ဟိုင်းအီနာကောင် သည် ဝံပုလွေနှင့် ခပ်ဆင်ဆင်တူသော တိရစ္ဆာန်တစ်မျိုးဖြစ်သည်။ အဘိဓာန်တွင်မူ “အာဖရိကနှင့်အာရှတိုက်တို့တွင်တွေ့ရသည့်ခွေးနှင့်တူ၍အုပ်ဖွဲ့နေတတ်ကာအသေကောင်ကိုစားလေ့ရှိသော၊လှောင်ရယ်သံအလားအော်မြည်တတ်သည့်တောရိုင်းတိရစ္ဆာန်” ဟု ဖွင့်သည်။
ဟိုင်းအီနာကောင်သည် စိတ်တက်ကြွသောအခါ များတွင် ရူးသွပ်နေသူ၏ ရယ်သံ ကဲ့သို့သော အသံကို ပြုလုပ် တတ်လေသည်။ ဟိုင်းအီနာကောင်သည် ကြည့်၍ နှစ်မြို့ဖွယ် မကောင်းချေ။ ယင်း၌ ကြောက်မက်ဖွယ်ကောင်းသော မျက်စိ များ ရှိသည်။
ဟိုင်းအီနာတွေ ဘယ်လိုရယ်သလဲ ဗီဒီယို
ဟိုင်းအီနာကောင်၏ နားရွက်များသည် ရှည်၍ ထောင်နေကြလေသည်။ နောက် ခြေထောက်များသည် ရှေ့ ခြေထောက်များထက် တိုသဖြင့် အကြည့်ရဆိုးပြီးလျှင် ကျောကုန်းနေပုံရလေသည်။ ခြေထောက်များတွင် ခြေချောင်း ကလေးပေါင်း လေးချောင်းစီသာ ရှိသည်။
အရွယ်အစားအားဖြင့် ခန္ဓာကိုယ်အလျား ၅ပေခန့် ၊ အမြင့် ၂ပေခွဲကျော် နှင့် အလေးချိန် ည၉၀ပေါင်ခန့် ရှိတတ်သည်။ အမများသည် အထီးများထက် ခန္ဓာကိုယ်အရွယ်အစား ပို၍ ကြီးသည်။ အစုအဖွဲ့ဖြင့် နေတတ်ပြီး တခါတရံ ဟိုင်းအီနာ တစ်အုပ်စုသည် အကောင် ၈၀ခန့်အထိပါဝင်တတ်သည်။
ငြိမ်သက်စွာ ရပ်၍နေသော တိရစ္ဆာန်တစ်ကောင်ကိုပင် ဟိုင်းအီနာကောင်သည် ကိုက်ခဲလေသည်။ သို့သော် မြင်းနှင့် ကျွဲ၊ နွားများသည် ယင်းအား တွေ့သောအခါ ကြောက်၍ အားကုန်ပြေးကြလေသည်။ နောက်ဆုံးတွင် အမောဆို့၍ သေကုန်ကြလေသည်။ ထိုကဲ့သို့သော အသေကောင်များနှင့် အခြား တိရစ္ဆာန်များ ကိုက်သတ်ထားသည့် တိရစ္ဆာန်များကို ဟိုင်းအီနာကောင်များ တွေ့သောအခါတွင် စားကြလေသည်။
တခါတရံ အုပ်စုတောင့်လျှင် အင်အားကြီးမားသည့် ခြင်္သေ့ ၊ ကျားသစ်စသော တောကောင်ကြီးများကိုပင် ပြန်လည်တိုက်ခိုက်တတ်သည်။ မျိုးတူအချင်းချင်းလည်း ပြန်စားတတ်သည့် တိရစ္ဆာန်မျိုးဖြစ်သည်။
ရှေးအခါက ထိုတိရစ္ဆာန်များသည် အာဖရိကတိုက်နေ လူများ၏အိမ်သို့ ညဉ့်အခါ ဝင်ရောက်ပြီးလျှင် မိဘများ၏ နံဘေးတွင် အိပ်ပျော်နေကြသော ကလေးငယ်ကို ကိုက်ချီ၍ သွားတတ်ကြသည်။ ထိုကြောင့် လူများက ထို ဟိုင်းအီနာ ကောင်များကို လွန်စွာကြောက်ရွံ့ကြလေသည်။ ထိုတိရစ္ဆာန်သည် နေ့အခါများတွင် ဂူနှင့်တွင်းများတွင် အိပ်၍ နေတတ်ကြပြီးလျှင် ညဉ့်အခါများတွင်သာ ထွက်၍ အခြားသားရဲတိရစ္ဆာန်များ ကိုက်သတ်၍ ထားခဲ့သော အသေ ကောင်များကို ရှာဖွေ စားသောက်ကြသည်။
ဟိုင်းအီနာကောင်၌ သန်မာသည့် မေးရိုးကြီးများနှင့် သွားများရှိသည်။ ထိုသွားများဖြင့် ကျွဲ၊ နွားတို့၏ ခြေ ထောက်ရိုးများကိုပင် ကွဲအောင် ကိုက်နိုင်လေသည်။ အသားမရှိတော့သော အရိုးများကိုသာ တွေ့ရသောအခါ မျိုးတွင် ဟိုင်းအီနာကောင်သည် ထိုနည်းဖြင့် အရိုးတွင်းရှိ ခြင်ဆီကို ထုတ်ယူ၍ စားသောက်လေသည်။ ဟိုင်းအီနာကောင် သုံးမျိုးရှိရာ ဟိုင်းအီနာအကျား၊ အညိုနှင့် အပြောက်ဟူ၍ ဖြစ်သည်။
ဟိုင်းအီနာအကျား၏ အရောင်မှာ အညိုရောင်ဖြစ်ပြီးလျှင် ယင်း၏ ဘေးဘက်များ၌ အထက်နှင့်အောက် အမည်ကျားများ ရှိသည်။ ဟိုင်းအီနာအပြောက်နှင့် ဟိုင်းအီနာအညိုတို့သည် အာဖရိကတိုက်ရှိ ဆဟားရားသဲကန္တရ၏ တောင်ဘက်တွင် နေထိုင်ကြ၍ ဟိုင်းအီနာ အကျားသည် အာဖရိကတိုက် အရှေ့ပိုင်းနှင့် အာရှတိုက် တောင်ပိုင်း၊ အီသီယိုးပီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံအထိ ပြန့်နှံနေ ကြလေသည်။
ဟိုင်အီးနာအမသည် တစ်ခါကိုယ်ဝန်ဆောင်လျှင် နှစ်လခွဲခန့်သာကြာမြင့်ပြီး ၂ကောင်မှ ၄ကောင်အထိ မွေးတတ်သည်။ ဟိုင်းအီနာမိခင်သည် မွေးကင်းစ ဟိုင်းအီနာကောင်များကို ၄ပတ်ခန့် အထိသာ စောင့်ရှောက်ကြသည်။ မွေးကင်းစအကောင်လေးများသည်ပင် အချင်းချင်းသေလုမျောပါးတိုက်ခိုက်တတ်သည်။ ၅လသားအရွယ်တွင် အသားကို စားတတ်နေပြီဖြစ်သည်။
ဟိုင်းအီနာကောင်သည် ဟိုင်းအင်ဒီးမျိုးတွင် ပါဝင်၍ ဟိုင်းအီနာအကျားကို ပါဏဗေဒအရ ဟိုင်းအင်နာ ဟိုင်းအင်နာ ဟူ၍လည်းကောင်း၊ ဟိုင်းအီနာအညိုကို ဟိုင်းအင်နီဒီးဗရွန် နီယာ ဟူ၍လည်းကောင်း၊ ဟိုင်းအီနာအပြောက်ကို ကရို လူတာ ကရိုလူတာဟူ၍လည်းကောင်း ခေါ်လေသည်။
အာဖရိကအချို့နေရာများတွင် ဟိုင်းအီနာကောင်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားကြသည်။ တောထဲတွင်နေထိုင်သည့် ဟိုင်းအီနာကောင်များ၏ ပျမ်းမျှသက်တမ်းမှာ ၁၂နှစ်ခန့်သာ ဖြစ်သော်လည်း တိရစ္ဆာန်ရုံများတွင်မှု ၂၅နှစ်ခန့်အထိ အသက်ရှည်တတ်ကြလေသည်။
VIDEO
မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၁၄
Hyena softschool facts