ကျွန်တော်တို့ငယ်စဉ်က ကျောင်းစာမှာသင်ခဲ့ရတဲ့ ဟမ်မူရာဘီကိုယ်ဓဥပဒေ ရေးထိုးထားတဲ့ ကျောက်တိုင် ဆိုတာဒီပုံပါ။
လွန်ခဲ့သောနှစ်ပေါင်း ၃၇၀၀ ခန့်က ဘေဘီလုံပြည်ကြီးကို အုပ်စိုးခဲ့တဲ့ ဟမ်မူရာဘီ ဘုရင်လက်ထက် မှာရေးထိုးခဲ့တာဖြစ်ပြီး ဥပဒေပေါင်း ၂၈၂ ချက် စာကြောင်းပေါင်း ၄၀၀၀ ခန့် ပါဝင်ပါတယ်။
ကမ္ဘာ့ရှေးအကျဆုံး ကျောက်စာတွေထဲမှာ ပါဝင်နေပြီး အရွယ်အစားအားဖြင့်တော့ ၇ပေခွဲမြင့်ကာ ၂၆လက်မ ခန့်အကျယ်ရှိကာ မီးတောင်ချော်နက်ကျောက် အမျိုးအစားဖြစ်ပါတယ်။ ကျောက်တိုင်ရဲ့ပုံသဏ္ဍာန်ကတော့ လက်ညိုးပုံသဏ္ဍာန် ဖြစ်ပြီး ဒီလိုပုံစံကျောက်တိုင်မျိုးကို diorite stele လို့ခေါ်ပါတယ်။
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းလို့ ထင်ရှားတဲ့ ဒီကျောက်တိုင်မှာ ဥပဒေတွေကို အုပ်စုလိုက်ခွဲရေးထားပါတယ်။ နိဒါန်း ၊ ဥပဒေနည်းလမ်းများ ၊ အိမ်ထောင်စုဆိုင်ရာ ၊ ကျွန်များနှင့်ဆိုင်ရာ ၊ ကုန်သည်ရေးနှင့် စီးပွားရေး ၊ ဘာသာရေးဆိုင်ရာ နဲ့ နိဂုံးတို့ ပါဝင်ပါတယ်။
ရှေးခေတ်မတ်ဆိုပိုတေးမီးယားဒေသမှာ ထင်ရှားခဲ့တဲ့ Akkadian ဘာသာနဲ့ ရေးထွင်းထားခြင်းဖြစ်ပါတယ်။ ကျောက်တိုင်ပေါ်မှာတော့ ဘေဘီလုံတို့ရဲ့နေနတ်ဘုရား Shamash က ဟမ်မူရာဘီဘုရင်ကို ဥပဒေအား ပေးနေဟန် ကို ပုံဖော်ထားပါတယ်။
ဒီကျောက်တိုင်ကို ၁၉၀၁ ခုနှစ်မှာ ဘေဘီလုံနဲ့ မိုင်ပေါင်း ၂၅၀ အကွာက Susa မြို့ဟောင်းကနေ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အကြောင်းကတော့ ဘီစီ ၁၂ရာစုခန့်မှာ Elamite ဘုရင် Shutruk-Nahhunte က Susa ကို ယူဆောင်ခဲ့လို့ဖြစ်ပါတယ်။
တွေ့ရှိစဉ်က ဒီကျောက်တိုင်ဟာ အပိုင်း ၃ပိုင်း ကျိုးနေခဲ့ပါတယ်။ အဲဒီနောက်တော့ ပြင်သစ်ကို သယ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ပါရီမြို့ Louvre ပြတိုက်မှာ ပြသထားပါတယ်။