သကြားဆိုတာ ကျွန်တော်တို့ နေ့စဉ်စားနေတဲ့အစားအသောက် အများစုမှာ ပါနေတဲ့ အရာဖြစ်ပါတယ်။ စားသောက်ဖို့ အပြင်သကြားရဲ့ အသုံးဝင်တဲ့ နည်းလမ်းအနည်းငယ်ကိုသာ လူအများစု သိကြပါတယ်။
တကယ်တော့ သကြားမှာ အသုံးဝင်နည်းလမ်းတွေများစွာ ရှိပါသေးတယ်။ သကြားရဲ့ လူသိနည်းတဲ့ လက်တွေ့အသုံးဝင်နည်းလမ်းလေးတွေကို သုတဇုန်မိတ်ဆွေများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
ပွန်းရာ ၊ ပဲ့ရာ ၊ ထိခိုက်ရာ
ပွန်းရာပဲ့ရာ ထိခိုက်ရာတွေကို မတော်တဆ ကြုံတယ်ဆိုပါစို့။ ဒီအခါမျိုးမှာ သုံးစရာဆေးဝါး နဲ့ ကုသဖို့ အလွယ်တကူမရှိနေဘူး ဆိုရင် သကြားကို သုံးနိုင်ပါတယ်။ သကြားပွင့်တွေကို ဒါဏ်ရာပေါ်မှာ ဖြန်းပေးခြင်းအားဖြင့် နာကျငင်မှုကိုသက်သာစေပြီး ဒါဏ်ရာကို တဖြည်းဖြည်းပြန်ကောင်းလာစေပါတယ်။
နှုတ်ခမ်းခြောက် ၊ နှုတ်ခမ်းကွဲ
နှုတ်ခမ်းတွေခမ်းခြောက်ပြီး အက်နေတဲ့အခါမျိုးမှာ သကြားကို သုံးနိုင်ပါတယ်။ သုံးနည်းကတော့ လက်ညိုးကိုရေထိပြီး သကြားအနည်းငယ်ပေါ်ကို တို့ပါ။ ပြီးတော့ နှုတ်ခမ်းတစ်ဝိုက်ကို ပွတ်လိမ်းပေးလိုက်ပါ။ ခြောက်သွေ့အက်ကွဲတဲ့ သင့်နှုတ်ခမ်းဟာ သိသာစွာ သက်သာလာစေမှာပါ။
မျက်နှာသစ် Scrub
သကြားကို မျက်နှာသစ် Scrub အဖြစ်လည်းသုံးနိုင်ပါသေးတယ်။ အသုံးပြုပုံကတော့ သကြားစားပွဲတင်ဇွန်း ၁ဇွန်း ၊ ဂျုံမှုန့် ၁ဇွန်း နဲ့ နို့ ၁ဇွန်းတို့ကို သမအောင်ရောနယ်ပါ။
ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ ငါးမိနစ်ခန့် စက်ဝိုင်းပုံလိမ်းပေးရင်း နှိပ်နယ်ပါ။ အဲဒီနောက် ရေအေးနဲ့ မျက်နှာသစ်လိုက်တဲ့အခါမှာတော့ သင့်ရဲ့မျက်နှာဟာ ချောမွေ့ပြီး သန့်ရှင်းသွားတာကို တွေ့ရပါလိမ့်မယ်။
ဘော်ဒီ Scrub
ယနေ့ခေတ်မှာ ခန္ဓာကိုယ်ကို သန့်ရှင်းချောမွေ့စေတဲ့ ဘော်ဒီ Scrub တွေဟာ ဈေးကြီးလာပါပြီ။ ဒီအခါမျိုးမှာ ပိုက်ဆံကုန်မှာလန့်နေရင် သကြားကိုပဲ သုံးလိုက်ပါ။ လိုတာကတော့ သကြား နဲ့ ဟင်းရွက်ဆီ(သံလွင်ဆီ ဆိုရင်ပိုကောင်းပါတယ်)။
သကြား စားပွဲတင်ဇွန်း ၃ဇွန်းကို ဟင်းရွက်ဆီ ၄ဇွန်း နဲ့ ရောမွေပြီး ရလာတဲ့အနှစ်နဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်အား စက်ဝိုင်းပုံပွတ်တိုက်ပါ။ ပြီးရင်တော့ အနည်းငယ်နွေးတဲ့ရေနဲ့ လောင်းချပေးလိုက်ရင် တန်ဖိုးကြီး Scrub တွေလိုပဲ ခန္ဓာကိုယ်ကို သန့်ရှင်းချောမွေ့သွားစေမှာပါ။
ကွတ်ကီး ၊ မုန့်ကြွပ်များ
ကွတ်ကီး မုန့်ကြွပ်တွေ ကြာရှည်ခံပြီး လတ်ဆတ်နေစေချင်ရင် သကြားတုံးလေး နှစ်တုံးလောက်ကို ကွတ်ကီးတွေနဲ့အနီးကပ်ထားပေးလိုက်ပါ။
ခြေဖဝါးများအတွက်
မျက်နှာ ၊ ခန္ဓာကိုယ်တို့လိုပဲ ခြေဖဝါးအတွက်လည်း သကြားကို အသုံးပြုနိုင်ပါသေးတယ်။ သိကြား နဲ့ ဆီတစ်မျိုးမျိုး(peppermint ဆီကတော့ အကောင်းဆုံးပါ) ကို ရောနယ်ပြီး ခြေဖဝါးတွေ ကို မိနစ်အနည်းငယ် ကြမ်းကြမ်းလေးပွတ်တိုက်ပေးလိုက်ပါ။ သကြားဟာ ဆဲလ်သေတွေကိုဖယ်ရှားပစ်ပြီး ဆီကတော့ခြေဖဝါး ဖနှောင့်တို့ကို ပျော့ပြောင်းစေပါလိမ့်မယ်။
လက်သန့်ရှင်းမယ်
အင်ဂျင်ဝိုင် နဲ့ အခြားအစွန်းအထင်းတစ်ခုခုကိုင်မိတဲ့အခါမျိုးမှာ ဆပ်ပြာနဲ့အကြိမ်ကြိမ်ပွတ်တိုက်တာတောင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီနေရာမှာ သကြားကို တစ်ကြိမ်သုံးပြီး လွယ်ကူစွာ လက်ကိုသန့်ရှင်းနိုင်ပါတယ်။
သကြားကို ဆီတစ်မျိုးမျိုးနဲ့ အတူ လက်ဖဝါးနှစ်ဖက်ကို နာနာပွတ်တိုက်လိုက်ပါ။ ဒါဆိုရင် ရေဆေးချလိုက်တာနဲ့ အစွန်းတွေ သန့်ရှင်းသွားတာကို တွေ့ရပါလိမ့်မယ်။
အဝတ်စွန်းတွေကို သန့်မယ်
သကြားဟာ အဝတ်တွေ စွန်းထင်းတာကို သန့်ရှင်းနိုင်ပါသေးတယ်။ အစွန်းအထင်းတိုင်းကို မပျောက်စေနိုင်ပေမယ့် တော်ရုံအစွန်းအထင်းလောက်ကိုတော့ ပျောက်ကင်းစေနိုင်ပါတယ်။
စွန်းနေတဲ့ အဝတ်ပေါ်မှာ သကြားကို ဖြူးပြီး မိနစ် ၃၀ခန့်ထားပါ(ကြာရင်ပိုကောင်းပါတယ်)။ အဲဒီနောက်တော့ ပွတ်တိုက်လိုက်ပါ။တော်ရုံအစွန်းလောက်ဆိုရင်တော့ ပျောက်သွားမှာ အသေအချာပါ။
ပန်းတွေကြာရှည်ခံဖို့
အိမ်က ဘုရားစင်မှာသုံးတဲ့ ပန်းတွေ ၊ ဒါမှမဟုတ်အခြားနေရာမှာ သုံးတဲ့ပန်းတွေ ကြာကြာခံလိုတဲ့အခါမျိုးမှာလည်း သကြားကို သုံးနိုင်ပါသေးတယ်။
လုပ်နည်းကတော့ သကြား စားပွဲတင်ဇွန်း ၃ဇွန်း နဲ့ ရှာလကာရည် ၂ဇွန်းတို့ကို ပန်းအိုးထဲကရေထဲကို ထည့်ပေးထားပါ။ သကြားက အသီးအပွင့်တို့ကိုလန်းစေပြီး ရှာလကာရည်ကတော့ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။
အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ
ဒါကတော့ လူတိုင်းသိထားသင့်တဲ့နည်းလေးတစ်ခုပါ။ တခါတရံ အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ ဘာအကောင်မှန်းမသိပဲ တော်ရုံ ဆေး ၊ အဆီတွေလိမ်းပေးလို့မရပါဘူး။
ဒီအခါမျိုးမှာ သကြားကို အန္တရာယ်ကင်းစွာသုံးနိုင်ပါတယ်။ သကြားအနည်းငယ်ကို အကိုက်ခံရတဲ့ ဒါဏ်ရာပေါ်မှာ ပွတ်ပေးလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အဆိပ်ကိုကာကွယ်ပေးသလို ၊ ရောင်ရမ်းခြင်းဖြစ်မှာလည်း မပူရတော့ပါဘူး။
Source : Bright Side