တရုတ်နိုင်ငံက မီဒီယာတွေမှာ အလီဘာဘာ သူဌေးကြီးဂျက်မားနဲ့ အပြိုင်မကြာခဏဖော်ပြခံရတဲ့ အမျိုးသမီးတစ်ယောက်ကို တော်တော်များများမြင်ဖူးကြပါလိမ့်မယ်။ သူကတော့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီး Zhou Qunfei ဖြစ်ပါတယ်။
ငယ်စဉ်က ဆင်းရဲလွန်းလို့ ညာတောင်ပြီးဆုံးအောင် မသင်ခဲ့ရပဲ စက်ရုံအလုပ်သမဖြစ်ခဲ့သူပါ။ အောက်ဆုံးအဆင့် စက်ရုံသမတစ်ယောက်ဘဝကနေ နိုင်ငံအချမ်းသာဆုံးအမျိုးသမီးအဖြစ်ကိုတက်လှမ်းခဲ့တဲ့ Zhou Qunfei ရဲ့အကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။
Zhou Qunfei ဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ဒေသက ကျေးရွာငယ်လေးတစ်ခုမှာ ဆင်းဆင်းရဲရဲမွေးခဲ့ပါတယ်။ သူမ အသက် ၅နှစ်မှာ မိခင်ဖြစ်သူကွယ်လွန်ခဲ့သလို ဖခင်ဖြစ်သူကလည်းမတော်တဆမှုကြောင့် ထိခိုက်ခဲ့ပြီး မျက်မမြင်ဘဝကို ရောက်ခဲ့ပါတယ်။ ၅နှစ်သမီးလေးဟာ မိသားစုတာဝန်ကို နိုင်သလောက်ထမ်းခဲ့ပါတယ်။ ချို့ချို့တဲ့တဲ့နဲ့ကျောင်းတက်ရင်း ၁၆နှစ်မှာတော့ ကျောင်းဆက်မတက်နိုင်တော့တာကြောင့် ကျောင်းကထွက်ခဲ့ရပါတယ်။
ဘယ်လောက်အခြေအနေဆိုးပေမယ့် သူတစ်နေ့အောင်မြင်သူတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကတော့ သူမစိတ်ထဲမှာ အမြဲရှိနေခဲ့ပါတယ်။ အဲဒီနောက်တော့ ရှန်ဇန်းမြို့က မှန်စက်ရုံတစ်ခုမှာ အလုပ်သမတစ်ယောက်အဖြစ်ဝင်လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်နေရင်းကပဲ အတွက်အချက်နဲ့ဆိုင်တဲ့သင်တန်းတွေကို သူဟာမရမကတက်ခဲ့ပါသေးတယ်။
“အဲဒီတုန်းက ပိုက်ဆံမရနိုင်ရင်တောင် ပညာတော့ရအောင်ယူမယ်ဆိုတဲ့စိတ်နဲ့ သင်တန်းတွေတက်ခဲ့တာ။ တခြားသူတွေက မိဘပိုက်ဆံတွေနဲ့လာတက်တဲ့အချိန် ကျမကတော့ အလုပ်ကရတဲ့လခလေးကနေ ခြစ်ကုတ်ပြီးတက်ခဲ့ရတာ။ ကျမရှေ့ဆက်ပြီးအောင်မြင်ဖို့ သင်တန်းတွေကပညာတွေတတ်ထားဖို့လည်းလိုတယ်လို့ ယူဆခဲ့တာကြောင့်တက်ခဲ့တာပါ”
သူမဟာ အချိန်ပြည့်နီးပါးအလုပ်နဲ့ လက်မပြတ်တတ်သူဖြစ်ပါတယ်။ သူ့အလုပ်ကိုတာဝန်ကျေတဲ့အပြင် ဆက်စပ်တဲ့အလုပ်တွေကိုပါ အမြဲလေ့လာနေခဲ့ပါတယ်။ ၃လပြည့်တဲ့အခါမှာတော့ ဒီစက်ရုံဟာ သူမအတွက် ပညာထပ်ယူစရာ မရှိတော့ဘူးလို့ ယူဆတာကြောင့် ထွက်စာတင်ခဲ့ပါတယ်။ သူမရဲ့ထွက်စာကို အထက်လူကြီးတွေဖတ်မိတဲ့အခါ သူမကိုသတိထားမိသွားကြတယ်။ တောမှာနေခဲ့တဲ့ မိန်းကလေးတစ်ယောက်က စာကိုအဆင့်မြင့်မြင့်ရေးတတ်နေလို့ပါ။ ဒါကြောင့်လည်း သူမကို အလုပ်ကမထွက်ဖို့တားပြီး ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။
သူမကလည်း ရောက်တဲ့ရာထူးမှာ အစွမ်းကုန်ကြိုးစားတာကြောင့် ရာထူးအတိုးမြန်ခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာ ကုန်ထုတ်လုပ်ရေးဒါရိုက်တာ ရာထူးကို ရရှိခဲ့ပါတယ်။ တစ်ဖက်ကလည်း လုပ်ငန်းတစ်ခုလုံံးကိုလေ့လာနေတာကြောင့် သူမမှာ ကိုယ်ပိုင်လုပ်နိုင်လောက်တဲ့အရည်အချင်းရှိလာခဲ့ပါတယ်။
အသက် ၂၂နှစ်မှာတော့ အထက်လူကြီးတွေတားတဲ့ကြားက သူမဟာ စက်ရုံကထွက်ခဲ့ပြီး စုထားတဲ့ငွေအနည်းငယ်(ဒေါ်လာ ၃၀၀၀ ခန့်) နဲ့ ကိုယ်ပိုင် နာရီမှန် ကုမ္ပဏီထောင်ခဲ့ပါတယ်။ ကုမ္ပဏီဆိုလို့ အခန်းလေးတစ်ခုအတွင်းမှာ ဝန်ထမ်းအနည်းငယ်သာရှိတဲ့ကုမ္ပဏီတစ်ခုပါ။ ပင်တိုင်အလုပ်သမကတော့ ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ သူမပဲဖြစ်ပါတယ်။ သူမရဲ့ ကုမ္ပဏီဟာ အစပိုင်းအောင်မြင်ခဲ့သလိုရှိပေမယ့် နောက်ပိုင်းမှာတော့ အရှုံးတွေရင်ဆိုင်ခဲ့ရတဲ့အခါတွေလည်းရှိပါတယ်။
သူမ ဟာ ကုမ္ပဏီ ၁၁ခုလောက်ကို ဆက်တိုက် ထောင်ဖြစ်ခဲ့ပါတယ်။ အောင်မြင်တာတွေရှိသလို အဆုံးအရှုံးကြီးကြီးမားမားတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ သူမဝန်ထမ်းတွေကိုပေးစရာ ငွေမရှိတာကြောင့် သူမရဲ့အိမ်ကို ၂ကြိမ်တိုင်တိုင်ရောင်းခဲ့ဖူးသလို ၊ သူမကို မနာလိုတဲ့ပြိုင်ဘက်တွေရဲ့တိုက်ခိုက်မှုကြောင့် စိတ်ဓာတ်တွေအလွန်ကျဆင်းကာ ကိုယ့်ကိုယ်ကိုသတ်သေမလို စိတ်ကူးမိတဲ့အထိ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးသူမရဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်ကြောင့်သာ သူမကုမ္ပဏီတွေ ပြန်လည်ပတ်နိုင်ခဲ့တာပါ။
၁၀နှစ်ကျော်ကျော်ကြာပြီးတဲ့နောက် ၂၀၀၃ခုနှစ်မှာတော့ သူမဟာ နာရီမှန်သာမက Lens Technology ကုမ္ပဏီကိုတည်ထောင်ပြီး ဖုန်းမှန်လုပ်ငန်းထဲကိုဝင်ရောက်လာခဲ့ပါတယ်။ ပထမဆုံး ထုတ်လုပ်ပေးရတာကတော့ Motorolaရဲ့ Razr V3 Mobile Phone အတွက် Glass Screen ဖြစ်ပါတယ်။ အဲဒီအချိန်က အရည်အသွေးပြည့်မီစေဖို့အတွက် သူမကိုယ်တိုင် စက်ရုံမှာ ၃ရက်လောက် နေ့မအိပ်ညမအိပ် စောင့်ကြည့်ရင်းအရည်အသွေးစစ်ခဲ့ပါတယ်။ သူမကုမ္ပဏီက ဖုန်းမှန်တွေရဲ့ အရည်အသွေးကိုသဘောကျတာကြောင့် နောက်ပိုင်းမှာ ကမ္ဘာကျော်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Nokia,HTC, Samsung နဲ့ Iphone တို့ကဆက်သွယ်ပြီး ဖုန်းမှန်များမှာယူထုတ်လုပ်စေခဲ့ပါတယ်။
အဲဒီက စလို့သူမရဲ့လုပ်ငန်းအကြီးအကျယ်အောင်မြင်ခဲ့သလို သူမကိုလည်း ဖုန်းမှန်လုပ်ငန်းရဲ့ ဘုရင်မတစ်ပါးအဖြစ် Touched Queen လို့တောင်နာမည်ပြောင်ပေးခဲ့ကြပါတယ်။ ယနေ့သုံးစွဲနေကြတဲ့ ဖုန်း ၅လုံးမှာ ၁လုံးက Zhou ကုမ္ပဏီကထုတ်တဲ့မှန်ဖြစ်ပါတယ်။ ၂၀၀၇ မှာတော့ Appleရဲ့ iPhone မှန်ကို ထုတ်လုပ်ပေးနိုင်ရုံမက Huawei, Samsung နဲ့ Apple တို့ရဲ့ 75% ရှိတဲ့ မှန်သားပြင်တွေကို Lens Technology က ထုတ်လုပ်ပေးနိုင်ခဲ့ကာ ၂၀၁၅ မှာတော့ ဝန်ထမ်းအင်အား ၆၀၀၀၀ ကျော်အထိ အလုပ်အကိုင်ပေးနိုင်ခဲ့ပါတယ်။ မြို့ကြီး သုံးခုမှာ စက်ရုံတွေ တိုးချဲ့တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ Zhou ရဲ့ ကုမ္ပဏီမှာ စက်ရုံ ၃၂ ခုနဲ့အတူ ဝန်ထမ်း ၉၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ သူမရဲ့ Lens Technology ကုမ္ပဏီဟာ ရှယ်ယာဈေးကွက်ကိုဝင်လာခဲ့ပြီး ရှယ်ယာများရောင်းချအပြီးမှာတော့သူမဟာ ဒေါ်လာ ၆ဘီလျံဝန်းကျင် ချမ်းသာလာခဲ့ပြီး တရုတ်ရဲ့အချမ်းသာဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒေါ်လာ ၉.၃ဘီလျံချမ်းသာနေပြီဖြစ်တဲ့သူမက အောင်မြင်ချင်သူတွေအတွက်ပြောတဲ့စကားကတော့ ဒီလိုဖြစ်ပါတယ်။
” တကယ်ဖြစ်ချင်ရင် တကယ်ရည်မှန်းချက်ထားပြီး မဖြစ်ဖြစ်အောင်လုပ် ၊ရှင့်ကို ထိပ်ဆုံးကိုတွန်းပို့ပေးမယ့်အရာက ရှင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုမဟုတ်ဘူး။ အခက်အခဲမှန်သမျှကို မကြောက်မရွံ့ကျော်လွှားစေမယ့် မလျော့သော ဇွဲလုံ့လ သာဖြစ်ပါတယ်”