ရာဇာဓိရာဇ်သည် သူ၏ အားအထားရဆုံးဗိုလ်မင်း သမိန်ဗြတ်ဇ္ဇ၏ ရုပ်အလောင်းကို သဂြိုဟ်ပြီးနောက် အရိုးကိုရွှေကျုတ်နှင့်ထည့်ကာ ပဲခူးရွှေမော်ဓောဘုရားအနီးတွင် ဂူသွင်းစေသည်။ နောက်တစ်နေ့တွင် အင်းဝတပ်များ၏ တိုက်ခိုက်ခြင်းကို ခံနေရသော သားတော်ဗညားပုသိမ်ကို ကူရန် ပြည်သို့ချီလေသည်။ အင်းဝဘုရင်မင်းခေါင်သည် ပြည်တွင် စစ်သည် ၃သောင်းခန့်နှင့်အတူ စခန်းချလျှက်ရှိသည်။ ဗညားပုသိမ်သည် တလည်းဆီးမှဆုတ်သဖြင့် မင်းရဲကျော်စွာတပ်များက လိုက်လံတိုက်ခိုက်သည်။ ဗိုလ်မင်းသမိန်ဗြတ်ဇ္ဖလွန်ကြောင်း မင်းရဲကျော်စွာကြားသော်”ရာဇာဓိရာဇ်၏ အားအထားရဆုံး သူရဲကောင်းနှစ်ဦးရှိသည့်အနက် တစ်ဦးသာကျန်တော့သည်။ ရာဇာဓိရာဇ်သည် ပတ္တမြားအစွယ်တစ်ချောင်းကျိုးလေပြီ။ ကျန်သည့် လဂွန်းအိန်ကို ငါ ဥပါယ်ပြု၍ အရယူမည် ၊ ရာဇာဓိရာဇ်စစ်ချီလာသော် တစ်ဦးချင်း ဆင် ၊ မြင်း ၊ လှေ နှင့်စီးချင်းထိုးရအောင်စိန်ခေါ်မည်။ လဂွန်းအိန်ထွက်တိုက်လာခဲ့သော် သူ့ကို ရအောင်ယူမည်” ဟု ကြုံးဝါးလေသည်။
မုတ္တမအောက်ဘက်မှ အမတ် မဟာသမ္မန်၏ လှေတပ်များ ၊ ပုသိမ်မှ အမတ်ဒိန်၏ လှေတပ်များ ၊ သမိန်ဗရမ်းတို့၏ ကြည်းတပ်များ နှင့်အတူ လဂွန်းအိန် ၊ သမိန်အဝမင်းကြီး(အဝနံနိုင်) ၊ သမိန်သံဗြပ်တို့လည်း စစ်ချီလာလေသည်။ တလည်းဆီး နှင့် အလွဲမြစ် မင်းရဲကျော်စွာ၏ တပ်ကိုမြင်သည့်နေရာသည် ရာဇာဓိရာဇ်သည် သူ့တပ်ကို စခန်းချသည်။ အင်းဝတပ်အင်အားအလွန်ကြီးမားကြောင်း ယှဉ်တိုက်ခိုင်ဖို့မလွယ်ကူကြောင်း သားတော် ဗညားပုသိမ်က လာရောက်လျှောက်တင်သည်။ နောက်တစ်နေ့မိုးသောက်သော် မင်းရဲကျော်စွာက မင်းနတ်တော်အားလွှတ်ကာ ရာဇာဓိရာဇ်အား လျှောက်တင်စေသည်။”ဘကြီးတော်၏ သူရဲသူခက်များ ပင်ပန်းနေပြီ ၊ နားကြပါစေဦး ၊ နားပြီးသည့်နောက် ကျွန်နုပ်တို့ ရေတပ် ကြည်းတပ် များတိုက်ကြမည်။ ကျွနု်တို့ စစ်ဗျူဟာမခင်းကျင်းမီ ဟံသာဝတီမှ သူရဲကောင်းတစ်ယောက် ၊ အင်းဝမှသူရဲကောင်းတစ်ယောက် လှေချင်း စီးချင်းထိုးသည်ကို နှစ်ဖက်မင်းများကြည့်ရှုစေလိုပါသည်”
မင်းရဲကျော်စွာ၏ အမှာစကားကိုကြားပြီးနောက် ရာဇာဓိရာဇ်သည် သူ၏အမတ်သူရဲကောင်းများရှိရာကို ကြည့်၏။ တစ်ယောက်မျှမလှုပ် ရှိခိုးမြဲရှိခိုးနေသည်။ ဤတွင် လဂွန်းအိန်က ထလာပြီး ရာဇာဓိရာဇ်အား ၃ကြိမ် ၃ခါ ရှိခိုးပြီး နောက်”ကျွနု်ပ်သည် ဒီဇဗ္ဗူဒိပ်မြေပြင်တွင် လှေစီးချင်း ၊ မြင်းစီးချင်း ၊ ဆင်စီးချင်း ထိုးရန် မည်သူ့ကိုမျှမကြောက် ။ သူရဲကောင်းတစ်ဦးချင်းတိုက်မည်ဆိုပါက ကျွနု်ပ်ထွက်တိုက်ပါမည်” ဟု လျှောက်တင်သည်။ လဂွန်းအိန်၏ အဖြေကြောင့် သူ့ရှင်ကျေနပ်သွားပြီး”တူတော် မင်းရဲကျော်စွာ မစိုးရိမ်ပါလင့် ၊ မနက်ဖြန်တွင် သင့်ဆန္ဒအတိုင်း သူရဲကောင်းများ လှေစီးချင်းထိုးစေမည်” ဟု ပြန်လည်မိန့်ကြားလိုက်သည်။
ရာဇာဓိရာဇ်၏ စကားကို မင်းရဲကျော်စွာကြားလျှင်”ဒီတစ်ခါတော့ ငါ့အကြံအောင်တော့မည်။ လဂွန်းအိန် လှေတစ်စီးချင်းသာနိုင်မည်။ လှေလေးစင်း ဆိုလျှင် နိုင်ပါမည်လော” ဟု ဆိုလျှက် လှေလေးစီးကို စီစဉ်သည်။ အံ့စရာလှေကို စုက္ကတေး ၊ မြေးများဖွားလှေကို စည်သူ ၊ သားများမိလှေကို ဥဇ္ဇနာ ၊ ရှမ်းမွန်လှေကို စတုရင်္ဂသူ အသီးသီးစီးစေပြီး ဓားရေးလှံရေးအလွန်ကျွမ်းကျင်သော စစ်သားများကို ထည့်စေသည်။
တိုက်ပွဲစသော် လဂွန်းအိမ်ကမူ မိကျောင်းလှေကိုစီးကာ တပ်သား ၃၀၀ နှင့်ထွက်လာ၏။ အင်းဝဘက်မှမူ စုက္ကတေးက အံ့စရာလှေနှင့်ထွက်လာ၏။ အံစရာလှေသည် မိကျောင်းလှေထက် နှစ်ဆမျှမြင့်သဖြင့် လဂွန်းအိန်က လှေချင်းကူးပြီးတိုက်ရန်ပြင်သည်။ ထိုစဉ် ပုန်းအောင်းနေသော စည်သူသည် မြေးများဖွားလှေနှင့်ထွက်ကာ လဂွန်းအိန်အားဝင်တိုက်သည်။ လှေနှစ်စီး တစ်စီးတိုက်ရသည့် အခြေအနေဖြစ်သွားသည်။ နှစ်စီးတစ်စီးဖြစ်သော်လည်း တိုက်ရည်ခိုက်ရည်ကောင်းလှသည့် လဂွန်းအိန်အား မယှဉ်နိုင်ကြ ၊ ထိုစဉ် ဥဇနာ နှင့် စတုရင်္ဂသူတို့၏ လှေနှစ်စင်းလည်း ပုန်းအောင်းနေရာမှ ထွက်တိုက်သော် လေးစင်း တစ်စင်းဖြစ်သွားသည်။ လဂွန်းအိမ်လှေ မခံနိုင်တော့။ အင်အားမမျှလှသဖြင့် တပ်သားများ အတုံးအရှုံးကျကုန်သည်။ လဂွန်းအိန်ကမှု အလျှော့မပေး အစွမ်းကုန်တိုက်ခိုက်ရာ အင်းဝဘက်မှ တပ်သားအတော်များများလည်း ကျကုန်သည်။ လဂွန်းအိန်ခြေကုန်လက်ပမ်း ကျစဉ် ပေါင်ကိုလှံထိသည်။ မင်းရဲကျော်စွာက “မသေစေနှင့်” ဟု အော်ဟစ်သည်။ လဂွန်းအိန်အား အင်းဝတပ်များ ဖမ်းဆီးသွားခဲ့သည်။
လဂွန်းအိန်၏ ကြီးမားလှသော ဒါဏ်ရာကို မင်းရဲကျော်စွာမြင်သော် မရှင်နိုင်တော့ ဟု ဘုရင်မင်းခေါင်အား လျှောက်တင်သည်။ ဘုရင်မင်းခေါင်က”ဧကရာဇ်အချင်းချင်း စစ်ပြုရာတွင် သူရဲကောင်းကို သေအောင်မသတ်သင့် ၊ သားတော်လုပ်ရပ်သည် မသင့် ၊ လဂွန်းအိန်သည် ငါ့အပေါ်ကျေးဇူးရှိသည်။ ပန်းကျေ်ာချောင်းတွင် သူကယ်၍သာ ငါ့ထီးနန်းမြဲနေခြင်းဖြစ်သည် ၊ သူ့အား မရှင်ရှင်အောင်ကု” လို့ အမိန့်ပေးလေသည်။(ပန်းကျော်ချောင်းတွင် ဟံသာဝတီနှင့် အင်းဝခေါင်းဆောင်များ တွေ့ဆုံစဉ် အင်းဝတပ်များအား အပြီးပြတ်လုပ်ကြံရန် ကြံစည်ထားခဲ့သည်။ ထိုလုပ်ကြံမှုကို လဂွန်းအိန်က ဖော်ထုတ်ခဲ့သဖြင့်အင်းဝခေါင်းဆောင်များ လွတ်သွားခဲ့သည်။ သူရဲကောင်းမှန်လျှင် အကောက်မကြံသင့် ဟု ခံယူထားသော လဂွန်းအိန်သည် ထိုထုတ်ဖော်မှုကြောင့် ရာဇာဓိရာဇ်၏ ကွပ်မြက်ခြင်းကိုခံရတော့မလိုဖြစ်ခဲ့သည်။ သမိန်ဗြတ်ဇ္ဇတို့ကယ်၍ သာ မသေခဲ့ခြင်းဖြစ်သည်)
ယခုအခါတွင်မူ လဂွန်းအိန်သည် သူမုန်းလှသော လုပ်ရပ်ဖြင့် အကောက်ကြံခံရလေသည်။ မင်းရဲကျော်စွာသည် လဂွန်းအိန်ထားရာသို့လာ၍”အားမငယ်ပါနှင့် မကြောက်ပါနှင့် ကောင်းစွာပြုစုမည်” ဟု ဆိုသော်လဂွန်းအိန်က”အားမငယ်ပါ ၊ ကြောက်လည်းမကြောက်ပါ ၊ အလိမ်ခံရသည်ကိုသာ ရှက်ပါသည်” ဟု ပြန်ဖြေသည်။မင်းရဲကျော်စွာ။ ။ ထမင်းစားမည်လော။လဂွန်းအိန်။ ။ သေခါနီးမှ အခြား အရှင်၏ ထမင်းကို မသွင်းလိုပြီ။မင်းရဲကျော်စွာ။ ။ ကွမ်းစားမည်လော။လဂွန်းအိန် ။ ။ ကွမ်းစားပါမည်။အရှင်၏ ကွမ်းကို စားခဲ့ပြီး ကျေးဇူးကိုမဆပ်နိုင်တော့ပြီ။ စကားအနည်းငယ်တော့ပြောခဲ့ပါမည်။ ရာဇာဓိရာဇ် အား ဆင်ရေး ၊ မြင်းရေးစီးချင်းမထိုးပါလင့်။ အလွန်ရဲရင့်ကျွမ်းကျင်လှ၏။ ကျွနု်ပ်စကားကို မယုံသော်ကြုံသည့်အခါသိပါလိမ့်မည် ဟုဆိုသည့်အခါ မင်းရဲကျော်စွာက “လဂွန်းအိန်သည် သေခါနီးတောင် သူ့သခင်အားကြောက်ရန်ခြောက်ခဲ့သေးသည်။ အဆိပ်မပြယ်သောမြွေပါတကား” ဟု ဆိုကာပြုံးလေသည်။ ( လဂွန်းအိန်စကားကို မယုံခဲ့သော မင်းရဲကျော်စွာသည် ရာဇာဓိရာဇ်နှင့် စီးချင်းထိုးသည့်အခါ ဆင်ထက်မှကျကာ အရေးနိမ့်ခဲ့သည်)
မကြာမီ လဂွန်းအိန် အနာသည်း၍ လွန်လေသည်။ ဘုရင်မင်းက အလောင်းကို အဝတ်ဖြူပတ်ပြီး သူ့သခင်ရှိရာဖောင်ဖြင့်မျှောစေ ဟု အမိန့်ပေးသည်။ ရဲရင့်လှပါသည်ဆိုသော သူ့ရှင် ရာဇာဓိရာဇ်သည် ဖောင့်ဖြင့်မျောလာသော လဂွန်းအိန်၏ အလောင်းကို ဆွဲယူရင်း သည်းထန်စွာငိုကြွေးသည်။ မကြာသေးခင်ကမှ လက်ရုံးတစ်ဖက်ပြုတ်ခဲ့သည် အခုလည်း နောက်လက်ရုံးတစ်ဖက်ဖြစ်သော လဂွန်းအိန်သည် သူ့အားခွဲခွာ၍ သွားခဲ့ပြီဖြစ်သည်။ လဂွန်းအိန်အား သူရဲကောင်းတို့ထုံးစံအတိုင်းမီးသဂြိုဟ်စေလျှက် အရိုးပြာကို ရွှေကျုတ်တွင်ထည့်စေကာ ရွှေမော်ဓောဘုရားခြေရင်းတွင် မြုပ်နှံစေခဲ့လေတော့သည်။
ကိုးကား
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း – နိုင်ပန်းလှ
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ – ဦးဖိုးကျား