ဆာဟာရ သဲကန္တာရထဲက နှစ်ထောင်ချီသက်တမ်းရှိတဲ့ ရောမမြို့ဟောင်း

Posted on

ဘီစီ ၁ရာစုမှာ စတင်တည်ထောင်ခဲ့တဲ့ ရောမ အင်ပါယာဟာ အေဒီ ၁၅ စုထိတိုင်အောင် တည်တံ့ခဲ့ပါတယ်။ တချိန်က ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးအင်ပါယာဖြစ်ခဲ့တဲ့ ရောမတွေဟာ နယ်ပယ်များစွာကို သိမ်းပိုက်ရင်း ရောမ ဗိသုကာလက်ရာ မြို့တွေကို နေရာအနှံ့မှာ တည်ဆောက်ခဲ့ကြပါတယ်။

အဲဒီအချိန်က ထိပ်တန်းအင်ဂျင်နီယာပညာကို ပိုင်ဆိုင်ထားတဲ့ ရောမပညာရှင်တွေဟာ ယနေ့ထက်တိုင် အံသြဖွယ်ဖြစ်နေတဲ့ ဧရာမဇာတ်ရုံကြီးတွေ ၊ စုစုပေါင်း မိုင် ထောင်သောင်းချီတဲ့ကျောက်ခင်းလမ်းတွေ ၊ အခြားအဆောက်အအုံတွေ တံတားတွေကို တည်ဆောက်ခဲ့ကြသလို မြို့ကွက်ဖော်ရာမှာလည်း ညီညာစနစ်ကျလွန်းနေတာကို မြို့ဟောင်းတွေကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်။

ရောမတွေဟာ သူတို့ရဲ့မြို့တွေကို ဥရောပမှာ အများဆုံး တည်ဆောက်ခဲ့ကြတာဖြစ်ပြီး အချို့ကိုတော့ အာဖရိကမှာ တည်ဆောက်ခဲ့ပါတယ်။ အာဖရိကမှာ တည်ဆောက်ခဲ့တဲ့ ရောမမြို့ဟောင်းတွေအနက် အထင်ရှားဆုံးကတော့ ဆာဟာရသဲကန္တာရနယ်မြေ အယ်လ်ဂျီးရီးယားက အိုးရ်တောင်တန်းဒေသမှာ တည်ရှိနေပါတယ်။ ဒီရောမမြို့ဟောင်းရဲ့ အမည်ကတော့ တင်မ်ဂတ်ဒ် Timgad ဖြစ်ပါတယ်။

တင်မ်ဂတ်ဒ် လို့သိကြပေမယ့် သူ့ရဲ့မူလအမည်ကတော့ Marciana Traiana Thamugadi ဆိုပြီးဖြစ်ပါတယ်။ ဒီမြို့ကိုတော့ အေဒီ ၁၀၀ ခန့်မှာ ရောမဧကရာဇ် ထရာဂျန်က တည်ထောင်ခဲ့တာပါ။ ဘုရင်ရဲ့ မိခင် ၊ အစ်မ နဲ့ ဖခင်ဖြစ်သူတို့ရဲ့အမည်ကို ပေါင်းစပ်ပြီး မြို့အမည်ကိုပေးခဲ့တာ ဖြစ်ပါတယ်။ ဒီမြို့ကို တည်ဆောက်ရခြင်းကတော့ ဒီမြို့မှာ ရောမတို့အခြေချပြီး အာဖရိကမြောက်ပိုင်းက ဘာဘာစ်တို့ရဲ့ ရန်ကနေ တွန်းလှန်ဖို့ ဖြစ်ပါတယ်။

မူလကတော့ ဒီမြို့မှာ ရောမစစ်ပြန်တွေ နေထိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရိုမန်နီလူမျိုး ၁သောင်းလောက်လည်း ပူးပေါင်းနေထိုင်လာကြပါတယ်။ စတင်တည်ထောင်စဉ်ကနေ နှစ်ရာနဲ့ချီပြီး အေးချမ်းခဲ့ကာ အေဒီ ၃ ရာစုမှာတော့ ခရစ်ယာန်ဘာသာရေးရဲ့ အဓိကနေရာ တခုဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း သုံးရာကျော် သာယာစည်ပင်ခဲ့တဲ့ ဒီမြို့ဟာ အေဒီ ၅ ရာစုမှာတော့ ဗန်ဒယ်လူမျိုးတွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရာကနေ နေထိုင်သူတွေဟာ မြို့ကို တဖြည်းဖြည်းစွန့်ခွာခဲ့ကြပါတယ်။

အေဒီ ၅၃၅ ၊ ဒီမြို့ကို ဘိုင်ဇန်တိုင်းစစ်ဗိုလ် ဆော်လမွန်ရောက်ခဲ့ချိန်မှာတော့ မြို့ဟာ နေထိုင်သူ ကင်းမဲ့နေပါပြီ။ အေဒီ ၇ ရာစုမှာတော့ စွန့်ပစ်မြို့ဖြစ်သွားခဲ့ပြီး ဆာဟာရသဲကန္တာရဲ့ ဖုံးလွှမ်းမှုကြောင့် ဒီမြို့ဟာ ပျောက်ကွယ်ခဲ့သလို ဖြစ်ခဲ့ရပါတယ်။ ၁၈ ရာစုမှာမှ စကော့ နယ်မြေရှာဖွေသူ ဂျိမ်းစ်ဘရုစ်က အာဖရိကမြောက်ပိုင်းကို လာရောက်ရာကနေ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့မှတ်တမ်းထဲမှာတော့ ခမ်းနားတဲ့အဆောက်အအုံဟောင်းတွေနဲ့ ပြည့်နှက်နေတဲ့ မြို့ဟောင်းတမြို့လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။

ပြင်သစ်ပညာရှင်တွေဟာ ၁၉၆၀ ခုနှစ်အထိ နှစ်ပေါင်း ၈၀လောက် ဆက်တိုက် စနစ်တကျတူးဖော်ခဲ့ရာမှာတော့ ရောမမြို့ဟောင်းတမြို့လုံး ပြန်ပေါ်လာခဲ့ပါတယ်။ ရောမမြို့ကွက်စီမံမှု စနစ်အတိုင်း လေးထောင့်စက်စက်ပုံသဏ္ဍန် တည်ဆောက်ထားတာဖြစ်ပါတယ်။ အဓိက လမ်းမကြီး ၆လမ်း နဲ့ တည်ဆောက်ထားတာဖြစ်ပြီး အိမ်တွေ ၊ ဘာသာရေးအဆောက်အဦးတွေ ၊ ရေချိုးကန်တွေ ၊ မုခ်ခုံးတွေ နဲ့အတူ ကြီးမားတဲ့ အမိုးပွင့်ဇာတ်ရုံကြီး တရုံလည်း ပါဝင်နေပါတယ်။

ဒီမြို့ပတ်ဝန်းကျင်ဟာ အဲဒီအချိန်က မြေသြဇာကောင်းခဲ့ပြီး စုစုပေါင်းနေထိုင်သူဦးရေ တသောင်းခွဲခန့်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ မြို့ရဲ့အဆောက်အဦး အပျက်အစီးတွေထဲမှာ အထင်ရှားဆုံးအရာကတော့ မြို့အနောက်ပိုင်းမှာ ရှိတဲ့ မုခ်ခုံးကြီး ဖြစ်ပါတယ်။ ပေ ၄၀ ခန့်မြင့်တဲ့ ဒီမုခ်ခုံးဟာ ထရာဂျန်မုခ်ခုံးလို့ အမည်ရပြီး ပျက်စီးနေတာကြောင့် ၁၉၀၀ ပြည့်နှစ်မှာ တစိတ်တပိုင်း ပြုပြင်ခဲ့ရပါသေးတယ်။

ဂျူပီတာနတ်ဘုရားကို ရည်ညွှန်းကိုးကွယ်တဲ့ Capitoline ဘုရားကျောင်းအပြင် ဘိုင်ဇန်တိုင်းအင်ပါယာက တည်ဆောက်ခဲ့တဲ့ ခံတပ်ဟောင်း တခုဟာလည်း ရှိနေပါတယ်။ ဒီမြို့မှာ ကြီးကျယ်ခမ်းနားတဲ့ စာကြည့်တိုက်ကြီး တခုလည်း ရှိခဲ့ပါသေးတယ်။ Julius Quintianus ဆိုသူက လှူဒါန်းခဲ့တာဖြစ်ပြီး ဆောက်လုပ်စရိတ် ရှေးခေတ်ရောမဒင်္ဂါး ၄သိန်းခန့် ကုန်ကျခဲ့ပါတယ်။ အင်္ဂလိပ်အက္ခရာ U ပုံစံရှိပြီး အခန်းပေါင်းများစွာ နဲ့အတူ စာလိပ်ပေါင်း ၃၀၀၀ ခန့်ကို ထိန်းသိမ်းထားရှိခဲ့တဲ့ ဒီစာကြည့်တိုက်ကြီးဟာ ယခုအခါမှာတော့ နံရံပဲ ကျန်ရှိပါတော့တယ်။

ဒီရောမမြို့ဟောင်းဟာ ယနေ့အချိန်မှာတော့ အယ်ဂျီးရီးယား ဘတ်နာပြည်နယ်ရဲ့မြို့တော် ဘတ်နာမြို့ရဲ့ အရှေ့ဘက် ၃၅ ကီလိုမီတာခန့် အကွာအဝေးမှာ တည်ရှိနေပါတယ်။ စနစ်တကျစောင့်ရှောက်ထားရှိတဲ့ တင်မ်ဂတ်ဒ် မြို့ဟာ ၁၉၈၂ ခုနှစ်ကတည်းက ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုအဖြစ် ထည့်သွင်းသတ်မှတ်ခံခဲ့ရပါတယ်။ နှောင်းလူတွေဟာ ရောမတို့ရဲ့ ဗိသုကာပညာအဆင့်အတန်း ခမ်းနားစနစ်ကျပုံကို ဒီမြို့ဟောင်းကနေ တဆင့်လေ့လာနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *