သမိုင်းဝင်ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်

Posted on

ဒီဓာတ်ပုံကို မြင်ဖူးကြမယ်ထင်ပါတယ်။ National Geographic က ရွေးချယ်ထားတဲ့ ကမ္ဘာ့သမိုင်းမှာ အရေးပါဆုံးဓာတ်ပုံ ၁၀၀ စာရင်းထဲက ပုံတစ်ပုံဖြစ်ပါတယ်။ ဒီပုံမှာတော့ ဆရာဝန်တစ်ယောက်ဟာ လဲနေတဲ့လူနာရဲ့ဘေးမှာထိုင်ရင်း တစ်နေရာကိုကြည့်နေတယ်။

ထောင့်တစ်ထောင့်မှာတော့ ဆရာဝန်ရဲ့အကူဟာ အိပ်မောကျနေတယ်။ ဒီဓာတ်ပုံဘယ်လိုဖြစ်လာရသလဲ ။ ဘာကြောင့် သမိုင်းဝင်ဓာတ်ပုံဖြစ်ရတာလဲ… ဒီအကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဝေမျှသွားပါမယ်။

ဒီဓာတ်ပုံကိုရိုက်ကူးခဲ့တဲ့သူကတော့ အမေရိကန်ဓာတ်ပုံဆရာ James Stanfield ဖြစ်ပြီး ၁၉၈၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပါတယ်။

ပိုလန်နိုင်ငံ Zabrze မြို့မှာရိုက်ကူးခဲ့တဲ့ဓာတ်ပုံဖြစ်ပြီး ဒီအထဲမှာပါတဲ့ ဆရာဝန်ကတော့ ဒေါက်တာ Zbigniew Religa ဆိုသူဖြစ်ပါတယ်။

သူက ၁၉၆၃ ခုနှစ်မှာ ဝါဆောဆေးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တယ်။ ၁၉၆၆ ခုနှစ်ကစလို့ Szpital Wolski ဆေးရုံမှာ ဆရာဝန်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

ဒီလိုထမ်းဆောင်နေရင်း ထူးချွန်တဲ့သူဖြစ်တာကြောင့် ၁၉၇၃ ခုနှစ်မှာ နယူးယောက်ကိုသွားကာ သွေးကြောစနစ်ခွဲစိတ်မှုပညာ ၊ ၁၉၇၅ခုနှစ်မှာ Detroit ကိုသွားကာ နှလုံးခွဲစိတ်မှုပညာတွေကို သင်ယူခွင့်ရခဲ့ပါတယ်။

Ph. D ဘွဲ့ကိုတော့ ၁၉၇၃ ခုနှစ်ကတည်းက ရရှိခဲ့သူဖြစ်ပါတယ်။ ၁၉၈၀ ကနေ ၁၉၈၄ အထိကိုတော့ ဝါဆောနှလုံးရောကုထုံးသင်တန်းကျောင်းမှာ ဆရာတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

၁၉၈၇ ခုနှစ်ရဲ့ နေ့တစ်ရက်မှာတော့ သူဟာ သူအတွက်ကြီးမားတဲ့ စိန်ခေါ်မှု နဲ့ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ နှလုံးအစားထိုး ခွဲစိတ်ဖို့ဖြစ်ပါတယ်။

၁၉၈၀ ခုနှစ်မှာ စီးပွားပျက်ကပ်ကြုံခဲ့တဲ့ ပိုလန်ဟာ အဲဒီအချိန်တုန်းက ဆေးကုသခြင်း နည်းပညာမှာ ခေတ်မီတိုးတက်မှုမရှိသေးသလို နှလုံးခွဲစိတ်မှုပြုလုပ်နိုင်တဲ့ အနေအထားလည်း မရှိသေးပါဘူး။

မခွဲမဖြစ် ခွဲရတော့မယ့်အခြေအနေကြောင့် ဒေါက်တာ Zbigniew Religa ဟာ သူ့ရဲ့ပထမဆုံးနှလုံးခွဲစိတ်မှု ဖြစ်တဲ့ ဒီတာဝန်ကို ယူခဲ့ပါတယ်။

နှလုံးလှူဒါန်းသူကတော့ ကိုးမားဝေဒနာရှင်တစ်ဦးဖြစ်ပြီး ဦးနှောက်ရပ်တန့်သွားပြီးတဲ့နောက် နှလုံးကိုထုတ်ယူကာ ဝါဆောကနေ Zabrze မြို့ကိုပေးပို့ခဲ့ပါတယ်။

အဲဒီနောက်တော့ ခွဲစိတ်မှုကိုစတင်ခဲ့ပြီး ဒီလိုခွဲစိတ်ရာမှာ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း တွေ လုံလုံလောက်လောက်ရှိမနေတဲ့ကြားထဲက ဒေါက်တာ Religa ဟာ ရှိတဲ့ပစ္စည်းနဲ့ ကြံဖန်ပြီး ကြိုးစားအားထုတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီခွဲစိတ်မှုဟာ ၂၃ နာရီတောင် ကြာမြင့်ခဲ့ပါတယ်။ ဒီခွဲစိတ်မှု အတောအတွင်းမှာ Religa ဟာ အစားစားသောက်ခြင်း ၊ အနားယူခြင်းတောင် မရှိပဲ ဆက်တိုက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပင်ပန်းလွန်းတာကြောင့် ဆေရာဝန်ရဲ့ အကူဟာ ခွဲစိတ်ခန်းရဲ့ထောင့်နံရံကိုမှီရင်း ခြေကုန်းလက်ပန်းကျနေတဲပုံနဲ့ အိပ်ပျော်နေပါတယ်။

ခွဲစိတ်မှုပြီးဆုံးခဲ့ပြီဖြစ်ပေမယ့် ဒေါက်တာ Religa ကတော့ အနားယူခြင်းမရှိသေးပဲ လူနာဘေးမှာထိုင်ကာ နှလုံးရဲ့တုန့်ပြန်မှုကို monitor ပေါ်မှာကြည့်နေခဲ့ပါတယ်။

ဒီအချိန်မှာ ဓာတ်ပုံဆရာ James Stanfield က ရိုက်ကူးခဲ့တဲ့အတွက် ဒီဓာတ်ပုံဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီခွဲစိတ်မှုဟာ အောင်မြင်ခဲ့တာကြောင့် ပိုလန်နိုင်ငံရဲ့ပထမဆုံးအောင်မြင်တဲ့ နှလုံးအစားထိုးလဲလှယ်နိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါက်တာ Religa ဟာလည်း လူတစ်ယောက်ရဲ့အသက်ကို နှစ်ပေါင်းများစွာ ဆွဲဆန့်ပေးနိုင်ခဲ့ပါတယ်။

နောက်နှစ်တွေမှာတော့ သူ့ရဲ့ထူးချွန်မှုတွေကြောင့် ဒေါက်တာ Religa ဟာ ဆေးလောကမှာ အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ပိုလန်ရဲ့ ကျန်းမာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ကျန်းမာရေးဝန်ကြီး ဖြစ်ပေမယ့် ဆေးလိပ်အလွန်သောက်တဲ့ Religa ဟာ ၂၀၀၉ ခုနှစ် အသက် ၇၀ အရွယ်မှာတော့ အဆုပ်ကင်ဆာ နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူရဲ့ဈာပနအခမ်းအနားကို ပိုလန်ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

ဒီဈာပနကို ဒီဓာတ်ပုံထဲက သူ့ရဲ့လူနာ ဖြစ်သူ Zitkevits Tadeusz နဲ့ အတူ ဓာတ်ပုံဆရာ James Stanfield ပါ တက်ရောက်ခဲ့ပါတယ်။

လူနာဖြစ်သူ Zitkevits Tadeusz ကတော့ ခွဲစိတ်ခဲ့ပြီး နှစ်ပေါင်း ၃၀ ကြာ ထပ်နေသွားနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကမှ ကွယ်လွန်သွားခဲ့ပါတယ်။

ဒေါက်တာ Zbigniew Religa ဟာ ပိုလန်ဆေးလောကအတွက် သူ့ရဲ့စွမ်းဆောင်မှုများကြောင့် ယနေ့တိုင်အသိအမှတ်ပြုခံနေရဆဲ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ဒီဓာတ်ပုံဟာလည်း သမိုင်းဝင်ဓာတ်ပုံတစ်ပုံဖြစ်လာခဲ့ပါတော့တယ်။