အင်္ဂလိပ်တို့သိမ်းယူသွားပြီးနောက် ပျောက်ဆုံးသွားသော ရွှေရထား

Posted on

ရေးသားသူ – ဆရာဝန် တင်မောင်ကြည် (နန်းမြင့်ဂျာနယ်)

၁၈ နိုဝင်ဘာ ၁၈၂၅ ( အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲ ပြီး၍ တစ်နှစ်မျှ အကြာ ) တွင် လန်ဒန်မြို့ ပစ်ကာဒယ်လီ အရပ်တွင် ဗြိတိသျှ အင်ပါယာ ပွဲကြီး၌ မြန်မာဘုရင်၏ ရွှေရထား တစ်စီးကို ပြသထားသည်။ ယင်းကို တိုင်းမ် သတင်းထောက်က သေသေချာချာကြည့်၊ သေသေချာချာ တိုင်းတာ၍ အနီးကပ် အသေးစိတ် လေ့လာ၍ စာဖတ်သူများကို အစီရင် ခံပါသည်။ သူ၏ အသေးစိတ် ရေးသားချက်များမှာ ဘာသာပြန်၍ ပြန်လည် တင်ပြရန်ပင် အခက်အခဲ တွေ့ပါသည်။ ဤမျှ တော်သောသူ ဖြစ်ပါ၏။

“ကျွနု်ပ်တို့ မသိသော နိုင်ငံတစ်ခု၏ လက်ရာမြောက်လှသော အနုပညာကို မျက်ဝါးထင်ထင် တွေ့မြင်ရခြင်း ဖြစ်ပါသည်။ ထိုနိုင်ငံမှာ အိန္ဒိယနှင့် တရုတ်ပြည်ကြီး ၂ ပြည်ကြားတွင် ဖြစ်ပါသည်။ ဤနိုင်ငံ (မြန်မာပြည်) ကို ကျွနု်ပ်တို့သာ သတိမထား မိလိုက်သည် မဟုတ်။ ပထဝီ လေ့လာသော ပညာရှင်များလည်း မသိလိုက်သည်မှာ စစ်တကောင်း ပန်းဝါတွင် ( မြန်မာတို့က အင်္ဂလိပ် စစ်တပ်ကို အောင်နိုင်လိုက်သည် တွင်မှ ) ကျွနု်ပ်တို့ အားလုံး ဤနိုင်ငံကို သတိထားမိ လာကြပေသည်။ ထို (စစ်တကောင်း ပန်းဝါ)တွင် ကျွနု်ပ်တို့ ဗြိတိသျှ စစ်သားများသည် အိန္ဒိယတွင် ဆင်နွှဲရသော စစ်ပွဲ အတွေ့အကြုံများနှင့် လားလားမှ မတူ ထူးခြားနားသည့် စစ်ဆင် စစ်တက် တိုက်ခိုက်သူ များနှင့် ရင်ဆိုင်ခဲ့ကြ ရပေသည်။” ဟု ရေးသားခဲ့ ပေသည်။

အတိုင်းအတာ

ရထားအိမ်- ရှေ့မှနောက် ၁၃ ပေ ၇ လက်မ၊ ဘေးအကျယ် ၆ ပေ ၉ လက်မ၊ အမြင့် ၄ ပေ ၆ လက်မ၊ မြေမှ ထီးတော်အထိ ၁၉ ပေ ၂ လက်မ။ ရွှေရထား အမိုးမှာ ဘုံ ၇ ဆင့်ရှိသည်။ တစ်ဆင့်ပြီး တစ်ဆင့် လှပစွာမြင့်တက် သွားသည်မှာ ပဏ္ဏာရလှသည်။ ဘုံအမိုးစွန်းမှ ရွှေခေါင်းလောင်းငယ်များ ဆွဲထားသည်။

လေ့လာလျှင် ညောင်ရွက်ပုံ ရွှေဆွဲလွဲများက ခေါင်းလောင်းကို သာယာသော အသံစုံများ ဖြစ်ပေါ်စေသည်။ ထီးတော်(ပုံ) မှာလည်း ဘုံ (၇)ဆင့် ရှိသည်။ အဆင့်တိုင်းတွင် စလင်းဆွဲ (အပြာရောင် QUARTZ / AMETHYST) များ စီချယ်ထားသည်။ ထိပ်ချွန်းတွင် စိန်ဖူး ဆင်ထားသည်။ ဘုံအဆင့်တိုင်းသည် အထက် (အနည်းငယ်) ကား၍ အောက်ရှူးသည်။ ဤဒီဇိုင်းပုံမျိုးကို ညောင်ရမ်းခေတ်တွင် အထူး ခေတ်စားခဲ့သည်။ ကုန်းဘောင်ခေတ် အထိ ယူသုံးနေခြင်း ဖြစ်သည်။

ရွှေရထား၏ သမိုင်း

ဤရထားတော်ကို ထားဝယ်မြို့တွင် အင်္ဂလိပ်တို့ သိမ်းယူ ရရှိလိုက်ခြင်း ဖြစ်သည်။ ရထားလုပ်သူ၊ ရွှေချ၍ ကျောက်သံ ပတ္တမြားများ စီသူများကိုပါ ရထားနှင့် အတူ သိမ်းယူ ရရှိသဖြင့် ထားဝယ်မြို့ဝန်က တာဝန်ယူ လုပ်ဆောင် ပေးရဟန် ရှိသည်။ သက္ကရာဇ်များကို စဉ်ကြည့်လျှင် ဤရထားနှင့် ပတ်သက်၍ နောက်ခံသမိုင်း ပေါ်လာစရာ ရှိသည်။ ထားဝယ်မြို့ဝန် ဦးရွှေတုပ်သည် အင်းဝ နေပြည်တော်သို့ ခေတ္တ ပြန်လာနေထိုင်သည့် အချိန်မှာ ၈ မတ် ၁၈၂၄ တွင်ဖြစ်သည်။ သူ၏ မူလ နေထိုင်ရာမှာလည်း အင်းဝ ရွှေမြို့တော်ပင် ဖြစ်စရာ ရှိသည်။

ဦးရွှေတုပ် နေထိုင်စဉ်အတွင်း အင်းဝဘုရင် ဘကြီးတော်မင်းက မူးတော် မတ်တော် ( အရာရှိကြီးများ ) ၈၄ဦးကို ဘွဲ့ထူး ဂုဏ်ထူးနှင့်တကွ ကွမ်းခွက် လက်ဖက်အိုး၊ သောက်ရေ တကောင်းဖုံး တို့ပါ ပေးသနားသည်။ ဤအရာရှိကြီးများတွင် ထားဝယ်မြို့ဝန် မင်းကျော်စည်သူ ဘွဲ့ခံ ဦးရွှေတုပ် ပါဝင်သည်။ ( အမျိုးသား စာကြည့်တိုက် ပုရပိုဒ် အမှတ် ၆၁၉ ) ဦးရွှေတုပ် ဤသို့ ချီးမြှင့် ခံရခြင်းမှာ မလေးရှား စော်ဘွားများနှင့် ဆက်သွယ်၍ မြန်မာနိုင်ငံအတွက် ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ဖြစ်ဟန်တူသည်။ ( ဦးအံ့ကျော်၊ သမိုင်း ပါမောက္ခ (ငြိမ်း) “မော်လမြိုင် ရွှေတောင်ကျောင်းတိုက် သမိုင်း”။ သာသနာရေး ဦးစီးဌာန၊ ၂၀၀၈၊ စာ ၉ ) ဆက်သွယ်ရပုံမှာ ဤသို့ဖြစ်သည်။

အင်္ဂလိပ် မြန်မာ ဆက်ဆံရေး မပြေပြစ်ချိန်၊ စစ်ဖြစ်ရန် အလားအလာများ တိုးပွားနေစဉ် ယိုးဒယားဘုရင် အစိုးရသည် အင်္ဂလိပ်ကို မည်သို့ ကူရမည်နည်းဟု ကမ်းလှမ်းနေသည်။ ဤသတင်းကို ထောက်လှမ်း သိရှိရသော မြန်မာဘုရင်က ချိန်ခွင်ညှာကဲ့သို့ အင်အားညှိရန် လိုလားသည် ဖြစ်၍ မလေးရှားရှိ စော်ဘွားများနှင့် မိတ်ပြုထားရန် လိုပေသည်။ ဤကိစ္စကို စီစဉ်ရန် ထားဝယ်ဝန် ဦးရွှေတုပ်အား အဆောတလျင် ပီနန်သို့ လွှတ်သည်။

အင်္ဂလိပ် အစိုးရက မြန်မာဘုရင်နှင့် စစ်ဖြစ်ပြီဟု ကြေညာလိုက်ချိန်တွင် ဦးရွှေအုပ်မှာ ပီနန်တွင် ရောက်နေသည်။ ထို့ကြောင့် ထားဝယ်ကို ကာကွယ်ရန် အလျင်အမြန် ပြန်လာရသည်။ ကြိုတင် တွေးထင်သည့် အတိုင်းပင် အင်္ဂလိပ်တို့က ရန်ကုန်ကို အကြိတ်အနယ် တိုက်ခိုက် ရယူပြီးနောက် မြိတ်နှင့် ထားဝယ်ကို တိုက်ခိုက် သိမ်းယူရန် အလျှင်အမြန် ကုန်းတပ်နှင့် ရေတပ်သင်္ဘောများ စေလွှတ်သည်။ ဦးရွှေတုပ်တွင် စစ်သား တစ်ထောင်ခန့် ရှိသည်။ အင်္ဂလိပ်များ ထင်မြင်သကဲ့သို့ မဟုတ်ဘဲ မြန်မာဘုရင်က ထားဝယ်ကို ပစ်မထားပါ။ လက်နက်ကိုင် ၃၀၀ ပါ လိုက်သည်။

ဗိုလ်မှူးကြီး မီးလ်စ် (MILESS) ဦးစီးသော မဒရပ် ခြေလျင်တပ်ရင်း (၇)နှင့်(၈၉) တပ်သားများ ချီတက်လာသည်။ ဤတွင် ထားဝယ်ရေဝန် မောင်ဒါနှင့် စစ်ကဲ မောင်ရွှေရစ်တို့က အင်္ဂလိပ် ဗိုလ်မှူးနှင့် အပေးအယူလုပ် စေ့စပ်၍ သစ္စာဖောက်သည်။ ထားဝယ်မြို့ဝန် ရွှေအုပ်ကို ဖမ်း၍ အင်္ဂလိပ်သို့ အပ်သည်။ အင်္ဂလိပ်က မောင်ဒါကို ထားဝယ်ဝန် ခန့်သည်။ ထိုနေ့ ထားဝယ် ကျသောနေ့မှာ ၈ စက်တင်ဘာ ၁၈၂၄ ဖြစ်သည်။ သိမ်းယူရရှိသော လက်နက်များနှင့် အတူ ဤရွှေရထားကို တွေ့ရှိရခြင်း ဖြစ်သည်။ ရွှေရထားကို ရန်ကုန်သို့ ချက်ချင်းပို့သည်။ ယင်းမှ ကာလကတ္တားသို့ ပို့ပြန်သည်။

ကာလကတ္တားတွင် စစ်ပြီးသွားပြီးနောက် အင်္ဂလိပ် ကုမ္ပဏီ အစိုးရက စစ်စရိတ် ကာမိရန် ရောင်းချလိုက်သည်။ မည်သူက ဝယ်သွားသည် မည်မျှနှင့် ရောင်းချလိုက်သည် ကိုလည်း မသိရပေ။ ဝယ်ယူသူက လန်ဒန်မြို့သို့ ပါ၍ ပြပွဲကြီးတွင် ဤရွှေရထားကို ပြသထားသည်။ ယင်းကို တိုင်းမ် သတင်းစာ၏ သတင်းထောက်က လုံးစေ့ပတ်စေ့ ရေးသား၍သာ ယခု သိရှိရ ပေသည်။ ဤရွှေရထားကို ဆင်နှင့် ဆွဲရသည်ဟု သိရှိရပါသည်။

ရွှေရထား၏ တန်ဖိုး

ဤရွှေရထားကို ဗြိတိသျှ စစ်တပ်က သိမ်းဆည်း ရရှိချိန်တွင် ရထားကို ထိန်းသိမ်း စောင့်ရှောက် နေသူများပါ ဖမ်းဆီး ရမိသည်။ ဤသူများက ထွက်မပြေးပါ။ ရထားနှင့် အတူ ရှိနေခဲ့သည်။ ရထားနှင့် အစောင့်လူများ အားလုံးကို ထားဝယ်သို့ ယူဆောင် သွားသည်။ ထားဝယ်တွင် အစောင့်များထံက ကြားသိမှတ်သား ရသမျှကို တစ်ဆင့်စကား ကြားရသည့်အတိုင်း တိုင်းမ်သတင်းထောက်က ဆက်လက် ရေးသားပါသည်။ ဤရွှေရထားကို ၃ နှစ်မျှ တည်ဆောက်ရသည်။ ကျောက်သံ ပတ္တမြား အားလုံးသည် ဘုရင့် ဘဏ္ဍာတိုက်မှ ထုတ်ပေးသည်။

လက်အောက်ခံ စော်ဘွား၊ မြို့စားတို့မှ စစ်သည်များလည်း ပါဝင်သည်။ ကျောက်သံ ပတ္တမြားတွင် ပတ္တမြားလုံးချော ၂ သောင်း ပါဝင်သည်။ ယင်းတို့၏ တန်ဖိုးမှာ ကျပ်တစ်သန်း (ပေါင် ၁၂၅၀၀) ဖြစ်သည်။ ကျောက်သံ ပတ္တမြားများ၏ တန်ဖိုး မပါဝင်ဘဲ တည်ဆောက်ခနှင့် အရပ်ရပ် ကုန်ကျငွေသည် ကျပ် ၂၅၀၀၀ ရှိသည်။ ဗြိတိသျှ ပေါင်စတာလင် ၃၁၂၅ နှင့်ညီမျှသည်။ ယခုအခါ ဤရွှေရထား ဘယ်မှာရှိသည် စုံစမ်း မရသေးပါ။ အင်္ဂလန်ပြည် တစ်နေရာရာတွင် ရှိမည်ဟု ယူဆရပါသည်။

ရည်ညွှန်းချက်- Editor; Every-day Book, November,1825
ဆရာဝန် တင်မောင်ကြည် (နန်းမြင့်ဂျာနယ်)