Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမ္မတရာထူးထမ်းဆောင်အပြီး စည်းစိမ်ပြုတ်ရုံမက အကြွေးတင်ခဲ့သူ (သို့) ရှာမှရှားတဲ့ အမေရိကန်သမ္မတကြီး

by Thutamm
August 8, 2019
Reading Time: 1min read
0
သမ္မတရာထူးထမ်းဆောင်အပြီး စည်းစိမ်ပြုတ်ရုံမက အကြွေးတင်ခဲ့သူ (သို့) ရှာမှရှားတဲ့ အမေရိကန်သမ္မတကြီး
Share on FacebookShare on Twitter

သောမတ်စ် ဂျက်ဖာဆင် သည် အမေရိကန်ပြည်ထောင်စု၏ တတိယမြောက် သမ္မတ ၊ ဒုတိယမြောက် ဒုတိယ သမ္မတ၊ ပထမမြောက် နိုင်ငံခြားရေး ဝန်ကြီး နှင့် ပြင်သစ်နိုင်ငံသို့ သံအမတ် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် ၁၇၇၆ တွင် အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ဦးဆောင် ရေးသားခဲ့သူ ဖြစ်ပါသည်။ ငွေကြေးစနစ်၊ ပညာရေးနှင့် ဥပဒေရေးရာများကို ပြုပြင် တည်ဆောက်သူ၊ ဗာဂျီးနီးယား တက္ကသိုလ်ကို တည်ထောင်သူ အဖြစ် လူတို့က အောက်မေ့ ချီးကျူးကြသည်။

ဗာဂျီးနီးယားပြည်နယ်၊ အဲလဗီမားခရိုင် ရှတ်ဝဲလ်တွင် ၁၇၄၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ အောင်မြင်ကျော်ကြားသည့် မြေတိုင်းဆရာ၊ စိုက်ပျိုးရေးသမား မြို့ပြအင်ဂျင်နီယာ ပီတာဂျက်ဖာဆန်ဖြစ်သည်။ ပီတာဂျက်ဖာဆန်သည် အနောက်ဘက်နယ်စပ်ဒေသတွင် ယာမြေပေါင်း မြောက်မြားစွာပိုင်သူဖြစ်ရာ သားဖြစ်သူ သောမတ်စ်သည် ငယ်စဉ်ကပင် ကျေးလက်တောရွာလုပ်ငန်းများနှင့် လက်ပွန်းတတီး ဗဟုသုတရခဲ့လေသည်။ ၎င်းကွယ်လွန်လျှင် ဂျက်ဖာဆင်အတွက် ကြီးမားသည့် အမွေပမာဏကို ချန်ပေးထားခဲ့သည်။

၅ နှစ်သားအရွယ် ကျောင်းနေစကတည်းက သင်္ချာဘာသာရပ်များတွင် ထူးချွန်ခဲ့လေသည်။ ၉ နှစ်သား အရွယ်မှစ၍ လက်တင်၊ ဂရိ၊ ပြင်သစ်ဘာသာများကို သင်ယူသည်။ ၁၇ နှစ်အရွယ်တွင် ဝီလျံစဗတ်မြို့တွင် ဝင်ရောက်ပညာသင်ကြားလေသည်။ သင်္ချာဘာသာ၌ ငယ်စဉ်ကပင် ထူးချွန်သူဖြစ်သည့်အလျောက် သင်္ချာဘာသာပါမောက္ခကြီး ဒေါက်တာဝီလျံစမော၏ ချီးကျူးခြင်းကို အထူးခံရသူဖြစ်၏။

ဒေါက်တာဝီလျံစမောသည် သောမတ်စ်ဂျက်ဖာဆန်အား ဗာဂျီးနီးယားပြည်နယ်မှ ထင်ရှားသော ဝတ်လုံတော်ရကြီး ဂျော့ဝစ်နှင့် မိတ်ဆက်ပေးသည်။ ဝီလီယမ်နှင့် မေရီကောလိပ်တွင် နှစ်နှစ်ကြာ ပညာသင်ကြားခဲ့သော်လည်း ဘွဲ့မရပဲ ကျောင်းမှထွက်ခဲ့သည်။ ထို့နောက် ဂျော့ဝစ်ထံ၌ ဥပဒေပညာကို ၅ နှစ်မျှ ဆည်းပူးရလေသည်။ ထိုဥပဒေပညာသည်ပင် သူ့အား နိုင်ငံရေး၊ တိုင်းပြည်အုပ်ချုပ်ရေးတို့၌ အထောက်အပံ့ ဖြစ်စေခဲ့၏။ သို့ဖြင့် ၁၇၆၇ မှစကာ ဗာဂျီးနီးယားပြည်နယ် လိုင်စင်ရ ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ ခုနှစ်နှစ်အတွင်း ရှေ့နေအဖြစ်လည်းကောင်း၊ မြေပိုင်ရှင်အဖြစ်လည်းကောင်း နေထိုင်ခဲ့သည်။

ဂျက်ဖာဆန်သည် ဗာဂျီးနီးယား ဥပဒေပြု အောက်လွှတ်တော်သို့ ၁၇၆၉ ခုနှစ်တွင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခြင်းခံရသည်။ ၁၇၇၄ တွင် ထုတ်ဝေသော ဗြိတိသျှကိုလိုနီအမေရိကရှိ လူတို့၏ရပိုင်ခွင့်မှာ ဂျက်ဖာဆင်၏ ပထမဆုံးဆောင်းပါး ဖြစ်သကဲ့သို့ အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ ထိုဆောင်းပါးလက်ရာကြောင့် နောက်တစ်နှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် ကွန်တီနယ်တယ် ကွန်ဂရက်တက်ရောက်ရန် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ ၁၇၇၆ တွင် ဗြိတိသျှအစိုးရ တော်လှန်ပြီးနောက် လွတ်လပ်ရေးကြေငြာစာတမ်း ရေးဆွဲရာတွင် ဦးဆောင်ပါဝင်သည်။

သို့သော် အမှန်တွင် ဂျက်ဖာဆင်အား ကော်မတီတစ်ခုလုံးက တစ်ဦးတည်းရေးရန် လွှဲအပ်သည်။ အမေရိကန်လွတ်လပ်ရေး ကြေငြာစာတမ်းကြီးကို စီကုံး ရေးသားရာတွင် ထူးချွန်စွာ ဆောင်ရွက်စီမံနိုင်မှုကြောင့် ကျော်ကြားလာခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်သည် ပြည်သူတို့၏အကျိုးကို လိုလားသော စိတ်ဓာတ်ခံရှိသူဖြစ်သောကြောင့် ဒီမိုကရေစီဝါဒကို နှစ်ခြိုက်၏။ ဉာဏ်ပညာထက်သန်ခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊ ကြောက်ရွံ့မှု ကင်းမဲ့ခြင်း စသည်တို့ကြောင့် သူ့ကိုလူထုက များစွာ ကိုးစားကြလေသည်။

လွတ်လပ်ရေးရပြီးနောက် ဗာဂျီးနီးယားပြည်နယ် ဘုရင်ခံအဖြစ် ၁၇၇၉ မှ ၁၇၈၁ အထိ တာဝန်ထမ်းဆောင်သည်။ ထိုနောက် နိုင်ငံရေးလောကမှ ခေတ္တခဏ အနားယူပြီး ဗာဂျီးနီးယားပြည်နယ်မှတ်စု အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့သည်။ ထိုကျမ်းပါ အရေးကြီးသည့် အချက်တစ်ချက်မှာ ကျွန်စနစ်ကို မနှစ်မြို့ကြောင်း ထင်ထင်ရှားရှား ဖေါ်ပြထားခြင်းဖြစ်သည်။ ၁၇၈၂ တွင် ဇနီးသည် ကွယ်လွန်ပြီးနောက် နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ဂျက်ဖာဆင်မှာ ၃၉ နှစ် အရွယ်သာ ရှိသေးသော်လည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ပေ။

မိသားစုနှင့်

၁၇၈၅ တွင် နိုင်ငံခြားသို့ သံတမန်ရေးရာ ဆောင်ရွက်ရန် ပြင်သစ်သို့စေလွှတ်ခံခဲ့ရသည်။ မကြာမှီပင် သံအမတ်အဖြစ် ဘင်ဂျမင် ဖရမ်ကလင်ကို ဆက်ခံသည်။ ပြင်သစ်တွင် ငါးနှစ်ကြာ နေထိုင်နေခဲ့စဉ်အတွင်း အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသွားခဲ့ကြသဖြင့် ထိုဥပဒေရေးဆွဲရာတွင် ပါဝင်ခွင့်မရခဲ့ပေ။ သို့သော် ထိုအခြေခံဥပဒေတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဥပဒေထည့်သွင်းရန် အထူးထောက်ခံခဲ့သည်။

၁၇၉၄ တွင် အမေရိကသို့ ပြန်ရောက်လျှင် ချက်ချင်းဆိုသလို နိုင်ငံခြားရေးဝန်ကြီး (Secretary of State) အဖြစ် ရာထူးခန့်အပ်ခံရသည်။ သို့သော် ဘဏ္ဍာရေးဝန်ကြီး အလက်ဇန္ဒား ဟာမီလ်တန်နှင့် သဘောထားချင်း မတိုက်ဆိုင်ပဲ အတိုက်အခံဖြစ်လာသည်။ သို့ဖြင့် ဟာလ်မီတန်၏ သဘောထားကို ထောက်ခံသည့် သူများက ဖယ်ဒရယ်ပါတီကို တည်ထောင်ကြသလို ဂျက်ဖာဆင်ကို ထောက်ခံသူများကလည်း ဒီမိုကရက်တစ် ရီပါပလီကင်ပါတီ (ယနေ့ ဒီမိုကရက်တစ်ပါတီ)ကို အပြိုင်အဆိုင် ဖွဲ့ကြသည်။

၁၇၉၆ တွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဂျွန်အဒမ်၏နောက် ဒုတိယမဲအများဆုံးရကာ ဒုတိယ သမ္မတ ဖြစ်လာသည်။ (ထိုစဉ်က ဖွဲ့စည်းပုံအရ မဲရာခိုင်နှုံး ဒုတိယအများဆုံးရသူက ဒုတိယသမ္မတ ဖြစ်သည်။ ယနေ့တွင် ထိုကဲ့သို့ မဟုတ်တော့ပါ။) ၁၈၀၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မှ သမ္မတအဖြစ် ရွေးကောက်ခံရပြီး သမ္မတဖြစ်လာသည်။

သမ္မတဖြစ်လာလျှင် မိမိအတိုက်အခံများနှင့် ဆက်ဆံရေးပြေလည်အောင် မျှတစွာ နေထိုင်ဆက်ဆံသည်။ (ထိုမှစကာ နိုင်ငံရေးတွင် အတိုက်အခံများ တစ်ဖက်နှင့် တစ်ဖက်လေးလေးစားစား ဆက်ဆံသည့် အလေ့အထကောင်းကို တည်ဆောက်ပေးခဲ့သည်ဟု ဆိုနိုင်ပါသည်။) ထို့ပြင် အမေရိကန်ပြည်ထောင်စုအတွက် နောင်တစ်ချိန်တွင် အကြီးအကျယ် အကျိုးရှိစေမည့် ကိစ္စတစ်ရပ်ကို မထင်မှတ်ပဲ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုကိစ္စမှာ အခြားမဟုတ်၊ လူဝီစီယားနားနယ် ကို ပြင်သစ်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ (ထိုစဉ်က အမေရိကန်ပြည်ထောင်စု ပြည်နယ် ၁၃ ပြည်နယ်၏ ဧရိယာစုစုပေါင်းနှင့် လူဝီစီယားနားပြည်နယ်၏ ဧရိယာမှာ များစွာမကွာလှပေ။) ဂျက်ဖာဆန်၏ သမ္မတသက်တမ်း ၄ နှစ်အတွင်းတွင် အမေရိကန်ပြည်၌ ဒီမိုကရေစီဝါဒသည် အလွန် ထွန်းကားခဲ့ပေသည်။

သမ္မတကြီးနေထိုင်ခဲ့ရာအိမ်

၁၈၀၄ တွင် သမ္မတသက်တမ်း နောက်တစ်ကြိမ် အရွေးခံရပြီး သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သည်။ သို့သော် ၁၈၀၈ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ ရှေ့မှ ဂျော့ခ်ျ ဝါရှင်တန်၏ လမ်းစဉ်အတိုင်း သမ္မတသက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ပြီး သမ္မတအဖြစ်မှ အနားယူသည်။

ဒုတိယအကြိမ် သမ္မတဘဝနှင့် ၁၈ဝ၈ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့မှစ၍ ကျွန်အရောင်းအဝယ်ကို ပိတ်ပင်ရန် ဥပဒေ တစ်ရပ် ထုတ်ပြန်ခဲ့သည်။ သမ္မတမဖြစ်မီက သန်းကြွယ်သူဌေးကြီးဖြစ်သော ဂျက်ဖာဆန်မှာ သမ္မတရာထူး သက်တမ်း ကုန်ဆုံး သောအခါ ပိုင်ဆိုင်သမျှစည်းစိမ်အားလုံး ကုန်ဆုံးခဲ့ရုံသာမက အကြွေးဒေါ်လာ ၂ဝ,ဝဝဝ ခန့်ပင် တင် နေသည့်အတွက် သူစုဆောင်းထားခဲ့သော စာအုပ်ပေါင်း ၁၃,ဝဝဝ ပါဝင်သည့် စာကြည့်တိုက်ကို ပြည်ထောင်စု အစိုးရ သို့ အဖိုးငွေ ၂၃,၉၅ဝ ဒေါ်လာဖြင့် ရောင်းချ၍ဆပ်ရလေသည်။

မိမိစည်းစိမ်များကို နိုင်ငံအတွက် လိုအပ်သည့်နေရာများအတွက် အသုံးချခဲ့သောကြောင့်ဖြစ်သည်။ ထို့ပြင် သမ္မတလစာကိုလည်း တပြားတချပ်မှ မယူခဲ့ချေ။ မိမိတစ်ဘဝလုံးကို နိုင်ငံအကျိုးအတွက်ပေးဆပ်ခဲ့သည့် ရှာမှရှားသော သမ္မတဖြစ်သည်။ ဂျက်ဖာဆန်မှာ ဆွေမျိုးသားချင်း မိတ်သင်္ဂဟပေါများသူဖြစ်၍ အိမ်တွင် ဧည့်သည်မပြတ်ရှိရာ စာကြည့်တိုက် ရောင်းရငွေမှာလည်း မကြာမီပင် ကုန်လေတော့သည်။ ထိုကြောင့် အိမ် ကလေးတစ်လုံးဆောက်ကာ တိမ်းရှောင်နေရသည်ဟုပင် အချို့ က ဆိုကြသည်။

သို့သော် ပြည်ထောင်စုအစိုးရထံမှ အထောက် အပံ့အဖြစ် စုဆောင်း၍ ပေးသောငွေ ၁၆,၅ဝဝ ဒေါ်လာရရှိသောကြောင့်သာလျှင် ဂျက်ဖာဆန်မှာ အနည်းငယ်ခံသာသည်။ သို့ နှင့်လည်း ထောက်ပံ့ငွေရပြီး မကြာမီ သူပိုင်ပစ္စည်းများဖြစ်သော အိမ်ထောင်ခမ်းနား၊ ငွေထည်ပစ္စည်း၊ ပန်းချီကားများနှင့်တကွ ဗာဂျီးနီးယားနယ် ရှားလော့စဗီးမြို့ရှိ သူပိုင် မွန်တီစယ်လို အိမ်နှင့် ဝင်းခြံကို ရောင်းချ၍ အကြွေးများ ပေးဆပ်ရသေး၏။ သမ္မတရာထူး ၂ ကြိမ်တိုင်တိုင် ဆက်ယူပြီးနောက် တတိယအကြိမ် အရွေးမခံတော့ဘဲ အနားယူလိုက်တော့သည်။

ဗာဂျီးနီးယားတက္ကသိုလ်

ပညာရေးဆိုင်ရာ စွမ်းဆောင်ချက်များ

ဗာဂျီးနီးယား တက္ကသိုလ်

ပညာရေးနှင့်ပတ်သက်ပြီး ဂျက်ဖာဆင်က လူတိုင်းမူလတန်းပညာကို သင်ကြားထားရမည်။ အရည်အသွေး ရှိသူများကို တက္ကသိုလ်များတွင် ပညာသင်ကြားစေရမည်။ ထိုသို့ သင်ကြားနိုင်ရန် ထောက်ပံ့ရေး ရန်ပုံငွေ ထားရှိရမည်ဟု ဗာဂျီးနီးယား လွှတ်တော်တွင် အကြံပြုသည်။ ထိုအကြံပြုချက်ကို အစက လက်မခံကြသော်လည်း နောင်တွင် ဗာဂျီးနီးယားပြည်နယ်သာမက အမေရိကန် တစ်နိုင်ငံလုံး ကျင့်သုံးကြသည်။ ၁၈၁၉ တွင် အစိုးရနှင့် စီမံကိန်းစာချုပ်ချုပ်ဆိုပြီး ဗာဂျီးနီးယားတက္ကသိုလ်ကို တည်ထောင်ခဲ့သည်။ ထိုအချက်မှာလည်း အလွန်အကျိုးရှိပြီး အရေးပါသည့် ဆောင်ရွက်ချက်ဖြစ်သည်။

ဥပဒေရေးဆိုင်ရာ စွမ်းဆောင်ချက်များ

ဗာဂျီးနီးယားပြည်နယ် လွှတ်တော်အမတ်ဘဝက အုပ်ချုပ်ရေးနှင့် ခရစ်ကျောင်းတော်တို့ကို ရောထွေးမထားပဲ သီသန့်ခွဲခြားထားရန်၊ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရန် တင်ပြခဲ့သည်။ ထိုစဉ်က ကန့်ကွက်မှုများကြားမှ အတည်ပြုခဲ့ပြီး နောင်တွင် အမေရိကန်၏ အခြားပြည်နယ်များသာမက၊ အမေရိကန်ပြည်ထောင်စု အနေဖြင့်ပါ ထိုအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲခဲ့ကြသည်။

ငွေကြေး၊ အလေးချိန်နှင့် အတိုင်းအတာ စနစ်များတွင် ဆယ်လီစနစ် (၁၀ x ၁၀) ကို ကျင့်သုံးရန် တင်ပြခဲ့သည်။ ငွေကြေးစနစ်အတွက် ဥပဒေအတည်ပြုနိုင်သော်လည်း ကျန်အလေးချိန်နှင့် အတိုင်းအတာစနစ်များတွင်မူ နောင်မှ အတည်ပြုနိုင်သည်။ နောက်တိုးပြည်နယ်သစ်များတွင် ကျွန်စနစ်ကို ကျင့်သုံးခွင့်မပေးရန်အဆိုမှာ တစ်မဲအလိုဖြင့် ကပ်ပြီးရှုံးနှိမ့်ခဲ့ရသည်။

သမ္မတဂျက်ဖာဆင်ရုပ်တု

အခြားစွမ်းဆောင်ချက်များ

ဘာသာစကားကျွမ်းကျင်ပြီး ဘာသာစကား ၆ မျိုးပြောနိုင်သည်။ သဘာဝနှင့် သိပ္ပံပညာရပ်များကို ဝါသနာထုံပြီး ဗိသုကာ ပညာရပ်တွင်လည်း ကျွမ်းကျင်သည်။ စိုက်ပျိုးမွေးမြူရေးတွင်လည်း သိပ္ပံနည်းကျ စိုက်ပျိုးသူအဖြစ် နာမည်ရသည်။ ထို့ပြင် ပစ္စည်းကိရိယာ အသေးအဖွဲလေးများကိုလည်း တီထွင်ထုတ်လုပ်ခဲ့သေးသည်ဟု ဆိုပါသည်။ အထက်ပါ အချက်များကို ကြည့်လျှင် သောမတ်စ် ဂျက်ဖာဆင်သည် အလွန်ပင် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိပြီး၊ ခေတ်ရှေ့ပြေးသူလည်း ဖြစ်ကြောင်း သိနိုင်သည်။

အနားယူပြီး ဘဝ

သမ္မတအဖြစ်မှ အနားယူပြီးသည့် အခါတွင် သူ၏ နေရပ်ဖြစ်သော ရှားလော့စဗီး၌ ဗာဂျီးနီးယားတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ဆောင်ရန် လုံးပန်း ဆောင်ရွက်လေသည်။ တက္ကသိုလ်၏ အဆောက်အအုံ ကြီးများကို သူကိုယ်တိုင် စနစ်ပုံရေးဆွဲ၍ တည်ဆောက်ရာတွင်ကြပ်မတ် ကြည့်ရှုခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်၏ အမည်သည် အမေရိကန်နိုင်ငံရေးလောကတွင်သာမဟုတ် ဗိသုကာလောကတွင်လည်း ဥဒါန်းတွင်ရစ်ပေသည်။

ဂျက်ဖာဆန်သည် ပထဝီဝင်၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ပါဏဗေဒတို့ကိုလည်း ဝါသနာအလျောက် လိုက်စားခဲ့သည်။ လယ်ယာစိုက်ပျိုးခြင်း၊ သစ်ပင် စိုက်ခြင်းတို့အပြင် ဆေးပညာ၊ ခွဲစိတ်ကုသခြင်းပညာနှင့် သင်္ချာဘာသာရပ်များတွင်လည်း အထူးပင် ဝါသနာထုံသူ ဖြစ်၏။ ထိုမျှသာမကသေး အယူဝါဒဆိုင်ရာဖက်တွင်လည်း မလစ်ဟင်း ခဲ့ချေ။ စာပေနှင့် ဝေါဟာရများကိုလည်း ဂရုစိုက်သည်။ အမေရိကန် ယထာဘူတပညာ အသင်းကြီးတွင် ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့လေသည်။

အမေရိကန်၏ အကြီးမြတ်ဆုံးသမ္မတလေးဦး ကိုဂုဏ်ပြုထုလုပ်ထားတဲ့ Mount Rushmore၊
ဂျော့ဝါရှင်တန် ၊ သောမတ်ဂျက်ဖာဆင် ၊ ဖရန်ကလင်း ဒီ ရုစဗဲ့ ၊ အေဗရာဟမ်လင်ကွန်း

မိသားစုဘဝနှင့် ဘဝနိဂုံး

၁၇၇၂ ခုနှစ်တွင် သောမတ်စ်ဂျက်ဖာဆန်သည် အသက် ၂၃ နှစ်အရွယ်ရှိ မုဆိုးမ မိန်းမချောလေး မာသာဝေးစကယ် လတန်နှင့် လက်ထပ်သည်။ သူတို့မောင်နှံစုံမှာ အလွန်ချစ်ခင် ပျော်ရွှင်စွာ မွန်တီစယ်လိုခေါ် တောင်ကုန်းအိမ်ကလေး၌ နေ ထိုင်ကြ၏။ မာသာနှင့် သားသမီး ၆ ယောက် မွေးဖွားသည့် အနက် မိန်းကလေး ၂ ယောက်သာ အဖတ်တင်သည်။ ဇနီးဖြစ်သူနှင့် နှစ်နှစ်ဆယ်ပေါင်းသင်းခဲ့ပြီး ၁၇၈၂ တွင် ဇနီးကွယ်လွန်ရာ မုဆိုးဖိုဘဝဖြင့် သက်ဆုံးတိုင် နေထိုင်သွားခဲ့သည်။ လွတ်လပ်ရေးကြေညာစာတမ်းကို ကြေညာသည့် နှစ် ၅၀ မြောက်နေ့ဖြစ်သည့် ၄၊ ဇူလိုင် ၊၁၈၂၆ တွင် အသက် ၈၃ နှစ် အရွယ်ရှိ ဂျက်ဖာဆင် ကွယ်လွန်သည်။

သူ၏ သင်္ချိုင်းအုတ်ဂူတွင်စိုက်ထူမည့် ကမ္ဗည်းကျောက်တိုင်ကို မကွယ်လွန်မှီကပင် ကိုယ်တိုင်ထွင်းထုထားခဲ့ပြီး ထိုကမ္ဗည်းကျောက်တိုင်တွင် သူ့အကြောင်း အမှတ်တရဖြစ်စေမည့် အချက်သုံးချက်ကိုသာ ထည့်သွင်းသွားခဲ့သည်။

“ဤနေရာသည် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းရေးသားသူ၊ ဗာဂျီးနီးယားပြည်နယ်တွင် ဘာသာရေးလွတ်လပ်ခွင့်အတွက် မီးရှူးတန်ဆောင်နှင့် ဗာဂျီးနီးယားတက္ကသိုလ်၏ ဖခင်ကြီး (တည်ထောင်သူ) သောမတ်စ် ဂျက်ဖာဆင်အား မြုပ်နှံရာ အုတ်ဂူဖြစ်သည်။”

“ဧပြီလ ၊ ၂ရက်နေ့ ၊ ၁၇၄၃ တွင် မွေးဖွားပြီး ဇူလိုင်လ ၊ ၄ရက်နေ့ ၊ ၁၈၂၆ တွင် ကွယ်လွန်သည်။”

မိမိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းကိုမူ ထည့်သွင်းရေးသားခဲ့ခြင်း မရှိသည်မှာလည်း ထူးခြားလှပါသည်။

သမ္မတကြီး ဂျက်ဖာဆင်၏ အုတ်ဂူ

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
Myanmar Wikipedia

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!