သိပ္ပံပညာအရ လူသားထုကြီးကို မျိုးတုံးသွားစေနိုင်တဲ့ အကြောင်းရင်း ၇ ခု

Posted on

ရေးသားသူ – ဟန်လင်းအောင် (Messenger News Journal)

ကမ္ဘာကြီး ပျက်သုဉ်းမည့်နေ့ကို သိပ္ပံဝတ္ထုများထဲတွင် အမျိုးမျိုး ပုံဖော်ခဲ့ကြသည်။ ယခုအခါ သိပ္ပံပညာရှင်များက စိတ်ကူးနှင့် မဟုတ်ဘဲ တကယ့် လက်တွေ့ အချက်အလက်များပေါ် မူတည်ကာ လူသားထု ပျက်သုဉ်း သွားစေနိုင်သည့် အန္တရာယ်ကြီး ခုနစ်သွယ်ကို တင်ပြလိုက်သည်။ကမ္ဘာကြီးကို ဥက္ကာပံျခဲ ဝင်တိုက်ခြင်း၊ ကူးစက်နှုန်း အလွန်မြန်သော ကပ်ရောဂါကြီးမျိုး ဖြစ်ပွားခြင်း စသော အချက်များ ပါဝင်သည်။ မဟာမီးတောင်ကြီး ပေါက်ကွဲမှုကြောင့်လည်း လူသားထု ပျက်သုဉ်း သွားနိုင်သည်ဟု သုတေသီတို့က ဆိုလိုက်သည်။ သိပ္ပံပညာရှင်တို့၏ ခန့်မှန်းချက်များကို How It work မဂ္ဂဇင်းက စုစည်းတင်ပြလိုက်ခြင်း ဖြစ်သည်။

၁။ မဟာမီးတောင် ပေါက်ကွဲမှု

ယနေ့ မျက်မှောက် သိပ္ပံပညာရှင်များ အနေဖြင့် မဟာမီးတောင် ပေါက်ကွဲမှုမျိုးကို မကြုံဖူးကြသော်လည်း သမိုင်း အချက်အလက်များကို ပြန်ကောက်ခြင်းဖြင့် မဟာမီးတောင် ပေါက်ကွဲမှု အကြောင်းကို ကောင်းကောင်း သိထားကြပြီး ဖြစ်သည်။ မဟာမီးတောင် ပေါက်ကွဲမှုကြောင့် ချော်ရည် မီးခိုးမှုန်၊ ကျောက်ခဲများသည် မီးတောင်ဝန်းကျင် တစ်ဝိုက် ဥရောပ တစ်တိုက်စာလောက် ကျယ်သော မြေနေရာ အတွင်းသို့ ကျရောက်နိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ မဟာမီးတောင် ပေါက်ကွဲနေစဉ် အတွင်း မီးခိုးမှုန်များသည် အာကာသ အစွန်ထိ ရောက်ရှိနိုင်သည်။

ဆာလဖာဓာတ် များပြားသော မီးခိုးမှုန်များသည် ကမ္ဘာ့လေထုလွှာထဲတွင် နှစ်ပေါင်း များစွာကြာအောင် ဖုံးလွှမ်းနေကာ ကမ္ဘာ့ရာသီဥတုကို ဖောက်ပြန်စေလိမ့်မည်။ မီးခိုးများအုပ်ကာ နေရောင် မဝင်နိုင်သဖြင့် မြေပြင်အပူချိန် ထိုးကျကာ စိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးပြီး စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပွားလာမည်။ အဆိုးဆုံး အခြေအနေ ဆိုပါက ရေခဲခေတ် ပုံစံမျိုးထိ ရောက်သွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ကံကောင်းသည့် တစ်ချက်မှာ မဟာမီးတောင် ပေါက်ကွဲမှုမျိုးသည် အလွန်ရှားပါးပြီး အနီးစပ်ဆုံး အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း (၂၇၀၀၀) အချိန်က လက်ရှိ နယူးဇီလန် နိုင်ငံနေရာတွင်သာ ပေါက်ကွဲခဲ့ဖူးသည်။

၂။ နျူကလီးယား ဆောင်းရာသီ

ကျောက်ခဲနှင့် မီးခိုးမှုန်(၂၄၀) ကုဗမိုင်နှင့် အထက် လေထဲ မှုတ်ထုတ်နိုင်စွမ်း ရှိသော အကြီးစား မီးတောင်ပေါက်ကွဲမှုမျိုးကို မဟာမီး တောင်ပေါက်ကွဲမှုဟု ခေါ်တွင်သည်။ ၁၉၈၀ ပြည့်နှစ်က အမေရိကန်နိုင်ငံ သမိုင်း၌ ဖျက်ဆီးမှု အပြင်းဆုံး စိန့်ဟယ်လင် မီးတောင် ပေါက်ကွဲမှုထက် အဆတစ်ထောင်ကျော် ပိုပြင်းထန်လိမ့်မည်။မြို့ပြများကို စက္ကန့်ပိုင်း အတွင်း ပြားချပ်သွားစေနိုင်သော နျူကလီးယားဗုံးများသည် လူသားတို့ တီထွင်ထားသမျှထဲတွင် ဖျက်အား အပြင်းဆုံး ဖြစ်သည်။ နျူကလီးယား ဗုံးကွဲစဉ်မှာ ချက်ချင်း သေသွားသူများက ပိုကံကောင်းလိမ့်ဦးမည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေသည်။

နောက်ဆက်တွဲ ဆိုးကျိုးများက ပိုပြင်းထန်သောကြောင့်တည်း။နျူကလီးယားဗုံး ပေါက်ကွဲပြီးနောက် စထရာတိုစပီးယား လေထုလွှာထဲတွင် မီးခိုးများ လှည့်ပတ် အုပ်ဆိုင်းနေနိုင်ပြီး နေရောင်မြေပြင် မရောက်သဖြင့် နျူကလီးယား ဆောင်းရာသီ ပေါ်ပေါက်လာလိမ့်မည်။ အဆိုးဆုံး အနေအထားမျိုးတွင် နေရောင် (၉၉) ရာခိုင်နှုန်းထိ ကမ္ဘာမြေပေါ် မကျရောက်နိုင်ဘဲ ဖြစ်နိုင်သည်။ ထိုအခါ အပင်များ နေရောင်ဖြင့် အစာချက်ခြင်း ဖြစ်စဉ် ကမောက်ကမ ဖြစ်ကာ နျူးကလီးယား ဆောင်းရာသီ သက်ရောက်ရာ ဒေသများတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပွားလာလိမ့်မည်။ မြေပြင် အပူချိန်သည်လည်း နေရောင်မရသဖြင့် ထိုးကျကာ အာတိတ် ရာသီဥတုမျိုး ဖြစ်ပွားလာလိမ့်မည်။ အပင်၊ တိရစ္ဆာန်နှင့် လူသားများသည် အမှောင်ထုထဲတွင် ပျက်စီးရလိမ့်မည်။

၃။ ဥက္ကာပံျ ဝင်တိုက်ခြင်း

နေအဖွဲ့အစည်းအတွင်း လှည့်ပတ် သွားလာနေသော ကျောက်စိုင် ကျောက်သား ဥက္ကာခဲများထဲတွင် ကမ္ဘာကို ဝင်တိုက်နိုင်ခြေ ရှိသည့် ဥက္ကာခဲများ ရှိနေသည်။ ဒိုင်နိုဆောများကို မျိုးသုဉ်းစေခဲ့သော (၆ ဒသမ ၂) မိုင်အချင်း ရှိသည့် ဥက္ကာခဲကြီးမျိုး ကမ္ဘာကြီးကို ဝင်တိုက်နိုင်ခြေသည် အလွန်ရှားသော်လည်း ထိုဥက္ကာခဲ၏ ငါးပုံတစ်ပုံစာသာ ရှိသော ဥက္ကာခဲသည်ပင် လူသားထုကို ပျက်သုဉ်းသွားအောင် လုပ်နိုင်စွမ်း ရှိနေသည်။

ထိုမျှသော ဥက္ကာခဲ ဝင်တိုက်ပြီး ထွက်လာသော စွမ်းအင်သည်ပင် ဟီရိုရှီးမား အဏုမြူဗုံးထက် အဆ (၁၀) သန်း ပိုပြင်းထန်မည် ဖြစ်ပြီး ထိမှန်သည့် နေရာမှ (၁၈၆) မိုင် အဝန်းအဝိုင်း အတွင်း အားလုံး ပြားချပ်သွားမည် ဖြစ်သည်။

၄။ ဖန်လုံအိမ် အာနိသင်

ဖန်လုံအိမ် အာနိသင်သည် လူသားများ ဆက်လက် ရှင်သန် ရပ်တည်နိုင်ရေး အတွက် မရှိမဖြစ် လိုအပ်သည်။ ကမ္ဘာကြီးထဲ ဝင်လာသော နေရောင် အပူဓာတ်များကို ဖန်လုံအိမ် အာနိသင်က ထိန်းကာ သိုလှောင် ပေးထားသဖြင့် လူသားများသည် နွေးနွေးထွေးထွေး နေရကာ ရှင်သန်နိုင်ခြင်း ဖြစ်သည်။ ဖန်လုံအိမ် အာနိသင်သာ မရှိပါက လူသားများသည် သွေးခဲ သေဆုံးသွားမည် ဖြစ်သည်။သို့သော် တန်ဆေးလွန်ဘေး ဟူသော စကား နှင့်အညီ ဖန်လုံအိမ် အာနိသင်များလွန်းပြီး အပူတွေကို ထိန်းထားပါ များသွားပြန်လျှင်ကား ကမ္ဘာကြီး ပူနွေးကာ ရာသီဥတုများ ဖောက်ပြန်ရပြန်သည်။

(၁၉) ရာစုနှောင်းပိုင်း စက်မှု တော်လှန်ရေး ကာလနောက်ပိုင်း ကမ္ဘာကြီးတွင် ဖန်လုံအိမ် ဓာတ်ငွေ့များ တိုးပြီးရင်း တိုးလာနေသည်။ ရလဒ်အဖြစ် ကမ္ဘာ့အပူချိန်များ တိုးလာကာ ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပွားပြီး လူသားထု တစ်ရပ်လုံးပါ ပျက်သုဉ်း သွားနိုင်သည့် အဆိုးလွန် ရာသီဥတု ချောက်ကမ်းပါးထဲ လူသားများ ကျဆင်းသွားမည့် အန္တရာယ် ရှိနေသည်။

၅။ နေ သေဆုံးမှု

နေမင်းသည် ကမ္ဘာပေါ်က သက်ရှိတိုင်း ဆက်လက် ရှင်သန်ရေး အတွက် အသက်ဓာတ်ကို ပေးနေသည်။ အလင်း၊ အပူမှ အစလိုသမျှ စွမ်းအင်တိုင်းကို နေဆီက ရနေသည်။ အစရှိလျှင် အဆုံးရှိရမည် ဟူသော စကားရပ်နှင့်အညီ နေမင်းသည်လည်း တစ်ချိန်တွင် အဆုံးသတ်မည်သာ ဖြစ်သည်။နေမင်း သေဆုံးမည့် အချိန်နားနီးလာပြီး စွမ်းအင် ကုန်ခမ်းလာပြီဆိုလျှင် လူသား တို့သည်လည်း နေဝင်ချိန်နား ရောက်လာမည် ဖြစ်သည်။ နေမင်းသည် စွမ်းအင် ကျဆင်းသွားလျှင် အတွင်းအပြင် စွမ်းအင်မျှခြေ ပျက်ယွင်းသွားမည် ဖြစ်ပြီး၊ နေသည် အနီရောင် မီးလုံးကြီးအဖြစ် ပေါက်ကွဲ ကျယ်ပြန့် ထွက်လာမည် ဖြစ်သည်။

မာကျူရီ၊ ဗီးနပ်စ်ဂြိုလ်များကို ဝါးမျိုသွားမည်ဖြစ်ပြီး၊ ကမ္ဘာကိုပါ ဝါးမျိုသွားဖွယ် ရှိနေကြောင်း ခန့်မှန်းထားကြသည်။ နောက်ဆုံးတွင် သေဆုံးခါနီး နေသည် အပူဓာတ် ကုန်ခမ်းကာ ကျစ်လျစ်သော အဖြူရောင်အလုံး အဖြစ်သာ ကျန်ရစ်လိမ့်မည်။ ထိုအချိန်ကို လူသားတို့တော့ မျက်မြင် ကိုယ်တွေ့ ကြုံခွင့်ရလိမ့်မည် မဟုတ်။ နေ၏ ဇရာအချိန်ပိုင်းမှာပင် လူသားတို့သည် လိုအပ်သည့် စွမ်းအင်လျော့ပါးကာ ပျက်သုဉ်းသွားကြမည် ဖြစ်သည်။

၆။ ဂမ္မာလှိုင်းများ ပေါက်ကွဲမှု

ဂမ္မာလှိုင်းများ ပေါက်ကွဲထွက်မှုသည် စကြဝဠာထဲတွင် အလင်းရောင် အတောက်ဆုံး ပေါက်ကွဲမှု ဖြစ်သည်။ မဟာကြယ်ကြီးများ ပေါက်ကွဲမှုမှ ဂမ္မာအလင်းလှိုင်းများ ထွက်တတ်သည်။ ဂမ္မာအလင်းလှိုင်းများ ထွက်ရှိမှုသည် စက္ကန့် အနည်းငယ်မှသည် နာရီပေါင်းများစွာ အထိ ကြာမြင့်နိုင်သည်။

ဂမ္မာပေါက်ကွဲမှုက ထွက်ရှိသည့် ဆယ်စက္ကန့်စာ စွမ်းအင်သည်ပင် လူသားတို့ အားပြုနေရသော နေ၏ သက်တမ်း တစ်လျှောက်လုံး ထုတ်လွှတ်ခဲ့သမျှ စွမ်းအင်ထက် ပိုများနေချေသေးသည်။ ကမ္ဘာကြီး ကံဆိုးပါက ဂမ္မာလှိုင်း ပေါက်ကွဲမှုထဲ ရောက်သွားနိုင်ပြီး လူသားထု တစ်ရပ်လုံး ပျက်သုဉ်းသွားမည် ဖြစ်သည်။

၇။ ကမ္ဘာလုံးချီ ကပ်ရောဂါ

ကပ်ရောဂါဆိုးကြီးများ ကမ္ဘာလုံးချီ ပျံ့နှံ့ပါက ကမ္ဘာ့လူသားထု ဆက်လက် ရပ်တည်ရေးကိုပါ ထိခိုက်လာလိမ့်မည်။ ကမ္ဘာ့လူသား သမိုင်းကို ပြန်ကြည့်လိုက်လျှင်လည်း ကပ်ရောဂါဆိုးများက တစ်ခုပြီး တစ်ခု ဝင်ရောက်ခဲ့သည်ကို တွေ့နိုင်သည်။ လူသားများ၏ ဆေးပညာ တိုးတက်လာသလို ကပ်ရောဂါဆိုးများ၏ ထိုးနှက်ချက် ကလည်း ပြင်းထန်သထက် ပြင်းထန်လာနေသည်။ ယနေ့လူသားများ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာသလို၊ ကျန်းမာရေး သုတေသန လုပ်ငန်းများလည်း အဆင်မြင့်လာသဖြင့် လူသားများသည် ကပ်ရောဂါဆိုးကြီးများထက် ရှေ့တစ်လှမ်း ကြိုပြေး ထားနိုင်သော အနေအထားကို ရောက်နေသည့်တိုင် ကပ်ရောဂါဆိုးကြီးများက မကြာမကြာ ဆိုသလို အမီ လိုက်လာနိုင်သည့် အနေအထားများလည်း ရှိနေသည်သာ။

ကမ္ဘာတစ်ဝန်း ပို့ဆောင် ဆက်သွယ်ရေး မြန်ဆန်ချောမွေ့လာခြင်း၊ မြို့ပြများတွင် လူနေထူထပ် သထက် ထူထပ်လာခြင်း တို့ကြောင့်လည်း ကူးစက်ရောဂါများသည် ကပ်ရောဂါဆိုးကြီးများ အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။ ၂၀၀၃ ခုနှစ်တွင် ဆားစ်ရောဂါသည် လပိုင်းအတွင်း ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်လုံးကို ပံျ့နံှ့ခဲ့သည်။ လူပေါင်း ရှစ်ထောင်ကျော်ကို ကူးစက်ခဲ့ပြီး (၇၅၀) နီးပါး သေဆုံးခဲ့သည်။ အထင်ရှားဆုံး ဥပမာကား အီဘိုလာရောဂါ ဖြစ်သည်။ ၂၀၁၄ ခုနှစ်က အနောက်အာဖရိကရှိ ဂီနီ၊ လိုင်ဘေးရီးယား၊ ဆီရာရာလီယွန် တို့တွင် အဓိကဖြစ်ပွားခဲ့ပြီး၊ လူ (၁၁၀၀၀) ကျော် သေဆုံးခဲ့ကာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်သည့် ကပ်ဆိုးကြီး အဖြစ်သို့ ရောက်ရှိခဲ့သည်။ အီဘိုလာကဲ့သို့ ကပ်ရောဂါ ကြီးများသည် နိုင်နင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိပါက လူသားထု အများစုကြီးကိုပါ ပျက်သုဉ်း သွားစေနိုင်သည့် အန္တရာယ်မျိုး ရှိနေသည်။

ဟန်လင်းအောင် (Messenger News Journal)

 

One thought on “သိပ္ပံပညာအရ လူသားထုကြီးကို မျိုးတုံးသွားစေနိုင်တဲ့ အကြောင်းရင်း ၇ ခု

Comments are closed.