ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
လူ့အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ရ သည့် ကမ္ဘာစစ်ကြီးနှစ်ခု ပြီးဆုံးပြီးနောက် စစ်အတွင်းကျဆုံးခဲ့သည့် စစ်သည်များ၏ အထိမ်းအမှတ်ဂူဗိမာန်များကို ကမ္ဘာ့နိုင်ငံများ၌ တည် ဆောက်ခဲ့ကြသည်။ ထို့ကြောင့် ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ နိုင်ငံ၌ သေဆုံး၊ ကျဆုံးခဲ့ကြသည့် ပြည်ပနိုင်ငံ သား စစ်သည်များ၏ အထိမ်းအမှတ်အုတ်ဂူ များထားရှိသည့် သချုႋင်းများသည်လည်း စစ်ပြီး ဆုံးချိန်တွင် မြန်မာနိုင်ငံ၌ ပေါ်ပေါက်လာ ခဲ့သည်။
ယင်းတို့အနက် ရန်ကုန်မြို့ရှိ ထောက်ကြံ့ စစ်သချုႋင်း၊ ရန်ကုန်စစ်သချုႋင်းနှင့် သံဖြူဇရပ်မြို့ ရှိ မဟာမိတ်စစ်သချုႋင်းတို့သည် အလွန်ထင်ရှား သည်။ မြန်မာနိုင်ငံအတွင်း အခြားမြို့ရွာများ တွင်လည်း ပြည်ပနိုင်ငံသားများကို မြှုပ်နှံခဲ့သည့် သချုႋင်းများရှိသည့်အနက် မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ တူရကီစစ်သချုႋင်းသည် တစ်ခုအပါ အဝင်ဖြစ်ပေသည်။
သရက်မြို့
သရက်မြို့သည် ပုဂံခေတ်ကပင် စည်ပင်ထွန်း ကားခဲ့ဟန်ရှိကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားကာ ပုဂံမင်းဆက် နောက်ဆုံးမင်းဖြစ် သော ကျော်စွာမင်းလက်ထက်တွင် သားတော် မင်းရှင်စောကို သရက်မြို့စားအဖြစ် ခန့်အပ်ခဲ့ ကြောင်း ရေးသားထားသည်။ မကွေးတိုင်းဒေသ ကြီးအတွင်း ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း တွင်တည်ရှိသည့် သရက်သည် ခရိုင်မြို့တစ်ခုဖြစ် ကာ သရက်ခရိုင်ကို သရက်၊ ကံမ၊ ဆင်ပေါင်ဝဲ၊ မင်းတုန်း၊ မင်းလှ၊ အောင်လံမြို့များဖြင့် ဖွဲ့စည်း ထားသည်။
သရက်မြို့နယ်၏အရှေ့ဘက်တွင် ဧရာဝတီ မြစ်နှင့် အောင်လံမြို့နယ်၊ အနောက်ဘက်တွင် မင်းတုန်းမြို့နယ်၊ တောင်ဘက်တွင် ကံမမြို့နယ်၊ မြောက်ဘက်တွင် မင်းလှနှင့် ဆင်ပေါင်ဝဲမြို့နယ် တို့ တည်ရှိသည်။ သရက်မြို့ဧရိယာသည် မြေပြန့်လွင်ပြင်ဖြစ်ပြီး မြို့နယ်အတွင်း နေရာအများစုသည် တောင်ကုန်း တောင်တန်းများ ဖြစ်ကြသည်။ သရက်မြို့၏တောင်ဘက်တွင် ထုံးတောင်၊ အနောက်တောင် ဘက်တွင် ကဝေတောင်၊ အနောက်မြောက်ဘက် တွင် ငွေသင်ပုန်းတောင်၊ မြောက်ဘက်တွင် ဇာလီတောင်နှင့် မြင်ဘာတောင်တို့ တည်ရှိ သည့်အနက် ၁၆၆၈ ပေမြင့်သည့် မြင်ဘာတောင် သည် အမြင့်ဆုံးဖြစ်သည်။
တော်လှန်ရေးကောင်စီ အစိုးရလက်ထက် တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနက သရက်မြို့နယ်ကို ရပ်ကွက် ရှစ်ခု၊ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာ ၁၅၈ ရွာဖြင့် ၁၉၇၂ ခုနှစ် သြဂုတ် ၃ဝ ရက်က ဖွဲ့စည်းခဲ့သည်။ ဧရာဝတီမြစ် သည် သရက်မြို့နယ်ကိုဖြတ်သန်းလျက် မြောက် ဘက်မှ တောင်ဘက်သို့ စီးဆင်းနေသဖြင့် သရက်မြို့သို့ အောင်လံမြို့မှ ဧရာဝတီမြစ်အတိုင်း ရေယာဉ်ဖြင့် စုန်ဆင်းသွားရောက်နိုင်သည်။ ထို့အတူ ပြည်နဝဒေးတံတားကို ဖြတ်သန်း၍ ဖြစ်စေ၊ ပုသိမ်-မုံရွာလမ်းအတိုင်းဖြစ်စေ မော် တော်ကားလမ်းဖြင့်လည်း သွားရောက်နိုင်ကြ သည်။ သရက်မြို့မှ ၁၈ မိုင်ကွာဝေးသည့် မင်းတုန်း မြို့၊ ၁၃ မိုင်ကွာဝေးသည့် ကံမမြို့နှင့် ၂၈ မိုင်ကွာ ဝေးသည့် မင်းလှမြို့သို့ ကားဖြင့်အလွယ်တကူ သွားရောက်နိုင်သည်။
ပင်လယ်ရေမျက်နှာပြင် အထက် ၁၁၉ ဒသမ ၂၉ ပေမြင့်သည့် သရက်မြို့နယ်တွင် ၂ဝ၁၇ ခုနှစ် မတ်လ စာရင်းများအရ လူဦးရေ ၁ဝ၃၂၉၄ ဦး နေထိုင်လျက်ရှိကာ မြို့နယ်အတွင်း အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း၊ အထက်တန်းကျောင်း သုံးကျောင်း၊ တွဲဖက်အထက်တန်းကျောင်း ခုနစ်ကျောင်း၊ ခုတင် ၁ဝဝ ဆံ့ ခရိုင်ဆေးရုံ တစ်ရုံနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံတို့ကို ဖွင့်လှစ်ထားသည်။ သရက်မြို့နယ်ရှိ သမိုင်းဝင်အဆောက်အအုံများတွင် ရုံးရပ်ကွက် ရှိ သံတဲ၊ ပြည်တော်အေးရပ်ကွက်ရှိ ဂေါက်ကွင်း နှင့် တူရကီစစ်သချုႋင်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံရှိ မဟာမိတ်စစ်သချုႋင်းများ
ခရစ်နှစ် ၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပထမကမ္ဘာစစ်တွင် လူ ၁၇ သန်း သေဆုံး၍ သန်း၂ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခရစ်နှစ် ၁၉၃၉ ခုနှစ် မှ ၁၉၄၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်တွင် လူဦးရေ သန်း ၆ဝ ကျော် သေကျေဒဏ်ရာရရှိခဲ့ကြသည်။ ကမ္ဘာအနှံ့ စစ်မြေပြင်အသီးသီးတွင် စစ်သည် များသာမက အရပ်သားပြည်သူများပါ အသက် ဆုံးရှုံးခဲ့ကြရပြီးနောက် စစ်ပွဲကြီးများအပြီးတွင် စစ်၏ပြယုဂ်တစ်ခုအဖြစ် စစ်သချုႋင်းများကို မြင်တွေ့ခဲ့ကြရသည်။ ကမ္ဘာစစ်ကြီးနှစ်ခု ပြီးဆုံးပြီးနောက် မဟာမိတ် နိုင်ငံများသည် မဟာမိတ်စစ်သချုႋင်းများကို တည်ဆောက်ကာ ကျဆုံးခဲ့သည့်စစ်သည်များ၏ အထိမ်းအမှတ်ဂူများကို ထားရှိခဲ့ကြသဖြင့် နှစ် ကာလကြာရှည်လာချိန်တွင် ယင်းတို့သည် သမိုင်း ဝင် အထိမ်းအမှတ်များအဖြစ် ထင်ရှားလာခဲ့ သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့၌ စစ်သချုႋင်းနှစ်ခုနှင့် သံဖြူဇရပ်မြို့၌် စစ်သချုႋင်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ စမ်းချောင်း မြို့နယ်ရှိ ရန်ကုန်စစ်သချုႋင်းကို ၁၉၄၅ ခုနှစ်တွင် ဖွင့်လှစ်၍ အထိမ်းအမှတ်အုတ်ဂူ ၁၃၈၁ ခု ထား ရှိခဲ့သည်။ မင်္ဂလာဒုံမြို့နယ်၌ ၁၉၅၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ထောက်ကြံ့စစ်သချုႋင်းတွင် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်များအတွင်း မြန်မာနိုင်ငံ စစ်မြေပြင်အသီးသီး၌ ကျဆုံးခဲ့သည့် မဟာမိတ်စစ်သည် ၆၃၇၄ ဦး၏ အထိမ်းအမှတ် အုတ်ဂူငယ်များကို ထားရှိသည်။ ထို့အတူ မွန် ပြည်နယ် သံဖြူဇရပ်မြို့၌ အထိမ်းအမှတ်အုတ်ဂူ ၃၇၇၁ ခုရှိသည့် မဟာမိတ်စစ်သချုႋင်းကို ၁၉၄၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။
သရက် တူရကီစစ်သင်္ချိူင်း
ပထမကမ္ဘာစစ်အတွင်းက အီရတ်၊ ပါလက် စတိုင်း၊ ဆီးရီးယားနှင့် အာရေဗျစစ်မြေပြင်များ တွင် ဗြိတိသျှတို့သည် အော်တိုမန်အင်ပိုင်ယာ နိုင်ငံများနှင့် စစ်ဖြစ်ခဲ့ကာ စစ်ပွဲအပြီး၌ အော်တို မန်အင်ပိုင်ယာ စစ်သုံ့ပန်းများကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခဲ့၍ မိတ္ထီလာနှင့် သရက်မြို့တို့တွင် ထိန်းသိမ်းထားရှိခဲ့သည်။ ယင်းတို့အနက် တူရကီ စစ်သုံ့ပန်းများသည် ဦးရေ ထောင်နှင့်ချီ၍ ပါဝင် ခဲ့ပြီး စစ်ကြီးပြီးဆုံးချိန်တွင် အသက်ရှင်ကျန်ရှိနေ သူများသည် မိခင်နိုင်ငံသို့ ပြန်သွားနိုင်ခဲ့ ကြသည်။
သေဆုံးခဲ့သူများကို မိတ္ထီလာနှင့် သရက်မြို့ တို့တွင် မြှုပ်နှံခဲ့ရာ မိတ္ထီလာစစ်သချုႋင်းသည် မိတ္ထီလာကန်အနီးတွင်ရှိခဲ့ကာ ယခုအခါ ပျက်စီး နေပြီဖြစ်သည်။ သရက်စစ်သချုႋင်းမှာမူ ထင်ရှား စွာ ကျန်ရှိနေဆဲဖြစ်သည်။ ပထမကမ္ဘာစစ် အတွင်းက ဗြိတိသျှတို့သည် စစ်သုံ့ပန်း ၁၂ဝဝဝ ကို မြန်မာနိုင်ငံတွင်ထားရှိခဲ့ရာ ၁၉၁၇ ခုနှစ်တွင် သရက်မြို့၌ စစ်သုံ့ပန်း ၃၅ဝဝ ရှိခဲ့သည်။ ယင်းတို့ အနက် အများစုသည် တူရကီလူမျိုးများဖြစ်ကြ ပြီး အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၁ဝဝဝ ကျော်ရှိခဲ့ကာ သရက်မြို့ တူရကီစစ်သချုႋင်း တွင် စစ်သည်တစ်ဦးချင်းစီ၏အမည်များ ရေး ထိုးထားသည့်အထိမ်းအမှတ်အုတ်ဂူ ၂၂၂ ခု ကို မြင်တွေ့ကြရသည်။
သရက်မြို့၏မြောက်ဘက်ရှိ စစ်သချုႋင်းကို ၂ဝ၁၂ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ကာ စစ်သချုႋင်းတံတိုင်း နှင့် အထိမ်းအမှတ်အုတ်ဂူများကို အဖြူရောင် စကျင်ကျောက်များဖြင့် ပြုလုပ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဇွန် ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိခဲ့သည့် တူရကီနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mr.Mevlut Cavusoglu က ဖွင့်လှစ် ပေးခဲ့သည်။
အထိမ်းအမှတ်အုတ်ဂူများ၏အလယ်တွင် စိုက်ထူထားသည့် အဖြူရောင် လေးထောင့် ကျောက်တိုင်၌ ”ပထမကမ္ဘာစစ်အတွင်း အီရတ်၊ ပါလက်စတိုင်း၊ ဆီးရီးယားနှင့် အာရေဗျစစ် မြေပြင်များတွင် အော်တိုမန်တပ်မတော်နှင့် ဗြိတိသျှတပ်မတော်တို့၏ တိုက်ပွဲများအတွင်း မြန်မာနိုင်ငံသို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ် ဆောင်ခြင်းခံရ၍ ဤနေရာတွင်ကျဆုံးခဲ့သော တူရကီစစ်သားများနှင့် အစိုးရအမှုထမ်းများ အား အောက်မေ့သတိရခြင်းအထိမ်းအမှတ်”ဟု မြန်မာ၊ အင်္ဂလိပ်၊ တူရကီဘာသာတို့ဖြင့် ရေး ထိုးထားသည်။
ပထမကမ္ဘာစစ်အတွင်းက သရက်မြို့သို့ ပို့ ဆောင်ခံခဲ့ရသည့် တူရကီစစ်သုံ့ပန်းများသည် ဧရာဝတီမြစ် ရေထိန်းနံရံတည်ဆောက်ခြင်းနှင့် လမ်းဖောက်လုပ်ခြင်းတို့တွင် အလုပ်လုပ်ခဲ့ကြရ သည်ဟုဆိုသည်။ သရက်မြို့တွင် တူရကီသုံ့ပန်း များနေထိုင်ခဲ့သည့် ယခု ပြည်တော်အေးရပ်ကွက် နေရာကို ယခင်က ဂေါ်ယာဈေးဟု ခေါ်ဆိုခဲ့သည်။ အသစ်ပြုပြင်ဖွင့်လှစ်ခဲ့သည့် သရက်မြို့ တူရကီ စစ်သချုႋင်းထိန်းသိမ်းစောင့်ရှောက်ရေးကို ယခု အခါ သရက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ နှင့် တူရကီသံရုံးတို့က တာဝန်ယူဆောင်ရွက်လျက် ရှိသည်။
စစ်သချုႋင်းများကို စစ်၏အနိဋ္ဌာရုံများဟု ဆိုနိုင်သကဲ့သို့ ကမ္ဘာစစ်ကြီးနှစ်ခု၏ သမိုင်း အထောက်အထားများဟုလည်း ဆိုနိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ စစ်သချုႋင်းများအနက် သရက်မြို့တူရကီစစ်သချုႋင်းသည်လည်း စစ်၏သင်္ကေတတစ်ခုအဖြစ်ရော၊ မြန်မာ-တူရကီ နှစ် နိုင်ငံအတွက် သမိုင်းသက်သေတစ်ရပ်အဖြစ်ပါ ထင်ရှားစွာ တည်ရှိနေပေသည်။ ။
မောင်သာ(ရှေးဟောင်းသုတေသန)
၂၅ ၊ ၉ ၊ ၂၀၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ