သွားတိုက်တယ်ဆိုတာ ကျွန်တော်တို့ရဲ့နေ့စဉ်အလုပ်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေများအတွက် သွားတိုက်ရာမှာ သတိထားသင့်တဲ့ အချက်လေးတွေကို ဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။
၁။ မာကြောတဲ့သွားတိုက်တံကို အမြဲ အသုံးပြုခြင်း
မာကြောတဲ့ သွားတိုက်တံကို အမြဲအသုံးပြုခြင်းအားဖြင့် သွားကိုထိခိုက်စေသလို ၊ သွားဖုံးကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်(သို့) ပျော့ပြောင်းတဲ့ သွားတိုက်တံတွေကိုသာ ရွေးချယ်သင့်ပါတယ်။
၂။ မှားယွင်းတဲ့ သွားတိုက်နည်းကို အသုံးပြုခြင်း
အများစုမှန်မှန်ကန်ကန် တိုက်နေကြပေမယ့် လူအချို့ကတော့ မှားယွင်းနေကြတုန်းပါ။ သွားတိုက်ရာမှာ စက်ဝိုင်းပုံစံ (သို့) အရှေ့အနောက် ကန့်လန့် (သို့) အနည်းငယ်စောင်းကာ တိုက်နေကြလေ့ရှိပါတယ်။ ဒါဟာ မှားယွင်းတဲ့နည်းစနစ်ပါ။ ဒီလိုတိုက်ခြင်းဟာ သွား နဲ့ သွားကြားထဲက အညစ်အကြေးတွေကို မစင်ကြယ်နိုင်ပါဘူး။ ဒါကြောင့် နည်းစနစ်မှန်ဖြစ်တဲ့ အထက်အောက်တိုက်နည်းကိုသာ အသုံးပြုသင့်ပါတယ်။
၃။ သွားတိုက်တံတစ်ချောင်းတည်း ကို ကြာရှည်စွာအသုံးပြုခြင်း
သွားတိုက်တံကို လူအချို့ဟာ နောက်ဆုံးတိုက်လို့မရတဲ့အထိ ကြာမြင့်စွာ အသုံးပြုတတ်ကြပါတယ်။ ဒါဟာအလွန်မှားယွင်းပါတယ်။ သွားတိုက်တံ ၁ချောင်းရဲ့ပျမ်းမျှသက်တမ်းဟာ ၃လ သာ ရှိလို့ပါပဲ။ သက်တမ်းကုန်နေတဲ့ သွားတိုက်တံကိုသုံးခြင်းအားဖြင့် သွားနဲ့ သွားဖုံးကိုထိခိုက်စေပြီးတစ်ခါတစ်ရံ သွေးပါထွက်တတ်တာကြောင့် ၃လ တစ်ကြိမ်မှန်မှန်လည်းပေးဖို့ လိုအပ်ပါတယ်။
၄။ အစားစားပြီးတာနဲ့ ချက်ခြင်းသွားတိုက်ခြင်း
သန့်ချင်တဲ့ လူအချို့ဟာ အစာစားပြီးတာနဲ့ ချက်ချင်းသွားတိုက်တတ်ကြပါတယ်။ ဒါဟာသွားကို ထိခိုက်စေပါတယ်။ အစာစားဖို့အတွက် ပါးစပ်ဟာ သွားရည်ကိုထုတ်ပေးရတဲ့အတွက် ဒီအချိန်မှာ အက်ဆစ်ဓာတ်မြင့်နေတတ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် အစာစားပြီး မိနစ် ၃၀ခန့် ခြားပြီးမှ သွားတိုက်သင့်ပါတယ်။
၅။ သွားကြားထိုးကြိုးအသုံးမပြုခြင်း
သွားကြားထဲမှာ အစာတွေကျန်နေရင် သွားကိုပျက်စီးစေတာ သိပြီးဖြစ်မှာပါ။ တစ်ခါတစ်ရံ သွားတိုက်ပြီးပေမယ့် အစာတွေကျန်နေတတ်ပါတယ်။ ဒါကြောင့် သွားကြားထိုးကြိုးကို အသုံးပြုသင့်တာပဲ ဖြစ်ပါတယ်။ သွားကြားထိုးကြိုးမသုံးချင်ရင်တော့ သွားကြားထိုးတံကို အသုံးပြုနိုင်ပါတယ်။(သွားကြားထိုးတံနဲ့ အတင်းမထိုးမိဖို့တော့ သတိထားရပါမယ်၊ သွားတွေကို ကျဲသွားစေတတ်လို့ဖြစ်ပါတယ်။)
၆။ သွားတိုက်ချိန် ၂ မိနစ်ထက်လျော့နည်းခြင်း
သွားတစ်ခါတိုက်တဲ့အခါ တစ်ချို့လူတွေဟာ စက္ကန့် ၃၀ လောက်နဲ့ပြီးသွားတတ်ပါတယ်။ အလျှင်စလိုတိုက်တဲ့အတွက် သွားတွေအတွက် သိပ်မထိရောက်ပါဘူး။ ဒါကြောင့် သွားတိုက်တဲ့အခါ အနည်းဆုံး ၂မိနစ်ခန့်အချိန်ပေးပြီး ပုံမှန်လေးတိုက်သင့်ပါတယ်။
၇။ လျှာကို မသန့်ရှင်းခြင်း
လူအများစုဟာ သွားတိုက်တဲ့အခါ လျှာကိုသန့်ရှင်းလေ့မရှိကြပါဘူး။ သွားတိုက်ပေမယ့် လျှာကိုမတိုက်ရင် သွားကို ကျန်းမာသန့်ရှင်းစေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လျှာမှာ ဘတ်တီးရီးယားတွေခိုအောင်းနေတတ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်သွားတိုက်ပြီးတာနဲ့ လျှာကိုသန့်ရှင်းဖို့လည်း မမေ့ပါနဲ့။
၈။ သွားတိုက်တံကို ရေချိုးခန်းမှာထားခြင်း
ကျွန်တော်တို့အများစု မှားနေတဲ့အရာပါ။ တကယ်တော့ သွားတိုက်တံကို ရေချိုးခန်းမှာမထားပဲ အပြင်တစ်နေရာရာမှာ ထားသင့်ပါတယ်တဲ့ ။ ရေချိုးခန်းထဲမှာ ဘတ်တီးရီးယားတွေပေါက်ဖွားရှင်သန်နေတတ်လို့ပဲဖြစ်ပါတယ်။ (အိမ်သာနဲ့တွဲလျက် ရေချိုးခန်းတွေဆို ပိုဆိုးနိုင်ပါတယ်)
၉။ တစ်နေ့ ၂ ကြိမ်ထက် သွားပိုတိုက်ခြင်း
မြင်ဖူးကြပါလိမ့်မယ် ။ တချို့ဆို ၃ ကြိမ်တိုက်တတ်သလို ဒီထက်ပိုသန့်ရှင်းစေချင်တဲ့သူတွေက ၄ကြိမ် ၊ ၅ကြိမ် အထိ (သို့) အစာစားပြီးတိုင်း သွားတိုက်တတ်လေ့ရှိပါတယ်။ များများတိုက်လေ များများသန့်ရှင်းလေ လို့ထင်ကြပါတယ်။ တကယ်တော့ သန့်ရှင်းပေမယ့် သွားကိုပျက်စီးစေနိုင်ပါတယ်။ သွားတွေရဲ့ ခံနိုင်အားဟာ အတိုင်းအတာတစ်ခုအထိသာ ရှိပါတယ်။ ခဏခဏတိုက်ခြင်းအားဖြင့် သွားကြွေလွှာတွေကိုပျက်စီးစေနိုင်တာကြောင့် တစ်နေ့ကို ပုံမှန် ၂ကြိမ်ပဲ တိုက်သင့်ပါတယ်။
အထက်ပါအချက်တွေကတော့ သွားတိုက်ရာမှာ ရှောင်ကြဉ်သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။
ကျန်းမာ လှပ သန့်ရှင်းတဲ့ သွားများကို ပိုင်ဆိုင်နိုင်ကြပါစေ
သုတဇုန်