ဟီလီယမ်(He) သည် ဟိုက်ဒရိုဂျင် ပြီးလျှင် ဒုတိယ အပေါ့ဆုံးသော ဓာတ်ငွေ့ ဖြစ်ပြီး အရောင်၊ အနံ့၊ အရသာ မရှိသည့် ဓာတ်ငွေ့ ဖြစ်သည်။ ထို ဓာတ်ငွေ့သည် မီးမလောင်နိုင်သည့်အပြင် အဆိပ်ဓာတ်လည်းမရှိချေ။၎င်းသည် အခြားဓာတ်ငွေ့များနှင့် နှိုင်းယှဉ်လျှင် ရေတွင်ပျော်ဝင်နိုင်မှု နည်းသည်။ ၎င်းသည် အခြားသော ဓာတုဒြပ်ပေါင်းများနှင့် မလိုအပ်လျှင် ဓာတ်မပြုပါ။
ဟီလီယမ် ဓာတ်ငွေ့များသည် သိပ်သည်းဆ နည်းပါသည်။ ၎င်း၏ အပူစီးကူးနိုင်မှု နှင့် ကယ်လိုရီပမာဏ ပါဝင်မှုနှုန်းသည် သိသာစွာ မြင့်မားပါသည်။ ဟီလီယမ်သည် ပျော်ဝင်နိုင်စွမ်း ရှိသော်လည်း ၎င်း၏ ငွေ့ရည်ဖွဲ့ အပူချိန်မှာ ဒြပ်စင်အာလုံးထဲတွင် အနိမ့်ဆုံးဖြစ်သည်။ကမ္ဘာပေါ်တွင် ဟီလီယမ်ဓာတ်ငွေ့ အဓိကအရင်းအမြစ်ကို အမေရိကန်နိုင်ငံတွင် အများဆုံးတွေ့ရှိရသည်။
နာမည်ဖြစ်လာခြင်း
ရှေးအခါက ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကို အသုံးပြုခဲ့ကြသော်လည်း ဟိုက်ဒြိုဂျင်ဓာတ်ငွေ့သည် မီးလောင်လွယ်သဖြင့် ဟိုက်ဒြိုဂျင်အစား ဟီလီယမ်ကို အသုံးပြုကြခြင်းဖြစ်သည်။ ဟီလီယမ်ဆိုသည့်စကားလုံးသည် နေဟု အဓိပ္ပါယ်ရသော ဂရိစကားတစ်လုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုသို့အမည်ပေးခြင်းမှာ နေ၏လေထုအတွင်းမှ ယင်းကို စပက်ထြိုစကုပ် (ရောင်စဉ်ကြည့်ကိရိယာ) ဖြင့် စတင်၍တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
၁၈၆၈ ခုနှစ်၌ နေကြတ်သည်ကို အိန္ဒိယနိုင်ငံမှကြည့်ရှုစဉ်စတင်၍ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၈၉၅ ခုနှစ်သို့ရောက်သောအခါ ဆာဝီလျံရမ္မဆေးက အစွမ်းမဲ့ဓာတ်ငွေ့တစ်မျိုးကို ခွဲထုတ်ပြီးလျှင် ရောင်စဉ်ကြည့်ကိရိယာဖြင့် စမ်းသပ်ကြည့်သော အခါတွင် ၁၈၆၈ ခုနှစ်ကတွေ့ရှိခဲ့သော အဝါရောင် အလင်းကြောင်းကို တွေ့ရှိပြန်လေသည်။ ထိုဓာတ်ငွေ့သည် လည်း နေ၌တွေ့ရသော ဓာတ်ငွေ့ပင်ဖြစ်ကြောင်း ထင်ရှားစွာ သိမြင်လာသဖြင့် ယင်းကိုထိုအမည်ပေးခြင်းဖြစ်သည်။
ဓာတ်ငွေ့ကို ထုတ်ယူခြင်း
၁၉၁၅ ခုနှစ် တိုင်အောင်ကမ္ဘာတွင် ထွက်သောဟီလီယမ်၏ပမာဏမှာ ၁ဝဝ ကုဗပေပင်မရှိတတ်ဟု ထင်ရပေသည်။ ထိုအခါက ကမ္ဘာတွင် ထိုဓာတ်ငွေ့၏ပေါက်ဈေးမှာ ကုဗတစ်ပေလျှင်ပေါင်ပေါင်း ၃၄ဝ ခန့်ရှိလေသည်။ သိပ္ပံပညာရှင်များက ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုအတွင်း၌ စက်များတည်ထောင်ကြ ပြီးလျှင်သဘာဝဓာတ်ငွေ့များမှ ဟီလီယမ်ကိုထုတ်ယူကြ လေသည်။ ဟီလီယမ်ဓာတ်ငွေ့ကို ထုတ်ယူလိုသောအခါ အလွန်ကြီးမားသည့်ဖိအားဖြင့် သဘာဝဓာတ်ငွေ့ကို အေးစေပြီးလျှင် ကျယ်ပြန့်သွားစေရသည်။
ထိုသို့ ကျုယ်ပြန့်သွားသောအခါ အလွန်အေးသွားသဖြင့် သဘာဝဓာတ်ငွေ့တွင် ပါဝင်လျက်ရှိသောဓာတ်ငွေ့များ အားလုံးကို ဟီလီယမ်မှလွဲလျှင် အရည်ဖြစ်ကုန်ကြသဖြင့် လွယ်ကူစွာဖြင့် ခွဲထုတ်ယူနိုင်လေသည်။ ထိုနည်းဖြင့် ဟီလီယမ်ဓာတ်ငွေ့ကို ယခင်ကထက်ဈေးပေါ၍ ရောင်းချ နိုင်ပေသည်။ ဟီလီယမ်ဓာတ်ငွေ့ကို ပကတိသုညအထက် ၅.၂ ဒီဂရီစင်တီဂရိတ်တွင်သာ အရည်ပျော်အောင် လုပ်နိုင်ပြီးလျှင် ထိုအပူချိန်ဒီဂရီအောက်၌ ကြီးမားသည့် ဖိအားဖြင့် ဟီလီယမ်ကိုအခဲဖြစ်အောင် လုပ်ယူနိုင်လေသည်။
အသုံးပြုခြင်း
ဟီလီယမ်တွင် တုနှိုင်းမဲ့သော ဂုဏ်သတ္တိများ ရှိပါသည်။ ဥပမာအားဖြင့် ရေဆူမှတ်နိမ့်ခြင်း၊ သိပ်သည်းဆ နိမ့်ခြင်း၊ ပျော်ဝင်နိုင်စွမ်း နိမ့်ခြင်း၊ အပူစီးကူးနိုင်မှုကောင်းခြင်း နှင့် တည်မြဲခြင်း တို့ဖြစ်သည်။ ထို့ကြောင့် ၎င်းဂုဏ်သတ္တိများ နှင့် ဆက်စပ်သော မည်သည့် နယ်ပယ်တွင်မဆို ဟီလီယမ်ကို အပြည့်အဝ အသုံးချနိုင်ပါသည်။ ဟီလီယမ်ဓာတ်ငွေ့ကို လေသင်္ဘောများ နှင့် ဓာတ်ငွေ့ ပူဖောင်းများ အတွက် အသုံးချခဲ့ကြပါသည်။ ဟီလီယမ်၏ ပေါ့ပါးမှုဂုဏ်သတ္တိကို အခြေခံ၍ မိုးလေဝသ တိုင်းတာသော ပူဖောင်းများနှင့် အဆင့်မြင့် သုတေသနလုပ်ငန်း များတွင်လည်း အသုံးချခဲ့ကြပါသည်။
ဟီလီယမ်၏ အဓိကအသုံးချမှုမှာ ဓာတ်ငွေ့အချင်းချင်း အလိုအလျောက် ပေါင်းစပ်မှုကို ကာကွယ်တားဆီးရန် ဖြစ်သည်။ အခြားသော အသုံးချမှု အနေဖြင့် ဒုံးပျံလောင်စာ အရည်များကို ဖိအားပေးထားသော ဓာတ်ငွေ့၊ နျူးကလီးယား ဒြပ်ပေါင်းဖိုများတွင် အပူလျော့ချ အအေးပေးသော ငွေ့ရည်ဓာတ်ငွေ့ နှင့် ဓာတ်ငွေ့ အချင်းချင်း သယ်ဆောင်နိုင်သော carrier အဖြစ်သာမက ခေတ်သစ် MRI သံလိုက်အားသုံး စကင်နာတွင် အအေးခံရန် အသုံးပြုနိုင်ပါသေးသည်။
သဘာဝတွင် တွေ့ရှိမှုအခြေအနေ
ဟီလီယမ်သည် ဟိုက်ဒရိုဂျင်ပြီးလျှင် စကြာဝဠာတစ်ခုလုံး၌ ဒုတိယမြောက် အလျှံပယ်ပေါများသော ဒြပ်စင်ဖြစ်သည်။ ဒြပ်ထုပမာဏဖြင့် တိုင်းတာမည်ဆိုလျှင် ၎င်းသည် ဒြပ်စင်အားလုံး၏ ၂၃ ရာခိုင်နှုန်း ပါဝင်ပါသည်။ ဟီလီယမ် ဒြပ်စင်သည် ၎င်းထက်ပိုမို ကြီးမားသော ဒြပ်စင်များ၏ သဘာဝအလျောက် ရေဒီယိုသတ္တိကြွပြိုကွဲမှုများကြောင့် ကမ္ဘာ့မြေထုထဲတွင် ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် ကမ္ဘာ့မျက်နှာပြင် ပေါ်သို့ ပေါ်ထွက်လာပြီးနောက် လေထုထဲသို့ ဝင်ရောက်သွားကြသည်။ ထိုအချက်ကို စဉ်းစားခြင်းဖြင့် လေထုထဲတွင် ဟီလီယမ်၏ ပါဝင်မှု ပိုမိုများပြားလာသည် ကိုသိနိုင်သည်။ (ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် 525 parts per million ရှိပါသည်)။
သို့သော်လည်း ၎င်းဓာတ်ငွေ့၏ နိမ့်ပါးသော မော်လီကျူး အလေးချိန်ကြောင့် အာကာသ အတွင်းသို့သာ ထွက်ရှိလာသော ပမာဏနှင့် ညီမျှစွာ ရောက်ရှိသွားပါသည်။ ၎င်း၏ စုစုပေါင်းဖိအားသည် အလွန်နိမ့်သော်လည်း ဟီလီယမ်သည် အဓိက အရေးပါဆုံးသော ဓာတ်ငွေ့ အဖြစ်တည်ရှိပါသည်။ သဘာဝ ဓာတ်ငွေ့များတွင် ဟီလီယမ်ပါဝင်မှု ပမာဏသည် လေထုထဲတွင် ပါဝင်မှုထက် ပိုမိုပါဝင်ပါသည်။ ကမ္ဘာ့ မျက်နှာပြင်လွှာတွင် ဟီလီယမ်သည် ၇၁ ခုမြောက် အရေးပါဆုံးသော ဒြပ်စင်တစ်ခု ဖြစ်ပါသည်။ ၎င်းကို ကမ္ဘာ မြေကြီး၏ အပေါ်ယံလွှာတွင် 8 parts per billion နှုန်းဖြင့် တွေ့ရှိရသည်။
ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
ဟီလီယမ် ဓာတ်ငွေ့ကို ရှုရှိုက်မိခြင်းဖြင့် မူးဝေခြင်း၊ ထိုင်းမှိုင်းစေခြင်း၊ ခေါင်းကိုက်ခဲခြင်း၊ အသက်ရှုကျပ်ခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။ အရည်ပြားနှင့် ပက်သတ်၍ နှင်းကိုက်နာများ၊ မျက်စိနှင့် ပက်သတ်၍ မျက်စိနာခြင်းများ၊ ကိုက်ခြင်း များဖြစ်စေနိုင်ပါသည်။ အောက်ဆီဂျင် နည်းပါးသော နေရာများတွင် ဟီလီယမ်ဓာတ်ငွေ့ကို ရှုရှိုက်မိပါက အသက်ရှုကျပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် ၎င်းဓာတ်ငွေ့ရှိသော နေရာများသို့ ဝင်ရောက်မည်ဆိုလျှင် လေထုထဲတွင် ရှိနိုင်သော အောက်ဆီဂျင်ပမာဏကို ဦးစွာ စစ်ဆေးရပါမည်။ စံအခြေအနေ၌ ရှိသော သဘာဝ ဟီလီယမ်သည် အဆိပ်မဖြစ်နိုင်ပါ။ ဇီဝဗေဒတွင် ပုံသေ သတ်မှတ်ချက် မရှိသော်လည်း လူ့သွေးထဲတွင် ဟီလီယမ် ပမာဏ အနည်းငယ်ရှိသည်ကို တွေ့ရှိရပါသည်။
မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၁၃
Myanmar Wikipedia