ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)
ယနေ့ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလျက်ရှိရာ နိုင်ငံအသီးသီးသည် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အများအပြားရရှိနိုင်ရန် ခရီးသွားနယ်မြေဒေသများကို ချဲ့ထွင်လျက်ရှိသည်။ အထူးသဖြင့် ရှေးဟောင်းသမိုင်းဝင် အထောက် အထား များရှိသည့် နေရာများသို့လည်ပတ်ရန် ခရီးသွားများက စိတ်ဝင်စားမှုများပြားသဖြင့် ရှေးဟောင်းယဉ်ကျေးမှုနှင့် ဆက်နွယ်သည့် ခရီး သွားလုပ်ငန်းသည် နိုင်ငံအသီးသီးတွင် ဝင်ငွေ အများဆုံးရရှိသည့် နေရာများဖြစ်လာခဲ့သည်။ ခရီးသွားများစိတ်ဝင်စားမှုများပြား၍ ဝင်ငွေအများအပြားရရှိသည့် ဒေသများဖြစ်သည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားများသွားရောက်လည်ပတ်ခွင့်မပြုသော နေရာများလည်းရှိနေရာ အောက်ဖော်ပြပါ ၁၀ နေရာသည် အထင်ရှားဆုံးဖြစ်ပေသည်။
၁၀။ လက်စကောက်စ်လိုဏ်ဂူများ (Lascaux Caves: ပြင်သစ်)
ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းတွင်တည်ရှိသည့် လက်စကောက်စ်သည် သဘာဝလိုဏ်ဂူများစုစည်းတည်ရှိနေသည့် နေရာတစ်ခု ဖြစ်ကာ ကျောက်ခေတ်ကာလအတွင်း ဂူများတွင်နေထိုင်ခဲ့ကြသည့် ရှေးဦးလူသားများရေးဆွဲခဲ့သည့် ဂူနံရံပန်းချီ များကြောင့် အလွန်ထင်ရှားသည့်နေရာတစ်ခုဖြစ်သည်။
ယင်းဂူစုတွင် ကျောက်ခေတ်နှောင်းပိုင်းလက်ရာ ပန်းချီလက်ရာ ၉၀၀ ရှိပြီး လက်ရာများအားလုံးသည် အပြီးသတ်လုနီးပါး အနေအထားအတိုင်းကျန်ရှိနေသည်။ ပန်းချီကားများ၏ သက်တမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၇၃၀၀ ခန့်က ရေးဆွဲထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။ ယင်းပန်းချီများတွင်အဓိက အားဖြင့် ကြီးမားသော တိရိစ္ဆာန်များ၏ ပုံများကို ဆွဲသားထားသည်။ကျောက်ခေတ်လူသားများသည် မိမိတို့နေထိုင်ရှင်သန်ခဲ့သည့်အချိန်က တိရိစ္ဆာန်ပုံများကိုရေးဆွဲထားခဲ့ကြောင်း ယင်းတိရိစ္ဆာန်အများစု၏ ကျောက်ဖြစ်ရုပ်ကြွင်းအထောက်အထားများကြောင့် သိရှိနိုင်ခဲ့ကြသည်။
လက်စကောက်စ်လိုဏ်ဂူများကို အများပြည်များ လည်ပတ်ကြည့်ရှုခွင့်ကို ၁၉၆၃ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့သည်။ သို့တိုင်အောင် လွန်ခဲ့သော နှစ်များအတွင်း ဂူနံရံပန်းချီများသည် မရှင်းပြနိုင်သည့် အကြောင်းများကြောင့် ပျက်စီးမည့် အန္တရာယ်များဖြင့် ရင်ဆိုင်ခဲ့ကြသည်။ မှိုများ တက်လာခြင်းကဲ့သို့ ပန်းချီများ ထိုခိုက်မှု အန္တရာယ်ကိုတစ်စိတ်တစ်ပိုင်းသာထိန်းချုပ်နိုင်သည့် အကြောင်းများလည်းပါဝင်ခဲ့သည်။ ဂူများအတွင်း လူအများဝင်ရောက်ခြင်းသည် ပန်းချီကားများကို ပျက်စီးစေနိုင်သဖြင့် ဂူအတွင်းသို့ လုံခြုံရေးဝန်ထမ်း တစ်ဦးကိုသာတစ်ပတ်လျှင် တစ်ကြိမ် အချိန်အနည်းငယ်ဝင်ခွင့်ပြုထားသည်။ လက်စကောက်စ်လိုဏ်ဂူများသည် ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စ်ကို အဖွဲ့၏ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ပြင်သစ်နိုင်ငံရှိ သမိုင်းမတင်မီကတည်းက တည်ရှိခဲ့သည့် ဗီဇယ်ရေး တောင်ကြားဒေသနှင့် အတူ အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
၉။ ပိုဗီဂလီယာကျွန်းငယ်(Poveglia Small Island: အီတလီ)
ပိုဗီဂလီယာသည် အီတလီနိုင်ငံ ဗင်းနစ်စ်မြို့နှင့် ဗာတီကန် ကမ်းစပ်အိုင်ငယ် လီဒို အကြားတွင်ရှိသည့် ကျွန်းငယ်လေးတစ်ခုဖြစ်သည်။ရာစုနှစ်ပေါင်းများစွာကတည်းက ပိုဗီဂလီယာသည်ဒုက္ခသည်များစုဝေးရာ၊ ခံတပ်နယ်မြေ၊ နယ်နှင်ဒဏ်ခံထားရသူများ နေရာ တစ်ခုဖြစ်ခဲ့ပြီး ရောဂါသည်များနှင့် သေဆုံးသူများအား စွန့်ပစ်သည့် နေရာလည်းဖြစ်ခဲ့သည်။ ဗင်းနစ်စ်နှင့် ပိုဗီဂလီယာတွင် အေဒီ ၁၃၄၈ ခုနှစ်တွင် ပလိပ်ရောဂါဘေးကျရောက်ခဲ့ရာ ပိုဗီဂလီယာ သည် ရောဂါသည်များသွားရောက်နေကြရသည့် နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ ပလိပ်ရောဂါ ပျံ့နှံ့၍ ထိန်းချုပ်မရနိုင်မည်ကို စိုးရိမ်ခဲ့သော အာဏာပိုင်များသည် ရောဂါဖြစ်ပွားနေသည့် များစွာသော ပြည်သူများကို ပိုဗီဂလီယာ သို့နှင်ထုတ်ခဲ့သည်။
ကျွန်း၏ အလယ်တွင် သေဆုံးနေသည့် အလောင်းများနှင့် သေလုမျောပါးဖြစ်နေခြင်း သေဆုံးပြီဟု ယူဆခံရသူများ ကိုစုပုံကာမီးရှို့ခဲ့ကြသည်။ ၁၆၃၀ ပြည့်နှစ်ကမြို့တော်တွင် ရောဂါဘယများထူပြောလာခဲ့ချိန်၌ ကျွန်းပေါ်မှ မီးခိုးလုံးများ ထပ်မံထွက်ခဲ့သည်။ ၂၀ ရာစုတွင် ပိုဗီဂလီယာကို စွန့်ပစ်နေရာတစ်ခုအဖြစ် ထပ်မံအသုံးပြုခဲ့ကြကာ ၁၉၂၂ ခုနှစ်တွင် ကျွန်းပေါ်ရှိ အဆောက်အအုံများအား စိတ်ကျန်းမာရေးဆေးရုံအဖြစ်ပြောင်းလဲခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် စိတ်ကျန်းမာရေးဆေးရုံကို ပိတ်သိမ်းခဲ့သည်။ ပါးစပ်ပြောရာဇဝင်များအရ ပိုဗီဂလီယာကျွန်းနှင့် ပတ်ဝန်းကျင်နေရာများသည် ပလိပ်ရောဂါနှင့်စစ်ဘေးကြောင့် သေဆုံးခဲ့ ကြသူများ၏ ဝိညာဉ်များခြောက်လှန့်သည့်နေရာဖြစ်သည်ဟုဆိုကြသည်။
ထို့အတူပင် လူနာများကို နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟုဆို သည့် ဆရာဝန် တစ္ဆေကလည်းခြောက်လှန့်သည်ဟု နာမည်ကြီးသည်။ ယနေ့အချိန်အခါတွင် ပိုဗီဂလီယာကျွန်းသို့ ပြည်တွင်းပြည်ပ ခရီးသွားများအားသွားရောက်ခွင့် ပိတ်ပင်ထားသည်။ လွန်ခဲ့သော နှစ်များအတွင်းက အီတလီ ဆောက်လုပ်ရေး အဖွဲ့များသည် ပိုဗီဂလီယာကျွန်းပေါ်ရှိ ဆေးရုံ အဆောက်အဦဟောင်းကို ပြုပြင်ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ကြသော်လည်း မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ရုတ်တရက် ရပ်ဆိုင်းသွားခဲ့သည်။
၈။ ဗာတီကန် လျှို့ဝှက်မော်ကွန်းတိုက် (The Vatican Secret Archives: ဗာတီကန်)
ဗာတီကန်မြို့တော်တွင်ရှိသည့် လျှို့ဝှက် မော်ကွန်းတိုက်သည် ပုပ်ရဟန်းမင်းကြီး၏ ရိုမန်ကက်သလစ်ကျောင်းတော်အစိုးရ (the Holy See)က ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအားလုံးကို သိမ်းဆည်းထားသည့် ဗဟိုဌာနဖြစ်သည်။ မော်ကွန်းတိုက် အဆောက်အဦး ဝင်ပေါက်သည် ဗာတီကန်စာကြည့်တိုက်၏ တစ်ဖက်တွင်တည်ရှိသည်။ မော်ကွန်းတိုက်တွင် ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားသည့် ကြေညာချက်စာတမ်းများ၊ ဝင်စာထွက်စာများ၊ ပုပ်ရဟန်းမင်းကြီးများ၏ ငွေစာရင်းစာအုပ်များ နှင့် အခြားစာအုပ်စာတမ်းများစွာ ကို ထိန်းသိမ်းထားသည်။ ၁၇ ရာစုတွင် ပဉ္စမမြောက် ပုပ်ရဟန်းမင်းကြီး၏ ညွှန်ကြားချက်အရမော်ကွန်းတိုက်ကိုဗာတီကန်စာကြည့်တိုက် မှ သီးခြားခွဲထုတ်ခဲ့သည်။ စာကြည့်တိုက်သို့ လာရောက်ကြသည့် သုတေသီများနှင့် အချို့သော ပုဂ္ဂိုလ်များအား ယင်းစာရွက်စာတမ်း များကိုကြည့်ရှုနိုင်ရန် ကန့်သတ်ချက်များစွာချမှတ်ထားခဲ့သည်။
၁၈၈၁ ခုနှစ်တွင် ပြင်ပပုဂ္ဂိုလ်များအား ဝင်ရောက်ခွင့်မပြုတော့ပဲ မော်ကွန်းတိုက်ကို လုံးဝပိတ်ထားခဲ့သည်။ သို့သော် တေရသမြောက်(၁၃ဆက်မြောက်) ပုပ်ရဟန်းမင်းကြီးက သုတေသီများအား ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပြီး နှစ်စဉ် လူဦးရေ ၁၀၀၀ ခန့် ကိုစာရွက်စာတမ်းများအား ကြည့်ရှုလေ့လာခွင့်ပြုခဲ့သည်။ လျှို့ဝှက်မော်ကွန်းတိုက်ဟူသည့် အမည်သည်လျှို့ဝှက်ထိန်ချန်မှုကို ဆိုလိုခြင်းမဟုတ်ဘဲ ကိုယ်ပိုင်သီးသန့်ဟူသည့် အနက်နှင့် နီးစပ်သည်။ မော်ကွန်းတိုက်မှတ်တမ်းများသည် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်ရေးပိုင်ဆိုင်မှုသာဖြစ်ပြီး အခြားသော ရောမရိုမန်ကက်သလစ်ဘာသာရေးဆိုင်ရာဌာနများက မပိုင်ဆိုင်ခြင်းဟူသည့် အဓိပ္ပာယ် ကို ဆောင်သည်။ လျှို့ဝှက်ဟု သုံးနှုန်းထားခြင်းသည် ဂုဏ်ပြုထိုက်သည့်ကြီးမြတ်မှုကို ရည်ညွှန်းခြင်းဖြစ်သည် ဟုဆိုပေသည်။
အမှန်တကယ်တွင် မော်ကွန်းတိုက်သည် လျှို့ဝှက်ဖုံးကွယ်ထားခြင်းမဟုတ်သည့်အတွက် မိမိကြည့်ရှုလိုသည့် မည်သည့် စာရွက်စာတမ်းကို မဆို ခွင့်ပြုချက်တောင်းခံ၍ ကြည့်ရှုနိုင်သည်။သို့သော် မော်ကွန်းတိုက်အတွင်းသို့ကား မည်သူ့ကိုမှ ဝင်ခွင့်မပြုပါချေ။ ဗာတီကန် လျှို့ဝှက်မော်ကွန်းတိုက်ရှိ စာရွက်စာတမ်းများတင်ထားသည့် စင်များကိုဆန့်လိုက်မည်ဆိုပါက ၅၂ မိုင်ခန့်ရှိမည်ဟု ခန့်မှန်းထားကာ လက်ရွေးစင်ကက်တလောက်များတစ်ခုတည်းပင်လျှင် အတွဲပေါင်း ၃၅၀၀၀ ရှိသည်။ လေ့လာသူများအနေဖြင့်အစိုးရ ပိုင်းဆိုင်ရာနှင့် သံတမန်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများအတွက် လက်ရှိအချိန်မှ ၇၅ နှစ်အတွင်းအကြောင်းအရာများကို ကြည့်ရှုခွင့် မရှိပါချေ။
၇။ ဇိုင်ယွန်မာရီ ဝတ်ပြုကျောင်း(Church of Our Lady Mary of Zion: အီသီယိုးပီးယား)
အီသီယိုးပီးယားနိုင်ငံ၊ အာဆမ်မြို့တွင်တည်ရှိသည့် အရေးအကြီးဆုံး ခရစ်ယာန်ကျောင်းတော်ဟု သတ်မှတ်ထားသည့် ဇိုင်ယွန်မာရီသည် အေဒီလေးရာစုအတွင်း အာဆမ်မင်းဆက်၏ ပထမဆုံးခရစ်ယာန်ဘာသာဝင် ဘုရင်ဖြစ်သူ အီဇာနာ၏ လက်ထက်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆကြသည်။ ယင်းကျောင်းတော်တွင် ခရစ်ယာန်ဘာသာ သမ္မာကျမ်းစာပါ ခရစ်ယာန်ဘာသာဝင်များ အတွက် အရေးကြီးသော ရုပ်ဝတ္ထုပစ္စည်းတစ်ခုဖြစ်သည့် the Ark of the Convenant သစ်သားသေတ္တာရှိသည်ဟု ယုံကြည်ကြသည်။

ထုံးတမ်းစဉ်လာအရ ယင်းသေတ္တာသည် အီသီပီယိုးပီးယားဘုရင် ဆော်လမွန်ထံ အစ္စရေးမှ လာရောက်လည်ပတ်သည့် သားဖြစ်သူ ပထမမန်နီလစ်နှင့် အတူပါလာခဲ့ကြောင်းဆိုကြသည်။ ကျောင်းတော်အတွင်းသို့ အရည်အသွေးပြည့်ဝသော အထူးရွေးချယ်ထားသောရဟန်းတစ်ပါးကိုသာ ဝင်ခွင့်ပြုထားသည်။ ကျန်သော မည်သူတစ်ဦး တစ်ယောက်ကိုမှ ဝင်ခွင့်မပြုရုံသာမက ကျောင်းတော်အနီးသို့ပင် လာရောက်ခွင့်မပြုပါချေ။
၆။ ဂျိုင်ဆူး အမျိုးသားလုံခြုံရေး ပညာရေးပြတိုက် (The Jiangsu National Security Education Museum: တရုတ်)
တရုတ်နိုင်ငံ၏ထောက်လှမ်းရေး သမိုင်းမှတ်တမ်းနှင့် ဆက်စပ်သည့် ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများကို ဂျိုင်ဆူးအမျိုး သား လုံခြုံရေးပညာရေးပြတိုက်တွင် ထိန်းသိမ်းထားကာ မည်သည့် နိုင်ငံခြားသားကိုမှ လာရောက်ခွင့်မပြုပါချေ။ ယင်းပြတိုက်တွင် ၁၉၂၇ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ ထောက်လှမ်းရေးဌာနကို ထူထောင်ခဲ့ချိန်မှ ၁၉၈၀ ပြည့်နှစ်အထိ အသုံး ပြုခဲ့သည့် စာရွက်စာတမ်း၊မှတ်တမ်းများနှင့်ထောက်လှမ်းရေးသုံး ပစ္စည်းကိရိယာများကို ထိန်းသိမ်းထားသည်။
ယင်းတို့တွင် သေး ငယ်သော ပစ္စတိုသေနတ်များ၊ နှုတ်ခမ်းနီတောင့်သဖွယ် ပုံပြောင်းထားသည့်သေနတ်များ၊ ကလေးကစားစရာအရွယ် ကင်မရာများ၊အသံ နားထောင်သည့် လျှို့ဝှက်ဝါယာကြိုးများ၊ စာရွက်စာတမ်းများကွယ်ဝှက်ရန်အသုံးပြုသည့် အခေါင်းပါဒင်္ဂါးပြားများ၊ မြေပုံများ ဝှက်ထားသည့် ဖဲချပ်များစသည့် ထောက်လှမ်းရေး ပစ္စည်းများကို စုဆောင်းထားသည်။ ပြတိုက်အတွင်းသို့ တရုတ်နိုင်ငံသားများကိုသာ ဝင်ရောက်ခွင့်ပြုပြီး ပြည်ပနိုင်ငံသားများအား တရုတ်နိုင်ငံ၏ ထောက်လှမ်းရေး အချက်အလက်များကို မမြင်တွေ့စေလိုသဖြင့် လာရောက်ခွင့်မပြုပါချေ။ တရုတ်နိုင်ငံသားများအားပြတိုက်အတွင်းသို့ဝင်ရောက် ခွင့်ပြုသည့်တိုင် ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ထားသည်။
၅။ နိုင်ဟောင်းကျွန်း(Niihau: ဟာဝိုင်ယီ)
နိုင်ဟောင်းသည် ဟာဝိုင်ယီတွင် သတ္တမမြောက် အကြီးဆုံးကျွန်းဖြစ်ပြီးကျွန်းပေါ်တွင် မည်သည့် လမ်းမျှမရှိပါချေ။ ထို့အတူ ကုန်တိုက်များ၊စားသောက်ဆိုင်များမရှိသကဲ့သို့ လျှပ်စစ်ဓာတ်အားလိုင်းလည်း မရှိ၊ ရေသွယ်တန်းစနစ်လည်းမရှိပါချေ။သို့သော် နိုင် ဟောင်းသည် ဟာဝိုင်ယီတွင် လျှပ်စစ်ဓာတ်အားအစားနေရောင်စွမ်းအင်ကိုသာလုံ၀ အမှီပြုသည့် တစ်ခုတည်းသော ကျောင်းတစ်ကျောင်းရှိသည်။
နိုင်ဟောင်းကို အဲလိဇဘက် စင်ကလဲယားက ၁၈၆၄ ခုနှစ်တွင် ဟာဝိုင်ယီ ဘုရင်ထံမှ ဝယ်ယူခဲ့ပြီး ကျွန်း၏ ပုဂ္ဂလိကပိုင် ဆိုင်မှုသည် သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ရာ ရော်ဘင်ဆင်မိသားစုထံရောက်ရှိခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် စင်ကလဲယား၏ မြေးဖြစ်သူ အောဘရေး ရော်ဘင်ဆင်သည် ကျွန်းရှိ တိုင်းရင်းသားယဉ်ကျေးမှုများနှင့် သဘာဝတောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ရန် ဟုဆိုကာ ကျွန်းပေါ်သို့ လူများလာရောက်လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့သည်။ ကျွန်းပေါ်တွင် နေထိုင်လျက်ရှိကြသူများ၏ ဆွေမျိုးများသည်ပင် အထူးခွင့်ပြုချက်ရရှိမှသာ လာရောက်ကြရသည်။
ယခုအခါတွင် ကျွန်းပိုင်ရှင်များ၏ မိသားစုများ၊ ကျွန်းတွင်နေထိုင်ကြသူများ၊ အမေရိကန်နိုင်ငံ၊ ရေတပ်မှ ပုဂ္ဂိုလ်များ၊အစိုးရ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားခံရသော ပုဂ္ဂိုလ်များမှလွဲ၍ နိုင်ဟောင်းသို့လာရောက်ခွင့်ကို ပိတ်ပင်ထားသည်။ ကျွန်းသို့ရဟတ် ယာဉ်ဖြင့် လာရောက်ကြခြင်းသည်ပင်လျှင် အလွန်နည်းပါးသည်။ ကျွန်းသို့ ရောက်ရှိခဲ့သူများသည် ကမ်းခြေတစ်လျောက် လျောက်သွားနိုင်ကြကာ တင်းကျပ်စွာ တားမြစ်ခံထားသည့် ကျွန်းနေဒေသခံများကို နေရာမရွေးမြင်တွေ့ကြရသည်။ နိုင်ဟောင်းကျွန်းသည် ဟာဝိုင်ယီရှိ တားမြစ်နယ်မြေ ကျွန်းငယ်လေးအဖြစ် လူအများ၏ စိတ်ဝင်စားမှုကို ရရှိထားသည်။
၄။ ထင်းရူးကွက်လပ်(Pine Gap: သြစတြေးလျ)
ပိုင်းဂက်ပ်သည် သြစတြေလျနိုင်ငံ၏ တစ်ခုတည်းသော တားမြစ်နယ်မြေ ဖြစ်ပြီး သြစတြေလျနိုင်ငံ အလယ်ပိုင်းရှိ အဲလစ်စ် စပရင်းမြို့၏ အနောက်တောင်ဘက် ၁၈ ကီလိုမီတာအကွာတွင်တည်ရှိသည်။ ပိုင်းဂက်ပ်သည် ဂြိုလ်တုထောက်လှမ်းရေးစခန်း တစ်ခု၏ အမည်ဖြစ်ပြီး သြစတြေလျနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ လုပ်ငန်းများဆောင်ရွက်နေသည့် စခန်းဖြစ်သည်။ စခန်းအတွင်း ကြီးမားသော ကွန်ပျူတာ ကွန်ရက်ထူထောင်ထားကာ အင်တာနာများကို ကာကွယ်မှုပြုထားသည့် ရေဒါအရံအတား ၁၄ ခုရှိ၍ ဝန်ထမ်း ၈၀၀ တာဝန် ထမ်းဆောင်နေကြသည်။
ပိုင်းဂတ်စ်သည် ဗျူဟာမြောက် အရေးပါသော နေရာတွင်တည်ရှိနေပြီး တရုတ်၊ ရုရှနိုင်ငံ၏ နေရာဒေသ အစိတ်အပိုင်း အချို့၊ အရှေ့ အလယ်ပိုင်းရှိ ရေနံတွင်းများနှင့် တတိယကမ္ဘာနိုင်ငံများသို့ ထောက်လှမ်းသည့် အမေရိကန်နိုင်ငံ ဂြိုလ်တုများအား ပိုင်းဂတ်စ်မှ ထိန်းချုပ်မှုများပြုလုပ်သည်။ ပိုင်းဂတ်စ်ကို သြစတြေးလျနိုင်ငံအလယ်ပိုင်းတွင် ထားရှိရန်ရွေးချယ်ခဲ့ခြင်းသည် အပြည် ပြည်ဆိုင်ရာ ရေပိုင်နက်အတွင်း ဖြတ်သန်းခုတ်မောင်းနေကြသည့် ထောက်လှမ်းရေးရေယာဉ်များ၏ ကြားဖြတ် ရေဒီယိုလှိုင်းများ ဖမ်းယူနိုင်သည့်အကွာအဝေး မှ အလွန်အလှမ်းဝေးသောကြောင့်ဖြစ်ပေသည်။
၃။ နီဂေ့ဗ် နယူကလီယား သုတေသနဌာန(Negev Nuclear Research Center:အစ္စရေး)
အစ္စရေးနိုင်ငံ၏ နီဂေ့ဗ် သဲကန္တာရအတွင်းတည်ဆောက်ထားသည့် နယူးကလီယား သုတေသနဌာနသည် နယူးကလီယား တပ်ဆင်သည့် နေရာဖြစ်ပြီး ဒီမိုနာမြို့မှ အရှေ့တောင်ဘက်သို့ ၁၃ ကီလိုမီတာ ကွာဝေးသည်။ ယင်းအဆောက်အဦကို ၁၉၅၈ ခုနှစ် တွင် ပြင်သစ်နိုင်ငံ၏ အကူအညီဖြင့်စတင်တည်ဆောက်ခဲ့ပြီး ဌာန၏ သတင်းအချက်အလက်များကို တင်းတင်းကျပ်ကျပ် စီစစ်ချုပ်ကိုင်ထားသည်။ သို့သော် ၁၉၈၆ ခုနှစ်တွင် ဒီမိုနာမှ ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့သူ မိုဒေချယ်ဗာနူးနူးသည် အမေရိကန်နိုင်ငံသို့ထွက်ပြေးခဲ့ပြီး အစ္စရေးနိုင်ငံ၏ နယူးကလီးယား လုပ်ငန်း အစီအစဉ်အထောက်အထားအချို့ကို သတင်းဌာနများသို့ဖွင့်ဟခဲ့ပြီး သုတေသနဌာနအတွင်းရှိ အဆောက်အအုံတစ်ခုချင်းစီ၏ ရည်ရွယ်ချက်များနှင့် သုတေသနဌာန၏ အောက်တည့်တည့်တွင်ရှိသည့်ထိပ်တန်းလျှို့ဝှက်မြေအောက်အဆောက်အဦများကို ဖော်ထုတ်ခဲ့သည်။
စာနယ်ဇင်း သတင်းများက ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစ္စရေးနိုင်ငံ အနုမြူစွမ်းအင်ကော်မရှင်သည် သုတေသန ဗဟို ဌာနရှိ နယူးကလီးယား ဓာတ်အားပေးရုံကို အနည်းဆုံးယာယီအားဖြင့်ဖြစ်စေ ပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း ညွှန်းဆိုခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်၏အဓိကအကြောင်းရင်းသည် အီရန်တို့တိုက်ခိုက်မည့်အန္တရာယ်ကို ကာကွယ်ရန်ဖြစ်သည်။၂၀၁၂ ခုနှစ် အောက်တို ဘာလနှင့် နိုဝင်ဘာလတွင် ဟားမားစ်တို့က ဒိုင်မိုနာရှိ နယူးကလီယား သုတေသနဌာနကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ သော်လည်း တစ်စုံတစ်ရာ ထိခိုက်ပျက်စီးခြင်းမရှိခဲ့ပါချေ။ ထို့ကြောင့် နယူးကလီယား သုတေသနဌာနအပေါ် လေပိုင်နက်ကို လေယာဉ်အားလုံး မဖြတ်သန်းရန် ပိတ်ပင်ခဲ့သည်။ထို့ ကြောင့် ယင်းနေရာသို့ တရားမဝင် လာရောက်မှုများကိုကာကွယ်ရန် သုတေသန ဌာန ဝန်းကျင်တစ်ခုလုံးကို အခိုင်အမာ လုံခြုံ မှုပြု ထားပြီး ခြံစည်းရိုးများ ကာရံခဲ့သည်။
၂။ အီစဲနတ်ကွန်း(Ise Grand Shrine: ဂျပန်)
အီစေးသည် ဂျပန်နတ်သမီးတစ်ပါးဖြစ်သည့် အမာတေရာစု အိုမီကာမီအား လှူဒါန်းခဲ့သည့် ခမ်းနားသော ရှင်တိုနတ်ကွန်းကြီးတစ်ခုဖြစ်ကာ အဓိကနတ်ကွန်းနှစ်ခု၊ နတ်ကွန်းငယ်ပေါင်း ၁၂၅ ခုဖြင့် ဖွဲ့စည်းထားသည်။ အီစေးသည် ဂျပန်နိုင်ငံတွင် ဘာသာ ရေးဆိုင်ရာ အမြင့်မြတ်ဆုံးနှင့် အရေးအကြီးဆုံးနေရာများအနက် တစ်ခုဖြစ်သည်။ သို့သော် အီစေးသို့ ဝင်ရောက်ခွင့်ကိုတင်းကျပ်စွာ ကန့်သတ်ထားပြီး ဂျပန်တော်ဝင်မိသားစုဝင်ရဟန်းနှင့် သီလရှင်များကိုသာ ဝင်ခွင့်ပြုသည်။ အီစေးနတ်ကွန်းဝင်းကို ကာရံထားသည့် မြင့်မားသော သစ်သားစည်းရိုးများနောက်တွင်ပုန်းကွယ်ထားသကဲ့သို့ဖြစ်နေသည့် အဆောက်အဦများ၏ အမိုးအနည်းငယ်ကိုသာ အများပြည်သူက မြင်ခွင့်ရှိသည်။
အီစေးဂျင်ဂူ နတ်ကွန်းအတွင်းရှိ အဓိက အဆောက်အအုံနှစ်ခု ဖြစ်သည့် အတွင်းနတ်ကွန်းနိုင်ကူးနှင့် အပြင်နတ်ကွန်း ဂျီကူတို့ကို နှစ် ၂၀ ပြည့်တိုင်း ပြန်လည်တည် ဆောက်လေ့ရှိသည်။ ထို့အတူ နတ်ကွန်းဝန်းအတွင်း ပြန်လည်တည်ဆောက်ရန် လိုအပ်သည့် အခြားအဆောက်အအုံများကို လွန်ခဲ့သော နှစ် ၁၀၀၀ ကျော်ကရှိခဲ့သည့် ပုံစံအတိုင်းပြန်လည် တည်ဆောက်သည်။ ယင်းသို့ ပြန်လည်တည်ဆောက်သည့် ထုံးတမ်းစဉ်လာသည် ရှင်တိုဘာသာဝင်တို့၏ ယုံကြည်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ ရှေးဟောင်း အဆောက်အဦး တည်ဆောက်မှု နည်းပညာများကို တန်ဖိုးမဖြတ်နိုင်အောင် လက်ဆင့်ကမ်းနေသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြောဆိုကြသည်။
၁။ လျှို့ဝှက် မြေအောက် ရထားစနစ်(Metro-2: ရုရှား)
ရုရှားနိုင်ငံရှိ မက်ထရိုတူးသည် မော်စကိုမြို့ရှိ လျှို့ဝှက်မြေအောက်ရထား ဟန်ပြုထားသည့် စနစ်ကိုမှည့်ခေါ်ထားသည့် တရားဝင်မဟုတ်သော အမည်ဖြစ်သည်။ မက်ထရိုတူးသည် မော်စကိုမြို့၏ မြေအောက်ရထားလမ်းနှင့် အပြိုင်တည်ရှိနေကာ ဆိုဗီယက် ခေါင်းဆောင် ဂျိုးဇက်စတာလင် လက်ထက်တွင် စတင်တည်ဆောက်ခဲ့သည်ဟုဆိုကြပြီး ရုရှထောက်လှမ်းရေးအဖွဲ့ (ကေဂျီဘီ)က D 6 ဟုလျှို့ဝှက်သင်္ကေတဖြင့် အမှတ်အသားပြုသည်။ ယင်းစနစ်ကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် အထူးအစီအစဉ်များ ညွှန်ကြားမှုရုံးက ယခုတိုင်အသုံးပြုဆဲဖြစ်သည်ဟု ဆိုကြသည်။
အရပ်ပြောစကားများအရ မက်ထရိုတူးသည် အများပြည်သူသုံးမြေအောက်ရထားလမ်းထက် ပိုမိုရှည်လျားပြီး မြေအောက် မီတာ ၅၀ မှ ၂၀၀ အကြားတွင် လိုင်းလေးခုရှိသည်။ ယင်းမြေအောက်လိုင်းသည် ကရင်မလင်နန်းတော်နှင့် ပြည်ထောင်စုလုံခြုံရေး လုပ်ငန်း (FSB) ဌာနချုပ်ကို ဆက်သွယ်ထားပြီး Vnukovo-2 အစိုးရ လေယာဉ်ကွင်း၊ မြေအောက်မြို့တော် ရာမန်ကီနှင့် အခြား အရေးကြီးနေရာများကိုပါ ဆက်သွယ်ထားသည်။ ၁၉၉၄ ခုနှစ်တွင် မြို့ပြတိုင်းထွာရေးအဖွဲ့တစ်ဖွဲ့ခေါင်းဆောင်က မြေအောက်စနစ်တည်ဆောက်ထားသည့် နေရာ၏ ဝင်ပေါက်ကို တူးဖော်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။သို့သော် သတင်းအချက်အလက်များအားလုံးသည်ပြောစကားအဖြစ်သာ တည်ရှိနေပြီး ဓာတ်ပုံကဲ့သို့သော အထောက်အထားများများကို မပြသနိုင်ခဲ့ကြပါချေ။ မက်ထရိုတူးဆောက်လုပ်ရေးတွင်ကူညီခဲ့ကြခြင်းများ၊ မြင်ဖူးကြသူများရှိသည်ဟု ဆိုနေကြသော်လည်း ခိုင်မာရှင်းလင်းမှု မရှိပါချေ။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၆ ခုနှစ်နိုဝင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ