Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းဝင် ပင်းယမြို့ဟောင်း အကြောင်း သိကောင်းစရာ

by Thutamm
August 16, 2019
Reading Time: 1min read
0
သမိုင်းဝင် ပင်းယမြို့ဟောင်း အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
Photos : Bkg,Naing Naing Tun

မြန်မာနိုင်ငံသမိုင်းတွင် နှစ် ၄၀၀ နီးပါး သက်တမ်းရှည်ကြာခဲ့သည့် အင်းဝခေတ်မတိုင်မီက ပင်းယခေတ်နှင့်စစ်ကိုင်းခေတ်တို့သည် ပုဂံမပျက်မီ အချိန်အတွင်း ပုဂံနှင့် အပြိုင်ပေါ်ထွန်းခဲ့ကြသည်။ပုဂံခေတ်နှောင်းပိုင်း ကျော်စွာမင်းလက်ထက် (ခရစ်နှစ် ၁၂၈၇-၁၂၉၈) တွင် ရှမ်းညီနောင်သုံးဦးဖြစ်သည့် အစ်ကိုကြီး အသင်္ခယာအား မြင်စိုင်းကိုလည်းကောင်း၊ အစ်ကိုလတ် ရာဇသကြံအား မက္ခရာကို လည်းကောင်း၊ညီ သီဟသူအား ပင်လယ်ကို လည်းကောင်း စားစေခဲ့ရာမှ ရှမ်းညီနောင်သုံးဦးသည် ဘုရင်ကျော်စွာကို နန်းချ၍ မိမိ တို့ နယ်အသီးသီးတွင် မင်းပြုခဲ့ကြသည်။

ယခုအခါ မြင်စိုင်း မြို့ဟောင်းသည် အင်းဝမြို့ဟောင်းမှ တောင်ဘက် ၁၉ မိုင်အကွာတွင်လည်းကောင်း၊ မက္ခရာမြို့ဟောင်း သည် မန္တလေးတိုင်းဒေသကြီး၊စဉ့်ကိုင်မြို့နယ်တွင်လည်းကောင်း၊ပင်လယ်မြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့မှ အရှေ့တောင်ဘက် ငါးမိုင်အကွာ တွင်လည်းကောင်း တည်ရှိနေကြသည်။

အစ်ကိုများဖြစ်ကြသည့် အသင်္ခယာနှင့် ရာဇသြင်္က ံတို့ ကွယ်လွန်ပြီးနောက် သီဟသူသည် ပင်လယ်မှ ပြောင်း ရွှေ့ကာ အင်းဝတောင်ဘက်၊ ငါးမိုင်အကွာ ပန်းလောင်မြစ်အနီး၌ ခရစ်နှစ် ၁၃၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်တွင် ပင်းယကို တည်ထောင်ခဲ့ သည်။ သီဟသူ၏သား စောယွန်းက သက္ကရာဇ် ၆၇၇ ခုနှစ် (ခရစ်နှစ် ၁၃၁၅ ခုနှစ်) တွင် စစ်ကိုင်းကို တည်၍ နန်းစံခဲ့ရာ ပုဂံခေတ် နောက်ဆုံးဘုရင် စောနစ်လက်ထက်(ခရစ်နှစ် ၁၂၉၉-၁၁၃၂၅) တွင် ပင်းယနှင့်စစ်ကိုင်းသည် သီးခြားမင်းပြိုင်များအုပ်ချုပ်သည့် နန်းပြိုင်များဖြစ်ခဲ့ကြသည်။

ပင်းယ နန်းတည်နှစ်မြန်မာသက္ကရာဇ် ၆၇၄ ခုနှစ်ကို `သော်တာလ၊ ပင်းယတည်သည့် တစ်စီးရှင်`ဟု အမှတ်အသားပြုခဲ့ကြ သည်။ ပင်းယသည်မြို့သက် ၅၁ နှစ်ကြာမြင့်ခဲ့ပြီး မင်းခြောက်ဆက်အနက် တစ်စီးရှင်သီဟသူက ခရစ်နှစ် ၁၃၁၉ ခုနှစ်မှ ၁၃၂၂ ခုနှစ် အထိ၊၊ ဥစ္စနာက ၁၃၂၂ ခုနှစ်မှ ၁၃၄၄ ခုနှစ်အထိ၊ ငါးစီးရှင်ကျော်စွာက ၁၃၄၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ် အထိ၊ကျော်စွာငယ်က ၁၃၅၀ ပြည့်နှစ်မှ ၁၃၅၉ ခုနှစ်အထိ၊ နရသူက ၁၃၅၉ ခုနှစ်မှ ၁၃၆၅ ခုနှစ် အထိ စိုးစံခဲ့ကြပြီး ဥဇနာပြောင်က ၁၃၆၅ ခုနှစ်တွင် သုံးလသာ နန်းစံခဲ့ကာ အင်းဝဘုရင် သတိုးမင်းဖျားက ပင်းယကို သိမ်းပိုက် ခဲ့ပြီး နောက် ပင်းယမင်းဆက်ပြတ်ခဲ့သည်။

ပင်းယကို မတည်မီ ရွှေစည်းခုံစေတီတော်နေရာမှမြေကို တူးခဲ့ရာ အရိုးအခက် အရွက်အသီးနှင့် တကွ ရွှေအဆင်းရှိသော ပန်းပင် ကို ရရှိခဲ့ကြောင်း၊မြို့ရာကို ကြည့်သောအခါ ရွှေပန်း ကို ရရှိခဲ့သဖြင့် ပန်းရဟု ခေါ်ဆိုရာမှကာလကြာရှည်ချိန်တွင် ပင်းယ ဟု အမည်တွင်ခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖတ်ရှုနိုင်ပေသည်။ ပင်းယနှင့် ခေတ်ပြိုင်စစ်ကိုင်းကို အသင်္ခယာစောယွမ်းက ခရစ်နှစ် ၁၃၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး စစ်ကိုင်းမြို့တည် မြန်မာသက္ကရာဇ်ကိုကို “သားတိုးတိုင်း၊ စစ်ကိုင်း တည်” ဟုလည်းကောင်း၊ “သံတံတိုင်း၊စစ်ကိုင်းတည်”ဟု လည်းကောင်း မှတ်သား ခဲ့ကြသည်။

စစ်ကိုင်းတွင် နှစ် ၅၀ အတွင်း မင်းဆက် ခုနစ်ဆက်က အုပ်စိုးခဲ့ရာ အသင်္ခရာစောယွမ်းက ခရစ်နှစ် ၁၃၁၅ ခုနှစ်မှ ၁၃၂၇ ခုနှစ်အထိ၊ နောင်တော် တရာ့ဖျားက ၁၃၂၇ ခုနှစ်မှ၁၃၃၆ ခုနှစ် အထိ၊ရွှေတောင်တက်က ၁၃၃၆ ခုနှစ်မှ ၁၃၃၉ ခုနှစ်အထိ၊ ကျစွာ က ၁၃၃၉ ခုနှစ်မှ ၁၃၄၈ ခုနှစ်၊ နော်ရထာ မင်းရဲက ခုနစ်လ ၊ ဆင်ဖြူရှင် တရာဖျားငယ်က ၁၃၄၉ ခုနှစ်မှ ၁၃၅၂ ခုနှစ်အထိ၊ မင်း ပြောက် က ၁၃၅၂ ခုနှစ်မှ ၁၃၆၅ ခုနှစ် အထိ စိုးစံခဲ့ကြသည်။ခရစ်နှစ် ၁၃၆၅ ခုနှစ်တွင် အင်းဝဘုရင် သတိုးမင်းဖျားသည် ပင်းယနှင့် စစ်ကိုင်းကို သိမ်းပိုက် ခဲ့ပြီးနောက် စစ်ကိုင်းမင်းဆက်ပြတ်ခဲ့သည်။

ပင်းယ ရွှေစည်းခုံ

ပုဂံနှင့်ခေတ်ပြိုင်နန်းမြို့များဖြစ်သည့် စစ်ကိုင်းနှင့်ပင်းယသည် အင်းဝအနီးတွင် တည်ရှိခဲ့ကြသည်။စစ်ကိုင်းနှင့်အင်းဝသည် ဧရာဝတီမြစ်ခြားလျက် မြစ်တစ်ဘက်ကမ်းစီ၌ တည်ရှိပြီး ပင်းယကိုမူ အင်းဝနှင့်တောင်မြောက်တန်းလျက် ဧရာဝတီမြစ်၏ တောင် ဘက်ခြမ်းတွင် တည်ထားခဲ့သည်။ လက်ရှိအချိန်တွင် ပင်းယနှင့်အင်း၀ အကြားတွင် တံတားဦးမြို့တည်ရှိနေကာ တံတားဦး နှင့် ပင်းယသည် ရန်ကုန် မန္တလေး အမြန်လမ်းမ၏ တစ်ဖက်စီတွင် တည်ရှိနေကြသည်။

မြို့သက် ၅၁ နှစ် ကြာမြင့်ခဲ့သည့် ပင်းယမြို့ဟောင်းအတွင်း ရှေးဟောင်းအဆောက်အအုံများဖြစ်ကြသည့် ရွှေစည်းခုံ စေတီ၊ ဂူကြီးသုံးလုံးနှင့် နန်းဦးစေတီတို့သည် လက်ရှိ ကျောက်ဆည် တံတားဦးကားလမ်း၏ အနောက်ဘက်တွင် တောင် မြောက် တန်း လျက် တည်ရှိနေကြသည်။ ပင်းယမြို့ဟောင်း၏ စတုဂံပုံမြို့ရိုးသည် ထင်ရှားခြင်းမရှိတော့ဘဲ ကုန်းရိုးတန်းတစ်ခုအသွင်သာ ခပ် ရေးရေးမြင်နိုင်ပြီး တောင်မြောက် အလျားက အရှှေ့နောက် အနံအောက် တိုသည်။

ပင်းယရွှေစည်းခုံစေတီတော်ကို ပင်းယမြို့ရိုး၏ တောင်ဘက်၌ လေးထောင့်ပန္နက်တွင် ပစ္စယာ သုံးဆင့်ခံ၍ တည်ထားပြီး နတ်လမ်းလှေကားနှင့် ထောင့်စေတီများထည့်သွင်းတည်ဆောက်ခဲ့သည်။ ပင်းယကို တည်ခဲ့စဉ်က နန်း၊ မြို့၊ ကျုံး၊ ထောက်ရှည်ကန်၊ အတွင်းကျောင်း၊ ရွှေဂူနှင့် ရွှေစည်းခုံ ခုနစ်ဌာနကို မြန်မာသက္ကရာဇ် ၆၇၄ ခုနှစ် (ခရစ်နှစ် ၁၃၁၃ ခုနှစ်) တွင် တစ်ချိန်တစ်နာရီတည်း စ၍ တည်ခဲ့ကြောင်း တွင်းသင်းရာဇဝင်တွင် ရေးသားထားသည်။

သီဟသူသည် ရွှေစည်းခုံစေတီတော် တည်ဆောက်ခြင်းမပြီးစီးမီ နတ်ရွာစံခဲ့သဖြင့် သားတော် ဥစ္စနာမင်းက ဆက်လက် တည်ထားခဲ့သည်ဟု ဆိုကြသော်လည်း မုံရွေးဆရာတော်က တစ်စီးရှင်သီဟသူသည် ရွှေစည်းခုံစေတီတော်ကို ပြီးစီးသည်အထိ တည်ထားခဲ့ပြီး ရွှေထီးတင်ခဲ့ကြောင်း၊ ဥစ္စနာမင်းက စေတီတော်ကို မျိုလျက်(ငုံလျက်) ထီးတင်ခဲ့ကြောင်း ၊စဉ့်ကူးမင်းလက်ထက်တွင် စေတီပြိုကွဲသဖြင့် တူးခွာသောအခါ တစ်စီးရှင်၏ကောင်းမှုစေတီတော်ကို ရွှေထီး နှင့်တကွ မြင်တွေ့ရကြောင်း စေတိယကထာ (ရာဇဝင်ချုပ်) တွင် ရေးသားခဲ့သည်။ ပုဂံခေတ်က တည်ခဲ့သည့် စေတီပုထိုးများတွင် ထီးတင်လေ့မရှိခဲ့သော်လည်း ပုဂံခေတ် နောက် ပိုင်း ပင်းယခေတ်တွင် တည်ခဲ့သည့် စေတီများကို ထီးတင်ခဲ့ကြသည်။

ပင်းယခေတ်နောက်ပိုင်းတွင် ရွှေစည်းခုံစေတီကို အင်းဝနှင့်ကုန်းဘောင်မင်းများက ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြရာ အင်းဝဘုရင်များဖြစ်ကြသည့် မင်းကြီးစွာစော်ကဲနှင့်စနေမင်းတို့သည် ရွှေစည်းခုံစေတီကို လုံးတော်ပြည့်ရွှေချခဲ့ကြပြီး ကုန်းဘောင် ဘုရင် မြေဒူးမင်းက မြေများလှူဒါန်းခဲ့သည်။မြေဒူးမင်း၏ သားတော်စဉ့်ကူးမင်းသည် မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ်တွင်ပင်းယ ရွှေ စည်းခုံစေတီကို ချရားသီးမှ အောက်ခြေအထိရွှေပိန်းချခဲ့သည်။၁၁၄၃ ခုနှစ်၊တန်ဆောင်မုန်း လဆန်း ၄ ရက်(ခရစ်နှစ် ၁၇၈၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်)တွင် စဉ်ကူးမင်းသည် ပင်းယရွှေစည်းခုံစေတီပြိုကျခဲ့သဖြင့် အသစ်တည်ထားရန် ဘုရား၏ မြောက်တွင် နန်းစံကာ အုတ်ဟောင်းများကို ရှင်းလင်းခဲ့သည်။

ရွှေစည်းခုံစေတီ၏ အရှေ့တောင်ထောင့်ရှိ လိုဏ်စေတီငယ်တစ်ခုအတွင်း၌ ဗုဒ္ဓဖြစ်တော်စဉ်များကို ရေးဆွဲထားသည့် နံရံ ဆေးရေးပန်းချီများရှိသည်။အတွင်းလိုဏ်မျက်နှာကြက်တွင် ထပ်တစ်ရာ ကြာပန်းပုံကို မြင်နိုင်ကြသော်လည်း နံရံပန်းချီများသည် များ စွာပျက်စီးနေပြီဖြစ်သည်။စေတီတော်ရှေ့ဘက်စောင်းတန်း၏ မြောက်ဘက်တွင်ရှိသော ဂူငယ်တစ်ခုအတွင်း၌လည်း နံရံဆေးပန်းချီ များကျန်ရှိသည်။ဗောင်းဝတ်ရုံ ဝတ်ဆင်ထားသည့် ဝန်ကြီးများက တံခွန်၊ကြက်လျှာ၊ပန်းခိုင်များကိုင်လျက် ပုဆစ်တုပ်ရှိခိုး နေပုံများ နှင့် ကျေးငှက်များက ပန်းခက်၊ပန်းခိုင် များကိုက်ချီလာကြသည့် ပုံများကို ရေးဆွဲထားသည်။

ပင်းယ ဂူကြီးသုံးလုံး

ပင်းယမြို့ဟောင်းအတွင်း၊တံတားဦး ကျောက်ဆည်ကားလမ်း၏ အနောက်ဘက်တွင်တည်ရှိသည့် လိုဏ်ဘုရား သုံးဆူကို ဒေသခံများက ဂူသုံးလုံးဟု ခေါ်ဆိုကြရာမှ ပင်းယ ဂူကြီးသုံးလုံးဟု ထင်ရှားခဲ့သည်။ယင်းဂူများကို မည်သူတည်ခဲ့ကြောင်းအတိအကျ မသိရှိကြဘဲ နှုတ်ပြောစကားများအရ တစ်စီးရှင် သီဟသူက တောင်ဘက်ဆုံးဂူကို တည်ခဲ့သည်ဟု ဆိုကြသည်။

အလယ်ဂူနှင့် မြောက်ဘက်ဂူအကြား၌ ကျောက်စာဂူအတွင်း ကျောက်စာနှစ်ချပ်ရှိခဲ့ရာ ကျောက်စာတစ်ချပ်တွင် ပင်းယ ဒုတိယနန်းစံ ဥစ္စနာမင်းကြီးက ဂူသုံးခု မြေနေရာကို လှူဒါန်းကြောင်းရေးထိုးထားသည်။ကျောက်စာတွင် ဂူကြီး၊ဂူပြောက်၊လတ်ထဂူ တို့ကို တည်ပြီး မြေလှူကြောင်းရေးထားသဖြင့် ဂူကြီးသုံးလုံးကို ပင်းယမင်းဆက် ဒုတိယ ဘုရင်ဥစ္စနာက တည်ခဲ့သည်ဟုလည်း ဆို ကြသည်။ သို့သော် ကျောက်စာတွင်ပါရှိသည့် သက္ကရာဇ် ၇၁၂ ခုနှစ်တွင် `ဥစ္စနာမင်းကြီးသည် အိမ်နိမ့်အရပ်၌ဂူပြု၍`ဟူသည့် စာသားကိုထောက်လျက် စာရေးဆရာ ဗိုလ်ရှိတ်က ပင်းယမြို့ဟောင်း၏ အရှေ့တောင်ဘက်သုံးမိုင်ကျော်အကွာတွင် အိမ်နိမ့်ကန်ရွာ ရှိကြောင်း၊ ဒေသခံများက ယင်းရွာကို မင်းညီမင်းသားများ အိမ်နိမ့်စံဘဝတွင် နေထိုင်ခဲ့ကြသည်ဟုဆိုကြကြောင်း၊ ကျောက်စာပါ အိမ်နိမ့်အရပ်သည် အိမ်နိမ့်ကန်ရွာလော၊ဂူကြီးသုံးလုံးရှိနေသည့် နေရာလောဟု ကွဲပြားစွာ မသိနိုင်ကြောင်းသုံးသပ်ခဲ့သည်။

ဂူကြီးများအနီးရှိ ကျောက်စာဂူသည် မျက်မှောက်ခေတ်တွင်ပြုလုပ်ထားသည့် ဂူဖြစ်သဖြင့် ကျောက်စာများသည် မူလက တည်းက ဂူကြီးများအနီးတွင် စိုက်ထူခဲ့ခြင်း ဟုတ်မဟုတ် မသိရှိနိုင်သကဲ့သို့ အခြားတစ်နေရာမှ ပြောင်းရွှေ့ယူဆောင်လာခဲ့ခြင်း ဟုတ်မဟုတ်လည်း မသိရှိကြသေးပါချေ။ ထုထည်ကြီးသော ဂူဘုရားကြီးသုံးဆူသည် တစ်ပုံစံတည်းဖြစ်ကြပြီး တစ်ဂူနှင့် တစ်ဂူ ပေ ၁၂၀ ကွာခြားကာ တောင်မြောက် တန်းလျက်တည်ရှိနေသည်။ဂူဘုရားသုံးဆူအနက် အလယ်ဂူဘုရားသည် အကြီးဆုံးဖြစ်၍ ဘေးနှစ်ဆူတွင် လိုဏ်ပတ်လမ်းများပါရှိ ကာ ဂူပေါ်သို့တက်ရန်လှေကားများရှိခဲ့သည်။

ဂူသုံးလုံး၏ မျက်နှာလေးဘက်လုံးတွင် မုခ်ပေါက်များပါရှိပြီး အတွင်း၌ ရုပ်ပွားတော်များရှိသည်။ဂူသုံးလုံးကို ပုဂံခေတ်လွန် လက်ရာများဟု ဆိုနိုင်ကာ တောင်ဘက်ဂူတွင် ပန်းတော့ လက်ရာများကျန်ရှိနေပြီး လက်ရာမြောက်သည့် ဘီလူးပန်းကိုက်နှင့်် ဘီလူး ပန်းဆွဲများကို မြင်တွေ့နိုင်ကြသည်။တောင်ဘက်ဂူတွင် ရှိခဲ့သည့် နံရံဆေးပန်းချီများသည် မှေးမှန်ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ဂူ ဘုရားများတွင် စဉ့်ခွက်များ ထားရှိခဲ့သည့် နေရာ(စဉ့်ခွက်ရာ) များကို တွေ့ရှိနိုင်သော်လည်း စဉ့်ခွက်များကို မမြင်ကြရတော့ ပါချေ။

နန်းဦးစေတီ

ပင်းယနန်းဦးစေတီသည် ဂူကြီးသုံးလုံး၏ မြောက်ဘက်တွင် လယ်ကွင်းများအကြား၌ တည်ရှိနေပြီး ယခုအခါတွင်စေတီ တော်ကို အုတ်ကုန်းကြီးတစ်ခုအဖြစ်သာ မြင်တွေ့ကြရသည်။နန်းဦးစေတီ၏ အနောက်တွင် ပင်းယနန်းတော်ရာရှိခဲ့ပြီး စေတီတော်ကို နန်းတော်ဦးတွင် တည်ထားခဲ့သဖြင့် နန်းဦးစေတီဟု အမည်တွင်ခဲ့သည်။နန်းဦးစေတီကို တည်ထားခဲ့သူကို အတိအကျ မသိရှိကြ သော်လည်း ပင်းယမြို့တည် ခုနစ်ဌာနတွင်ပါဝင် သည့် နန်းတော်နှင့် အတူတည်ခဲ့သည်ဟု ယူဆကြသဖြင့် နန်းဦးစေတီ အလှူရှင် သည် ပင်းယတည် တစ်စီးရှင်သီဟသူဟု မှတ်ယူကြသည်။

နန်းဦးစေတီတော်သည် ပြိုပျက်နေပြီသဖြစ်သဖြင့် မူလပုံစံကို မခန့်မှန်းနိုင်တော့ဘဲ လေးထောင့်ပန္နက်ကိုသာ မြင်နိုင်ကြ သည်။ စေတီတော်၏ ရှေ့မျက်နှာစာတွင် မုခ်ပေါက်တစ်ခုရှိသည်။ နန်းဦးစေတီမှ ညောင်ရမ်းခေတ်လက်ရာ စကျင်ရုပ်ပွားတော် တစ်ဆူကို ရရှိခဲ့သဖြင့် စေတီတော်ကို ညောင်ရမ်းခေတ်တွင်ပြန်လည်ပြုပြင်ခဲ့ဟန်ရှိကြောင်း ယူဆကြသည်။ ညောင်ရမ်းခေတ် လက်ရာ ယင်းရုပ်ပွားတော် (မင်းဝတ်ဘုရား)ကို အင်းဝပြ တိုက်တွင် ပြသထားသည်။

နန်းဦးစေတီတော်၏ အနောက်တွင် ရှိသည့် ပင်းယနန်းတော်ရာကို ရှေးဟောင်းသုတေသနဦးစီးဌာနက ၁၉၉၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ တူးဖော်ခဲ့ပြီး သံဆူးကြိုးများကာရံကာ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ပင်းယနန်းတော်သည် တောင်ဘက်သို့ မျက်နှာမူလျက် စတုရန်းပေ ၁၂၀၀၀၀ ကျော် ကျယ်ဝန်းသည်။မြေနန်းပြာသာဒ်ဆောင်၊ဇေတဝန်ဆောင်၊ ဗောင်း တော်ဆောင်၊ တောင်စမုခ်ဆောင်၊မြောက်စမုခ်ဆောင်တို့ ထည့်သွင်း တည်ဆောက်ခဲ့သည်ဟု ယူဆရသည်။

ပင်းယနန်းတော်ရာ တူးဖော်မှုတွင် တွေ့ရှိရသည့် အထောက်အထားများအရ နန်းတော်သည် မီးလောင်ပျက်စီးခဲ့ကြောင်း တွေ့ရှိရသည်။နန်းတော်ရာ အုတ်များသည် ပျမ်းမျှ အလျား ၁၈ လက်မ၊အနံ ကိုးလက်မနှင့် အထူ သုံးလက်မခန့်ရှိပြီး အချို့အုတ် များတွင် စပါးခွံရာများကို တွေ့ရှိခဲ့ရသည်။ လွန်ခဲ့သော နှစ် (၇၀၀) ကျော်က မြန်မာ့သမိုင်းတွင် အထင်အရှားရှိခဲ့သည့် ပင်းယမြို့ဟောင်းရှိ စတုဂံပုံ နန်းတော် အုတ်မြို့ ရိုးဟောင်း၊ပင်းယဂူကြီးသုံးလုံးဖြစ်သည့် တောင်ဂူ၊အလယ်ဂူနှင့်မြောက်ဂူ၊ပင်းယရွှေစည်းခုံစေတီ၊ စေတီရင်ပြင်ရှိ ခိုနန်းချိုး အုတ်ဖိနပ် တိုင်၊နန်းဦးစေတီအပါအဝင် အဆောက်အဦ ၂၀ ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စောင့်ရှောက်ထိန်း သိမ်းပြုပြင်ထားသည်။

ဥစ္စနာမင်းကြီး တည်ခဲ့သည်ဟု ယူဆရသည့် စကား ခုနစ်ကျောင်းနေရာသည်လည်း ပင်းယမြို့ဟောင်းတွင် ထင်ရှားသော သမိုင်းဝင်နေရာများွင် အပါအဝင်ဖြစ်သည်။စကားကျောင်းများကို စကားသစ်သားဖြင့် တည်ဆောက်ခဲ့ပြီး ယင်းတို့တည်ရှိခဲ့သည့် နေရာကို ပင်ကျား အရပ်ဟု ခေါ်ဆိုခဲ့ပြီး ယခုအခါတွင်စကားကျောင်းနေရာများသည် ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ စာရေးဆရာ ဗိုလ်ရှိတ်က ထင်ရှားသော စကားကျောင်းနေရာတစ်ခုမှာ စကားအင်းရွာ၏ အနောက်ဘက်၊မင်းကွန်းဘုရား၏ အနောက်ဘက် ကုန်းမြင့်နေရာဖြစ်ကြောင်း ညွှန်းပြခဲ့သည်။ယင်းနေရာတွင် ကျောင်းဝိုင်းရာကို ပီပြင်စွာ တွေ့ရှိနိုင်ကာ သဲကျောက်ဖြင့်ပြုလုပ် ထား သည့် သရက်ကင်း လှေကား ကျန်ရှိနေပြီး ယင်းနေရာသည် စကားကျောင်းများအနက် အလယ်အကျဆုံးကျောင်း နေရာဟု ယူဆရကြောင်း ရေးသားခဲ့သည်။

ပင်းယ နိဂုံး

သတိုးမင်းဖျားသည် ဘထွေးတော် ပင်းယဘုရင်မင်းပြောက်နှင့် နောင်တော် စစ်ကိုင်းဘုရင်ဥဇနာပြောင်တို့ကို လုပ်ကြံပြီး ပင်းယတွင် ယာယီမင်းပြုခဲ့သည်။ ခရစ်နှစ် ၁၃၆၄ ခုနှစ်မေလတွင် စစ်ကိုင်းပျက်ခဲ့ပြီး ဇွန်လတွင် ပင်းယပျက်ခဲ့သည်။ သတိုးမင်းဖျား သည် ပင်းယနှင့် စစ်ကိုင်းကိုပူးပေါင်းလျက် မင်းပြုပြီး မကြာမီ ပင်းယသည် မြို့အနေအထားမကောင်း သဖြင့် ရန်သူ ကို မလုပ်ကြံ သာဟု ယူဆလျက် မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ် တပေါင်းလဆန်း ၆ ရက် အင်္ဂါနေ့ (ခရစ်နှစ် ၁၃၆၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်) တွင် အင်းဝကို တည်ထောင်နန်းစံခဲ့သည်။

သတိုးမင်းဖျားသည် စစ်ကိုင်းမြို့တည် အသင်္ခယာ စောယွန်း၏ သမီးစိုးစံ ကိုယ်တော်ကြီး နှင့် တကောင်းမင်းရိုး သတိုး တို့၏သား ဖြစ်ပြီး အင်းဝမြို့တည်မြန်မာ သက္ကရာဇ်ကို ”ထုတ်ခွန်သာ ၊ အင်းဝတည်”ဟု မှတ်သားခဲ့ကြသည်။ ပုဂံမင်းဆက် နောက်ဆုံးဘုရင် စောမွန်နစ်သည် ပင်းယနှင့် စစ်ကိုင်းပျက်ပြီးချိန်တွင် ပုဂံတွင် နန်းစံနေခဲ့သော်လည်း သတိုး မင်းဖျားသည် အင်းဝကို ထူထောင်၍ အင်အားကြီးမားလာချိန်တွင် ခရစ်နှစ် ၁၃၆၈ ခုနှစ်တွင် အင်းဝဘုရင်ထံ အညံ့ခံခဲ့သဖြင့် ပုဂံ၊ ပင်းယ၊ စစ်ကိုင်းခေတ်များ အဆုံးသတ်ခဲ့သည်။ပင်းယနှင့် စစ်ကိုင်းပျက်ပြီး သတိုးမင်းဖျားထူထောင်ခဲ့သည့် အင်းဝသည် ခရစ်နှစ် ၁၃၆၄ ခုနှစ် မှ ၁၇၅၁ ခုနှစ်အထိ နှစ် ၄၀၀ နီးပါးသက်တမ်းရှည်ကြာခဲ့ကာ မင်းနေပြည်တော်လေးကြိမ်ဖြစ်ခဲ့သည်။

အင်းဝနှင့် အတူ ပင်းယနှင့် စစ်ကိုင်းသည် သမိုင်းဝင် မြို့ဟောင်းများဖြစ်ကြကာ ပင်းယတွင်မင်း ခြောက်ဆက်၊စစ်ကိုင်းတွင် မင်း ခုနစ်ဆက်၊ အင်းဝတွင် မင်း ၃၁ ဆက် အုပ်ချုပ်ခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် အချိန်ကာလမကြာမြင့်ခဲ့သော်လည်း ခေတ် တစ် ခေတ် အဖြစ် သမိုင်းဝင်ခဲ့သည့် ပင်းယသည် ပုဂံနှင့် အင်းဝခေတ်အကြား မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကြွင်း ကျန်နေခဲ့ သည့် ရှေးဟောင်း မြို့တစ်ခုအဖြစ် ထင်ရှားစွာ တည်ရှိနေပေသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ (၆)(၉)
တွင်းသင်းမဟာရာဇဝင်သစ်(ပထမတွဲ)
မြန်မာရာဇဝင်အကျဉ်း(လှသမိန်)
အင်းဝနန်းစံမင်းများနှင့်သမိုင်းဝင်နေရာများ(ဗိုလ်ရှိတ်၊ရတနာပူရ)

မောင်သာ(ရှေးဟောင်းသုတေသန)

၅ ၊ ၉ ၊ ၂၀၁၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ

Tags: myanmar historymyanmar places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!