ကင်းမြီးကောက်တွေထဲမှာ အဆိပ်အပြင်းဆုံးလို့ဆိုရမှာကတော့ သဲကန္တာရသေမင်းလို့ ခေါ်လေ့ရှိကြတဲ့ Deathstaker ကင်းမြီးကောက်တွေပဲဖြစ်ပါတယ်။ အဆိပ်အလွန်ပြင်းတဲ့ Deathstaker တွေဟာ ချုံနွယ်ထူထပ်တဲ့ဒေသနဲ့ သဲကန္တာရဒေသတွေမှာနေထိုင်ကြ ပါတယ်။ သူတို့ကို အစ္စရေးက အဝါရောင်ကင်းမြီးကောက် လို့လည်း လူသိများပါတယ်။
ကင်းမြီးကောက်တွေထဲမှာတော့ အကြီးဆုံးတွေဖြစ်တဲ့ Buthidaeမျိုးစိတ်တွေ ဖြစ်တဲ့ Deathstaker တွေဟာဒေသအလိုက် ကွဲပြားတဲ့အခေါ်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ သိပ္ပံအမည်ကတော့ Leiurus quinquestriatus ဖြစ်ပြီး အဓိပ္ပါယ်ကတော့ အစင်းငါးကြောင်းနဲ့ ချောမွတ်တဲ့အမြီးပါရှိသော ဆိုပြီးဖြစ်ပါတယ်။
Deathstakerတွေကိုတော့ အာဖရိကတိုက်မြောက်ပိုင်းက တောင်တန်းဒေသ ၊အာဖရိကတိုက် အရှေအလယ်ပိုင်း၊ ဆာဟာရ သဲကန္တာရ၊ အာရေးဘီးယန်းသဲကန္တာရ၊ Thar သဲကန္တာရ၊ အာရှတိုက် အရှေအလယ်ပိုင်းဒေသ၊ အာဖရိကတိုက်က အယ်ဂျီးရီးယား၊ မာလီ၊ အီသီယိုးပီးယား နိုင်ငံတွေမှာအများဆုံး တွေ့မြင်နိုင်ပါတယ်။
သူတို့ရဲ့အရွယ်အစားကတော့ ၁.၂လက်မ ကနေ ၃လက်မအထိ ရှိတတ်ပြီး အရေခွံ လဲလေ့ရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ အရောင်ကတော့ အဝါဖျော့ရောင် နဲ့ အစိမ်းရောင်တွေ ရှိတတ်ပါတယ်။ ပူပြင်းခြောက်သွေ့ တဲ့ဒေသတွေမှာသာ ပေါက်ပွား ရှင်သန်ကြတဲ့ Deathstaker တွေဟာ သားရဲတိရိစ္ဆာန် ရောင်းဝယ်ရေးလောကမှာ တင်ပို့ရောင်းချခြင်းကိုခံနေခဲ့ရတဲ့ မျိုးစိတ်တွေလည်း ဖြစ်ပါတယ်။
သဲကန္တာရသေမင်း လို့ခေါ်ပေမယ့် ဒီအကောင်တွေရဲ့အဆိပ်ဟာ ကျန်းမာသန်စွမ်းတဲ့ ယောင်္ကျားတစ်ယောက်ကို မသေစေနိုင်ပါဘူး။ ဒါပေမယ့် အလွန်နာကျင်စွာခံစားရနိုင်ပြီး သွပ်ချာပါဒ ရောဂါဖြစ်လောက်တဲ့ အထိပြင်းထန်ပါတယ်။ ကလေးငယ်နဲ့ အမျိုးသမီး တွေအတွက်တော့ အလွန် အသက်ဆုံးရှုံးနိုင်သည်အထိ အန ္တရာယ်ကြီးတဲ့ သတ္တဝါတွေဖြစ်ပါတယ်။
Deathstaker တွေဟာ သွင်ပြင်ဟာ ပေါက်ပွားရာဒေသအပေါ်မူတည်ပြီး မျိုးစိတ်တစ်ခုနဲ့တစ်ခုကွဲပြားလေ့ရှိကြပြီး သူတို့ရဲ့ရှင်သန်ကြီးထွားမှုဖြစ်စဉ်တွေဟာလည်း ခြားနားသွားလေ့ရှိပါတယ်။ Deathstaker တွေရဲ့ မူရင်းဒေသဟာ ဆာဟာရ သဲကန္တာရ ဒေသဖြစ်ပေမဲ့ ယင်းဒေသဟာ Deathstakerေ တွအတွက် အစာရှာဖွေရာမှာ အခက်အခဲ ရှိတာကြောင့် သူတို့ရဲ့ကျန်ရှိတဲ့ ရှင်သန်မှုဖြစ်စဉ်တွေကို အခြားသောဒေသတွေမှာ အခြေချပြီးဆက်လက် လုပ်ဆောင်ရလေ့ရှိပါတယ်။
Deathstaker တွေဟာ အနည်းငယ်သော အင်းဆတ်ပိုးမွှားတွေကို စားသုံးပြီး တစ်နှစ် ပတ်လုံးအသက်ရှင်နေထိုင်နိုင်ကြပါတယ်။ သူတို့ ဝါးမြိုစားသောက်လိုက် တဲ့အစားအစာ(သက်ရှိအကောင်ငယ်)တွေဆီက ပါရှိလာတဲ့ ရေဓာက်ဟာ Deathstaker တွေရဲ့ ခန္ဓာကိုယ်အတွက်အလွန်လိုအပ်တဲ့ အရာဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် Deathstakerတွေဟာ တစ်ဆင့်ခံနည်းနဲ့ ရေဓာက်ကိုလိုအပ်တဲ့ သတ္တဝါတွေလို့သတ်မှက်ကြရမှာပါ။
ပုံမှန်အားဖြင့်တော့ သူတို့ဟာ ပြင်ပက ရေကိုထိတွေ့လေ့ မရှိကြပါဘူး။ သဲကန္တာရဒေသရဲ့ အပူချိန်ကိုရှောင်လွှဲနိုင်ဖို့အတွက် Deathstaker တွေဟာ မြေကျင်းတွေ၊ ကျောက်သားအက်ကြောင်းတွေ၊ကျောက်တုံး/ကျောက်ခဲတွေအောက်မှာ ပုန်းအောင်းနေထိုင်လေ့ရှိကြပါတယ်။
Deathstakerတွေဟာ အစာရှာထွက်ချိန်နဲ့ ညအချိန်ရောက်မှသာ သူတို့ပုန်းခိုနေတဲ့ နေရာကနေအပြင်ကိုထွက် လာလေ့ရှိပါတယ်။ သူတို့ရဲ့ အဓိကအစားအစာတွေကတော့ ပင့်ကူ၊ ပုရွက်ဆိတ်၊ ပိုးကောင်မျိုးစုံ တို့ဖြစ်ကြပြီး တစ်ခါတစ်ရံမှာတော့ Deathstakerတွေဟာ တစ်ကောင်နဲ့တစ်ကောင် (ဒါမှမဟုတ်ရင်) အခြား ကင်းမြီးကောက် မျိုးနွယ်စုတွေကို ပြန်လည်စားသောက်လေ့ရှိပါတယ်။
သိပ္ပံပညာရှင်တွေကတော့ Deathstaker တွေမှာ ပါရှိတဲ့ အဆိပ်ဓာတ်ကို အသုံးပြုပြီး ကင်ဆာကဲ့သို့ လူသားတွေရဲ့ ရောဂါကုထုံးအချို့ကိုကုသပေးနိုင် မယ်လို့ယူဆပြီး စမ်းသပ်မှုတွေကိုလုပ်ဆောင်လျက်ရှိနေပါတယ်။ ဒါပေမယ့် ဒီအကောင်တွေရဲ့အဆိပ်ဟာ အပ်တစ်ချောင်းစာပဲထွက်တာကြောင့် ပမာဏအရမ်းနည်းလွန်းပြီး ရှာတွေ့ဖို့ခက်လှပါတယ်။ ဒီလိုရှားပါးလွန်းတာကြောင့် သိပ္ပံပညာရှင်တွေဟာ Deathstaker ရဲ့အဆိပ် ၁ မီလီဂရမ်ကို ဒေါ်လာ ၁၃၀ အထိ ပေးကာ ဝယ်ယူလျှက်ရှိပါတယ်။
သုတဇုန်