပြီးချင်း ဆေးလိပ်သောက်တာက အလွန်ဆိုးရွားပါတယ်။ လေ့လာမှုအများအပြားအရ အစာစားပြီးပြီးချင်း ဆေးလိပ်တစ်လိပ် သောက်တာက တစ်ကြိမ်တည်း ဆေးလိပ် ၁၀ လိပ်သောက်တာနဲ့ အကျိုးသက်ရောက်မှု တူညီပြီး အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ အလွန်မြင့်မားတယ်လို့ သိရပါတယ်။ အစာစားပြီးစဉ် သောက်တဲ့ ဆေးလိပ်မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်တာကြောင့်လို့ ဆိုပါတယ်။ သင် ဆေးလိပ်မသောက်ရ မနေနိုင်ဖြစ်ခဲ့ရင်တော့ အစာစားပြီး အနည်းဆုံး တစ်နာရီခွဲ၊ နှစ်နာရီ လောက်အကြာမှာ သောက်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။
သစ်သီးစားခြင်း
သစ်သီးတွေကို ထမင်းမစားခင်သာ စားသုံးသင့်ပါတယ်။ ထမင်းစားပြီး မစားသုံးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ သစ်သီးတွေကို အစာခြေဖို့အတွက် အထူးအင်ဇိုင်းတွေ လိုအပ်တဲ့အပြင် သစ်သီးမှာ ပါဝင်တဲ့ သကြားဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူဖို့ အချိန် ပိုလိုအပ်တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် ထမင်းစားပြီး သစ်သီးစားတာက အစာမကြေတာ၊ ရင်ပူတာလိုမျိုး ပြဿနာတွေ လည်း ဖြစ်နိုင်ပါတယ်။ ထမင်းမစားခင် သစ်သီးစားတာက သစ်သီးမှာ ပါဝင်တဲ့ အာ ဟာရဓာတ်အားလုံး အမျှင်ဓာတ်နဲ့ သကြားဓာတ်တွေရဲ့ အကျိုးကျေးဇူးကို ခန်္ဓာကိုယ် က ပိုမိုရရှိနိုင်တယ်လို့ သိရပါတယ်။
အိပ်ခြင်း
ထမင်းစားပြီး တစ်ရေးအိပ်တာက အများစု ပြုလုပ်နေကျ အလေ့အကျင့်ပါ။ ဒီအလေ့အကျင့်က ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အစာမကြေတာ၊ လေပွတာတွေအပြင် အိပ်စက်မှုကိုတောင် အနှောင့်အယှက်ပေးနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဆေးတက္ကသိုလ်တစ်ခုမှ လေ့လာမှုအရ ထမင်းစားပြီး နှစ်နာရီလောက်စောင့်ပြီးမှ အိပ်စက်သူတွေက လေဖြတ်နိုင်ခြေ လျော့နည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ထမင်းစားပြီး နှစ်နာရီလောက်ခြားပြီးမှ အိပ်ရာဝင်သင့်ပါတယ်။
ရေချိုးခြင်း
ထမင်းစားပြီးပြီးချင်း ရေချိုးတာက အဆိုးရွားဆုံးပါ။ ရေနွေးနဲ့ ရေချိုးတာက ပိုဆိုးပါတယ်။ ဘာလို့လဲဆိုတော့ သွေးစီးဆင်းမှုက ခြေထောက်တွေ၊ လက်တွေဆီကို ပိုရောက်သွားပြီး အစာအိမ်ထဲကို အရောက်နည်းသွားတာကြောင့် အစာမကြေတာတွေ ဖြစ်တာပါ။
လက်ဖက်ရည်သောက်ခြင်းနှင့်လက်ဖက်စားခြင်း
လက်ဖက်က ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ထမင်းစားပြီးပြီးချင်း မစားသင့်တဲ့ အရာပါ။ ထမင်းစားပြီး လက်ဖက်ရည်သောက်တာ ဒါမှမဟုတ် လက်ဖက်စားတာက ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ပေးနိုင်တာကြောင့်ပါ။ လက်ဖက်မှာ ပါဝင်တဲ့ တင်းနစ်အက်စစ်က အစာထဲမှ ပရိုတင်းတွေနဲ့ ပူးပေါင်းလိုက်တာကြောင့် ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူနိုင်ဖို့ ၈၇ ရာခိုင်နှုန်း လျော့ကျသွားတဲ့အတွက် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သွေးအားနည်းရောဂါဖြစ်ရင် ခေါင်းမူးတာ၊ အားနည်းတာနဲ့ မောပန်းတာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် ထမင်းစားပြီးပြီးချင်း အထက်ဖော်ပြပါအရာတွေကို လုံးဝမပြုလုပ်ပါနဲ့။ မလုပ်လို့မဖြစ်ဘူးဆိုရင်တော့ စားပြီးတာနဲ့ ချက်ချင်းမလုပ်သေးပဲ အချိန် အနည်းဆုံး နာရီဝက်လောက်ခြားပြီး လုပ်ကြဖို့ တိုက်တွန်းပါတယ်။
ဒေါက်တာခင်မိုးမိုး
Good Health Journal