အင်္ဂလန်အား ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံဖြစ်စေခဲ့သော ဘုရင်မကြီး

Posted on

Academy Page

၁၈၃၇ – ခုနှစ်တွင် ဝိတိုရိယ မင်းသမီး သည် အသက် ၁၈-နှစ် အရွယ်ဖြင့် မမျှော်လင့်ဘဲ ဗြိတိသျှအင်ပါယာ၏ ဘုရင်မ ဖြစ်လာခဲ့သူဖြစ်သည် ။ နောင် ၆၃ နှစ်အကြာတွင် ဝိတိုရိယဘုရင်မသည် ကနေဒါ ၊ သြစတြေးလျ ၊ နယူးဇီလန် ၊ အိန္ဒိယ နှင့် အာဖရိက ဧရိယာ အများအပြားကို ဗြိတိသျှအင်ပါယာထဲသို့ သိမ်းသွင်းနိုင်ခဲ့သည် ။

ဘုရင်မကြီးသည် ဝိတိုရိယ ခေတ်တခေတ်ကို ထူထောင်နိုင်ခဲ့ပြီး ဗြိတိသျှသမိုင်းတွင် အချိန်အကြာဆုံးအုပ်ချုပ်ခဲ့သည့် ဘုရင်မတဦးဖြစ်သည် ။

ငယ်ဘ၀

ဝိတိုရိယ ကို ၁၈၁၉ ခုနှစ်မေလ ၂၃ ၇က်အချိန်က ကင်ဆင်တန်နန်းတော်၌ မွေးဖွားခဲ့ပြီး ဖခင်မှာဘုရင် တတိယ ဂျော့ဘ် ၏ စတုတ္ထသား ကင့်မြို့စား အက်ဒွပ် ဖြစ်သည်။ တစ်နှစ်သမီးအရွယ် မရောက်မီကပင် ဖခင် ကင့်မြို့စား ကွယ်လွန်သဖြင့် မိခင်လက်ထဲတွင် ကြီးရသည်။

မိခင်ဂျာမန်မင်းသမီး ဝိတိုရိယ မာရီယာ လွီဇာက သမီးအား ဘာသာစကား၊ နိုင်ငံသမိုင်း၊ ဗြိတိသျှနိုင်ငံရေးစနစ် အစရှိသော ပညာရပ်များကို သင်ပေးခဲ့သည်သာမက နိုင်ငံတွင်း၌ လှည့်လည်၍ လူမှုရေးဆိုင်ရာ အခြေအနေတို့ကိုလည်း လေ့လာစေခဲ့သည်။

၁၈၃၇ – ခုနှစ်တွင် ဗြိတိသျှဘုရင် စတုတ္ထဝီလျံ ရုတ်တရက် ကွယ်လွန်သွားခဲ့သည် ။ စတုတ္ထဝီလျံဘုရင် သည် ဝိတိုရိယ ၏ ဦးလေးတော်စပ်သူဖြစ်သည် ။ ဝိတိုရိယ မင်းသမီးသည် ငါးယောက်မြောက် နန်းညွန့်နန်းလျာ ဖြစ်သော်လည်း သူ့ထက်အလျင်ကျသူ နန်းလျာလေးဦးမှာ သူငယ်ရွယ်စဉ် ကပင် ကွယ်လွန်သွားကြသည်။ ထို့ကြောင့် ဝိတိုရိယသည် အသက် ၁၈ နှစ်အရွယ်၌ ဦးရီးတော် စတုတ္ထဝီလျံဘုရင် ကွယ်လွန်သောအခါ ဗြိတိသျှ ထီးနန်းကို ဆက်ခံအုပ်စိုးရပြီး  ဗြိတိသျှအင်ပါယာ၏ ဘုရင်မဖြစ်လာခဲ့သည် ။

ဝိတိုရိယ ဘုရင်မကြီး

ဘုရင်မ နန်းတက်ချိန်က အင်္ဂလန်ဘုရင်များသည် အစိုးရအုပ်ချုပ်ရေးတွင် သြဇာအာဏာ အနည်းငယ်သာရှိခဲ့သည် ။ အင်္ဂလန်၀န်ကြီးချုပ်နှင့် ပါလီမန်မှဗြိတိသျှအင်ပါယာကို ထိန်းချုပ်နေချိန်ဖြစ်သည် ။

သို့သော်လည်း ဘုရင်မသည် ဗြိတိသျှအင်ပါယာအား မည်ကဲ့သို့ချဲ့ ထွင်တည်ထောင် သင့်သည်ကို မြင့်မားသည့် စိတ်ကူးစိတ်သန်း ရှိသူ ဖြစ်သည် ။ သူမသည် သူမ၏အကြံပေးများနှင့် အမြဲတမ်းတွေ့ဆုံ ဆွေးနွေးလေ့ရှိသူဖြစ်သည် ။

သူမသည် သံတမန်များ နှင့် အင်္ဂလန်ဘုရားကျောင်းအကြီးအကဲများကို ရွေးချယ်ခန့်အပ်သည် ။ သူမသည် အခန်းအနားများစွာကျင်းပကာတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည် ။ ဘုရင်မကြီးသည် တဖြည်းဖြည်း သြဇာအာဏာကြီးထွားလာပြီးဗြိတိသျှ၀န်ကြီးချုပ်များသည် ငယ်ရွယ်သည့် ဘုရင်မထံတွင် အုပ်ချုပ်ရေး ပညာကို ပြန်လည်လေ့လာနေကြရသည်။

ဝိတိုရိယ ဘုရင်မလက်ထက်တွင် ဆာရောဗတ်ပီး၊ လော့ပါမာ စတန်၊ ဗင်ဂျမင်ဒစ်ဇရေလီ၊ ဂလက်စတုန်း၊ လော့ဆော့စဗရီ စသော ထူးချွန်သည့် ဝန်ကြီးချုပ်များ ပေါ်ထွက်လာခဲ့သဖြင့် ဗြိတိသျှအင်ပိုင်ယာကြီးသည် တန်ခိုးအာဏာ တိုးတက်ကြီးမြင့်ခဲ့လေသည်။

၀န်ကြီးချုပ် ဗင်ဂျမင်ဒစ်ဇရေလီ လက်ထက်တွင် အင်္ဂလန်အစိုးရ၏ ပင်လယ်ရပ်ခြားတက်ကြွသည့် နိုင်ငံခြားရေးပေါ်လစီကိုချမှတ်ခဲ့ပြီး နယ်မြေများစွာထိန်းချုပ်နိုင်ခဲ့ကာ ဗြိတိသျှအင်ပါယာသည်လည်း ကြီးမားကျယ်ပြန့်လာခဲ့သည် ။ သို့ဖြစ်၍ ဝိတိုရိယခေတ်ဟု အမည်တွင်သော ထိုခေတ်၌ ဂရိတ်ဗြိတိန်နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ရှိလေသည်။ ပြည်တွင်း၌ စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားလာ၏။ ဗြိတိသျှ အင်ပိုင်ယာကြီးသည်လည်း ပို၍ကျယ်ဝန်းလာသည်။

ဘုရင်မကြီး မိသားစု

ဘုရင်မကြီးသည် ၁၈၄၀ – ခုနှစ်တွင် မောင်တစ်ဝမ်းကွဲတော်စပ်သူ အဲလဘတ်မင်းသားနှင့် ထိမ်းမြားလက်ထပ်သည်။ သူတို့နှစ်ဦး၏ အိမ်ထောင်ရေးသည် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာသာ ဖြစ်ခဲ့ပေသည်။ အဲလဘတ်မင်းသားသည် အကျင့်စာရိတ္တကောင်းမွန်၍ စာပေ၊ ဂီတနှင့် အနုပညာတို့ကို မြတ်နိုးသူလည်းဖြစ်သည်။ တိုင်းသူပြည်သားတို့၏ ကြည်ညိုလေးစားခြင်းကို ခံရသည်။

ဘုရင်မကလည်း မင်းသားကို အထူးပင်အားကိုးသည်ဖြစ်ရာ မိမိ၏အကြံပေးအရာရှိချုပ်အဖြစ်လည်းကောင်း၊ အတွင်းရေး အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ပေးအပ်ထားသည်။ ၁၈၅၇ ခုနှစ်တွင် အဲလ်ဗတ်မင်းသားအား ကြင်ဖက်တော် မင်းသားဘွဲ့ကို အပ်နှင်းချီးမြှင့်ခဲ့သည်။ အဲလ်ဗတ်မင်းသား သည် အင်္ဂလန်နိုင်ငံ၏ ပညာရေး ၊ သိပ္ပံ နှင့် အနုပညာ နယ်ပါယ်များတွင် တက်ကြွစွာ လုပ်ဆောင်ခဲ့သူဖြစ်သည် ။

ဘုရင်မနှင့် ကြင်ဖက်တော်မင်းသားတို့တွင် သားသမီးကိုးယောက် ထွန်းကားခဲ့ရာ သားတော်များထဲက အကြီးဆုံးဖြစ်သူသည် နောင်အခါ၌ သတ္တမ အက်ဒွပ်ဘုရင်အဖြစ် အရိုက်အရာကို ဆက်ခံရလေသည်။ ။ ဘုရင်မကြီးမိသားစုသည် မကြာခဏ စကော့တလန်ဒေသသို့ ခရီးထွက်လေ့ ရှိတတ်သည် ။

၁၈၆၁ – ခုနှစ် ဘုရင်မကြီး သက်တော် ၄၂ နှစ်အရွယ် တွင် အဲလ်ဗတ်မင်းသား ကွယ်လွန်ခဲ့ပြီးနောက် ဘုရင်မကြီး၏ ပျော်ရွှင်ဖွယ် မိသားစုဘ၀ အဆုံးသတ်ခဲ့ရသည် ။ ကြင်ဖက်တော်မင်းသား ကွယ်လွန်ခဲ့ပြီးနောက် ဘုရင်မကြီးသည် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကို မပျက်မကွက် ထမ်းရွက်သည်မှတစ်ပါး နှစ်ပေါင်းများစွာ မင်းပွဲသဘင်များသို့ တက်ရောက်ခြင်း မပြုခဲ့ချေ။

ဘုရင်မကြီးသည် ကြင်ဖက်တော်ကွယ်လွန်ပြီးနောက်တွင် လန်ဒန်မြို့၌ စံနေသည် ဟူ၍မရှိဘဲ ဝင်ဆာနန်းတော်တွင်လည်းကောင်း၊ ကြင်ဖက်တော် ပုံစံထုတ် လုပ်သည့်အတိုင်း ဆောက်လုပ်ခဲ့သော ဗယ်လမိုးရဲ နန်းတော်၌ လည်းကောင်း၊ ဝိုက်ကျွန်းရှိ ဆောင်းရာသီ စံအိမ်တော်၌ လည်းကောင်း စံနေခဲ့သည်သာ များလေသည်။ထိုအချိန်များအတွင်း ဘုရင်မကြီး၏ ထင်ပေါ်ကျော်စောမှုသည်လည်း ကျဆင်းခဲ့ရသည် ။

ဘုရင်မကြီး၏ နောက်ပိုင်း နှစ်များ

၁၈၇၀ -ခုနစ် အချိန်တွင် ဘုရင်မကြီးသည် သူမ၏လူထုအကြား ပရဟိတလုပ်ငန်းများသို့ ပြန်လှည့် လာခဲ့သည် ။သူမ၏ သားသမီးများသည်လည်း ဥရောပတလွှားရှိ စပိန် ၊ ဂျာမနီ ၊ ရုရှား ၊ ဆွီဒင် ၊ နော်ဝေစသည့် ဒေသမှ ဘုရင့်မိသားစုများ နှင့် ထိမ်းမြှား လက်ထပ်ခဲ့ပြီး ဘုရင်မကြီးတွင် မြေးများစွာထွန်းကားခဲ့သည် ။ ထို့ကြောင့်လူအများမှ ဘုရင်မကြီးအား “Grandmother of Europe” ဟုတင်စားခေါ်ဝေါ်ခဲ့ ကြသည် ။

၁၈၉၇ – ခုနှစ်အချိန်က ဘုရင်မကြီးနန်းသက် နှစ် ၆၀ -ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားအဖြစ် ဗြိတိသျှအင်ပါယာဒေသများတွင်ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြသည် ။ ဝိတိုရိယဘုရင်မကြီးသည် ၆၃ နှစ်မျှ နန်းစံ ပြီးနောက် သက်တော် ၈၁နှစ်အရွယ် ခရစ်နှစ် ၁၉ဝ၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကွယ်လွန်လေသည်။  ဘုရင်မကြီးသည် မျိုးချစ်စိတ် ၊ မိသားစုတာ၀န် နှင့် ဘုရင့်တာ၀န်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး သူမသေဆုံးချိန်တွင် အင်္ဂလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်အဖြစ်တည်ရှိကျန်ရစ်ခဲ့သည် ။

Academy Page, Myanmar Wikipedia