အင်္ဂလိပ်ဘာသာစကား ဘယ်လိုပေါ်ပေါက်လာခဲ့သလဲ

Posted on

Via: Phyu Sin Thu

ဗြိတိန်အပေါ် ကျရောက်ခဲ့သော ကျုးကျော်သိမ်းပိုက်မှုအချို့မှ အင်္ဂလိပ်ဘာသာစကား ပေါ်ပေါက်ထွန်းကား လာခဲ့သည်။ ဗြိတိန်အား ပထမဆုံးကျုးကျော်သိမ်းပိုက်သူများမှာ အင်ဂဲလ်စ် ၊ ဂျု့စ် နှင့် ဆက်ဆွန် စသောလူမျိုးစု သုံးစုဖြစ်သည်။

၎င်းလူမျိုးစုများ၏ကိုယ်ပိုင်ဘာသာစကားများ ရောနှောပေါင်းစပ်သွားရာမှ အင်ဂလိုဆက်ဆွန် ဘာသာစကား ပေါ်ထွက်လာသည်။ ၎င်းအင်ဂလိုဆက်ဆွန်ဘာသာစကားသည် ရှေးခေတ် အင်္ဂလိပ်ဘာသာ စကား ဖြစ်သည်။

ရှေးခေတ်အင်္ဂလိပ်ဘာသာစကားသည် ဂျာမနီဘာသာစကားနှင့် အလွန်တူသည်။ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်တို့မှလာသော ဗိုက်ကင်းများသည် ( ၈ရာစုနှင့် ၁၀ ရာစုကာလအတွင်းတွင် ပေါ်ပေါက်ခဲ့သော ကုန်သည် ပင်လယ်ဓားပြ) ဗြိတိန်အားရောက်ရှိပြီး ပထမကျူးကျော်မှုပြုလုပ်ခဲ့သည်။

၁၀၆၆ ခုနှစ်တွင် နော်မန်ဒီဒေသမှ စစ်ဘုရင်ဝီလီယံဦးဆောင်သောပြင်သစ်တပ်များက ဗြိတိန်အား ဒုတိယအကြိမ် ကျူးကျော်ခဲ့သည်။ နော်မန်အုပ်ချုပ်သူများက ရှေးခေတ်အင်္ဂလိပ်ဘာသာစကားအား စကားလုံးအသစ်များ ထပ်မံဖြည့်စွက်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မတူညီသောဘာသာစကားများ ပေါင်းစပ်ပြုပြင်မှုဖြင့် အလယ်ခေတ် အင်္ဂလိပ်ဘာသာ စကားဖြစ်လာခဲ့သည်။

အလယ်ခေတ် အင်္ဂလိပ်ဘာသာစကား၏ အသံသည် ဂျာမနီနှင့်အနည်းငယ်တူပြီး ယခုခေတ်သုံးအင်္ဂလိပ်စကားနှင့် ပို၍ဆင်တူလာခဲ့သည်။

အလယ်ခေတ်အင်္ဂလိပ်ဘာသာစကားသည် ၁၄၇၈ ခုနှစ်တွင် ဝီလီယံကက်စတန် ဆိုသူသည် ဟော်လန်နှင့် ဥရောပနိုင်ငံများသို့ လှည့်လည်ခဲ့ပြီး ဗြိတိန်သို့ ပြန်လည်ရောက်ရှိလာသောအခါ အင်္ဂလိပ်စကားသည် ပိုမိုကျယ်ပြန့်လာသည်။

သူသည် ဥရောပနိုင်ငံများမှ ပုံနှိပ်အတတ်ပညာကို သင်ယူလာခဲ့သည့်အပြင် ပုံနှိပ်စက်တစ်လုံးလည်း ယူဆောင်လာခဲ့သည်။ ထို့ကြောင့် လူတိုင်းသည် ၎င်းတို့လိုအပ်သောစာအုပ်တိုင်းကို ရနိုင်လာပြီး ပညာရေးနှင့် အင်္ဂလိပ်ဘာသာစကားတို့သည် ပျံ့နှံခဲ့သည်။

ဤသို့ဖြင့် ၁၅၀၀ ပြည့်နှစ်အတွင်းမှာပင် အလယ်ခေတ်အင်္ဂလိပ်ဘာသာစကားသည် ယနေ့ခေတ် သုံးစွဲနေသော မော်ဒန်အင်္ဂလိပ်ဘာသာစကား ဖြစ်လာခဲ့သည်။ ယနေ့ အင်္ဂလိပ်စကားပြောသူများသည် ၁၆ ရာစု နှောင်းပိုင်းတွင် နေထိုင်ခဲ့သောလူများနှင့် စကားပြောဆိုဆက်ဆံနိုင်သည်။

အင်္ဂလိပ်စာဆိုကြီး ဝီလီယံရှိတ်စပီးယားသည် ၁၆ ရာစုနှောင်းပိုင်းတွင် ပေါ်ပေါက်လာခဲ့သည်။ ရှိတ်စပီးယားမကွယ်လွန်မီ ကိုးနှစ်တွင် အင်္ဂလိပ်ဘာသာ စကား၏ဖွံ့ဖြိုးတိုးတက်မှုတစ်လျှောက်တွင် အင်မတန်ကြီးမားသော ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့သည်။

ဗြိတိန်သင်္ဘောငယ် (၃) စင်းသည် ၁၆၀၇ ခုနှစ်တွင် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ယခု အမေရိကန် ပြည်ထောင်စုတောင်ပိုင်းရှိ ဗာဂျီးနီးယားသို့ ရောက်ရှိလာရာမှ ဂျိမ်းစ်တောင်းသည် ဗြိတိန်၏ပထမဆုံးသော အမေရိကန်ကိုလိုနီမြို့ဖြစ်လာခဲ့သည်။

အမေရိကကိုလိုနီဒေသတွင် နေထိုင်သောဗြိတိန်လူမျိုးများသည် ၎င်းတို့ရောက်ရှိသောဒေသများကို နာမည်ပေးသောအခါ အမေရိကန်ဒေသခံ အင်ဒီးယန်းလူမျိုးများ၏ ဘာသာစကားမှ စကားလုံးများကို ယူငင်သုံးစွဲခဲ့ကြသည်။ ထိုမျှမက အခြားတိုင်းတစ်ပါး နိုင်ငံများမှ စကားလုံးများကိုလည်း ငှားယူသုံးစွဲခဲ့ကြသည်။

ဥပမာ-Wednesday, Thursday and Friday ဆိုပါတော့။ မြောက်ဥရောပမှ လူမျိုးများသည် Odin, Thor နှင့် Freya ဟူသောနတ်သုံးပါးကို တစ်ပတ်တစ်ခါ ရက်သတ်မှတ်ပြီး ပူဇော်ကြသည်။

ထို့ကြောင့် Odinအား ပူဇော်သောနေ့ကို အင်္ဂလိပ်ဘာသာစကားတွင် Wednesday ဟုလည်းကောင်း၊ Thorအား ပူဇော်သောနေ့ကို Thursday ဟုလည်းကောင်း Freya အား ပူဇော်သောနေ့ကို Friday ဟုလည်းကောင်းခေါ်ဆိုကြသည်။

အင်္ဂလိပ်ဘာသာစကားတွင် စကားလုံးမည်မျှရှိသနည်းဟု လူအများက မကြာခဏမေးကြသည်။ ဒုတိယကြိမ်ထုတ် Oxford English Dictionary တွင် ယနေ့သုံးစွဲနေသော စကားလုံးပေါင်း ၁၇၁၄၇၆လုံး ရှိပြီး မသုံးဖြစ်တော့ပဲ တိမ်ကောသွားသော စကားလုံးပေါင်းမှာ ၄၇၁၅၆ လုံး ရှိသည်ဟု သိရသည်။

သို့ရာတွင် သိပ္ပံပညာနယ်ပယ်မှ ထွက်လာသော စကားလုံးအသစ်များကြောင့် စကားလုံး (၁) သန်းနီးပါးဖြစ်လာသည်။ ထိုသို့စကားလုံးများ ရေတွက်ရာတွင် ပြဿနာရှိသည်။ ၎င်းမှာ စကားလုံးတစ်လုံးတည်းကို အဓိပ္ပါယ် နှစ်မျိုး သုံးမျိုးဖြင့် သုံးစွဲခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အင်္ဂလိပ်ဘာသာစကားသည် ယခုအခါ တစ်ကမ္ဘာလုံး၏ ဘုံဘာသာစကားတစ်ခု ဖြစ်လာပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ပြောဆိုရာတွင် လွန်စွာအသုံးဝင်သော ဘာသာစကားတစ်ခု ဖြစ်ပေသည်။

အင်္ဂလိပ်ဘာသာစကားအားတတ်ကျွမ်းလျှင် တကမ္ဘာလုံးနီးပါးကို လည်ပတ်သွားလာနိုင်ရုံမက ဘာသာရပ်ဆိုင်ရာအသီးသီးကိုလေ့လာနိုင်သောကြောင့် အင်္ဂလိပ်ဘာသာစကားသည် အလွန်အရေးပါသော ဘာသာစကားတစ်ခုအဖြစ် ရပ်တည်နိုင်သည်။

ထို့ကြောင့် ကျွန်ုပ်တို့မြန်မာလူမျိုးများအနေဖြင့်လည်း ထိုသို့အရေးပါသောဘာသာစကားအား ကျွမ်းကျင်စွာပြောဆိုနိုင်ရန် ကြိုးစားရပေမည်။ သို့ရာတွင် အင်္ဂလိပ်လူမျိုးများနှင့် ၎င်းတို့၏ယဉ်ကျေးမှုတို့အား အလွန်အမင်း အထင်ကြီးဖို့ကား မလိုအပ်ပါချေ။

မောင်ဒေး၏ ဘာသာပြန်ဆိုမှုအား ကိုးကားပါသည်။

Phyu Sin Thu