ကမ္ဘာလက်ဝှေ့သမိုင်းရဲ့ဂန္ထဝင်တစ်ယောက်ဖြစ်တဲ့ မိုဟာမက်အလီဆိုရင် ယခင်ခေတ်လူတွေသာမက နှောင်းလူတော်တော်များများကလည်း သိရှိကြပါတယ်။ ကမာ့္ဘဟဲဗီးဝိတ်ချန်ပီယံဆုကို (၃)ကြိမ်အထိရယူနိုင်ခဲ့သူ အမေရိကန်လက်ဝှေသမားကြီးဟာ ကမ္ဘာလက်ဝှေ့လောကရဲ့မှတ်တိုင်တော်တော် များများကို စိုက်ထူပြီးတဲ့နောက် (၁၉၈၁)ခုနှစ်မှာတော့ လက်ဝှေလောကကကနေအနား ယူခဲ့ကာ (၂၀)ရာစုရဲ့အကောင်းဆုံးလက်ဝှေ့သမားတွေအနက်ကတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ် ။
(၂၀၁၂)ခုနှစ်၊ လန်ဒန်အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုတောင် ဘီးတပ်ကုလားထိုင်နဲ့တက်ရောက်ခဲ့တဲ့ လက်ဝှေ့ကျော်ကြီးဟာ (၂၀၁၆) ခုနှစ်၊ ဇွန်လ(၃)ရက်နေ့ ကတည်းက ကွယ်လွန်ခဲ့ပြီးပါပြီ။ အမေရိကန်မှာတော့ အလီဟာ ထင်ရှားတဲ့အားကစားသမားတစ်ယောက်အဖြစ်သာမက အသားရောင်ခွဲခြားမှုတိုက်ဖျက်ရေး၊ လူမည်းတွေရဲ့ရပိုင်ခွင့်၊ အခွင့်အရေးအတွက် ထင်ရှားတဲ့ပြယုဒ်တစ်ခုအနေနဲ့ ရှိနေတာကြောင့် သူရဲ့သြဇာဟာ အမေရိကားတစ်ခွင်က လူမဲ တော်တော်များများကို လွှမ်းမိုးမှုရှိနေခဲ့တာပါ။
ယခုဖော်ပြမဲ့ဖြစ်ရပ်ဟာဆိုရင်လည်း မိုဟာမက်အလီဟာ သူရဲ့ကျော်ကြားမှုကို အသုံးချပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားနေတဲ့လူတစ်ယောက်ကိုကယ်တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဆန်ဆန်ဖြစ်ရပ်ကတော့ အမေရိကန်ပြည်ထောင်စု၊ လော့အိမ်ဂျလိမြို့ မှာ (၁၉၈၁)ခုနှစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုးထပ်တိုက်အမြင့်ကနေ ခုန်ချပြီး ကိုယ့်ကိုယ် ကိုသတ်သေဖို့ကြိုးစားခဲ့သူကို အလီက စိတ်ပြောင်းသွားအောင်ဖြောင်းဖျပြီးအသက် ဘေးကနေ ကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
(၁၉၈၁) ဇန်နဝါရီ(၁၉)ရက်နေ့မှာဖြစ် ပွားခဲ့တဲ့ ယင်းဖြစ်ရပ်ကို Los Angeles Times သတင်းဌာနရဲ့ဓာတ်ပုံဆရာ Boris Yaro ကအမိအရမှတ်တမ်းတင်ခဲ့ပြီး ယင်ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ဓာတ်ပုံတစ်ခုအဖြစ် ကျော်ကြားခဲ့ပါတယ်။ ပုံမှာဆိုရင်ခေါင်းလောင်းဂျင်းဘောင်းဘီ နဲ့ ခေါင်းစွပ်ပါတဲ့ အကွတ်ကြားအင်္ကျီကိုဝတ်ဆင်ထားတဲ့ လူမဲတစ်ယောက်ဟာ တိုင်ကိုဖက်တွယ်တဲ့ အနေအထားတဲ့ အသံလာရာပြတွင်းပေါက်က မိုဟာမက်အလီနဲ့စကားပြောဆိုနေတာ ကိုမြင်တွေ့ရမှာဖြစ်ပြီး ဇာတ်လိုက်ကြီးမိုဟာမက်အလီကတော့ အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ထားတဲ့ ပုံမျိုးနဲ့မြင်ရမှာဖြစ်ပါတယ်။
သတင်းတွေအရတော့ (၉)ထပ်အမြင့်ကနေ ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားသူရဲ့အမည်ကို Joe လို့သိရပြီး သူဟာနာရီပေါင်းများစွာကြာအောင် ဝရန်တာမှာရှိနေခဲ့တာလို့သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ Joe ဟာစိတ်ဝေဒနာသည်တစ်ယောက်ဖြစ်နေပြီး သူဟာသူရောက်ရှိနေတဲ့ နေရာကို ဗီယက်နမ်စစ်မြေပြင်လို့ထင်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူရဲ့အတွေး မှာတော့ အောက်မှာရှိနေတဲ့လူအုပ်ကြီးဟာ ဗီယက်ကောင်းတွေလို့ အထင်ရောက်နေပြီး သူကိုခုန်ချဖို့ဖိအားပေးနေတယ်လို့ ထင်နေရှာတာဖြစ်ပါတယ်။
သူဟာဗီယက်နမ်စစ်မြေ ပြင်ကနေ ပြန်လာခဲ့တဲ့ လူတစ်ယောက်ဖြစ်တယ်လို့ သိရပြီး ကိုးထပ်အမြင့်ပြတင်းပေါက်ကနေ သူရဲ့ခြေတစ်ဖက်ကိုတွဲလောင်းချထားတဲ့ပုံမျိုး နဲ့ ငါနေရတာအဆင်မပြေဘူး ငါနားကိုတစ်ယောက်ယောက်လာတာနဲ့ ခုန်ချပစ်မယ်လို့ အော်ဟစ်နေခဲ့တာဖြစ်ပါတယ်။ ယင်းအချိန်မှာပဲ မိုဟာမက်အလီရဲ့အချစ်ဆုံးသူငယ်ချင်း Howard Bingham ဆိုသူဟာ ယင်းမြင်ကွင်းကိုမြင်တွေ့ခဲ့ပြီး မိုဟာမက်အလီကိုဆက်သွယ်ခေါ်ယူခဲ့ပါတယ်။
အဲဒီအချိန်က အခင်းဖြစ်ရာနေရာနဲ့ မနီးမဝေးမှာရှိနေတဲ့ အလီဟာ (၄) မိနစ်လောက်အကြာမှာပဲ သူရဲ့ Rolls-Royce ကားနဲ့ရောက်ရှိလာခဲ့ပြီး အခင်းဖြစ်ပွားရာ အဆောက်အအုံကိုပြေး သွားခဲ့ပါတယ်။ အလီကားပေါ်ကနေဆင်းပြီး အဆောက်အအုံပေါ်တက်သွားတာကို Los Angeles Times သတင်းဌာရဲ့ဓာတ်ပုံဆရာ Boris Yaro ကိုတွေ့ရှိခဲ့ပြီးနောက်ထပ် ဖြစ်ရပ်တွေကိုသိရှိနိုင်ဖို့ သူရဲ့ကင်မရာကို ယူဆောင်ကာဆက်လက်စောင့်ကြည့်ခဲ့ရာ မှာတော့ ဖော်ပြပါကမ္ဘာကျော်ဓာတ်ပုံတစ်ပုံဖြစ်လာခဲ့ပါတယ်။
မကြာခင်မှာပဲ ပြတင်းပေါက်ကနေ အနောက်တိုင်းဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားတဲ့ မိုဟာမက်အလီရဲ့မျက်နှာပြင်ပေါ်လာပြီး အသံပြုလိုက်ချိန်မှာတော့ Joe ဟာတိုင်နံရံကို အမီပြုပြီး အလီနဲ့စကားတွေပြောနေခဲ့ပါတယ်။ မကြာခင်မှာပဲ အလီဟာ Joe ရှိရာနေရာ ကိုရောက်ရှိသွားခဲ့ပြီး ဝရန်တာအပြင်ဘက်ကိုခြေထောက်တွေထွက်ပြီးခုန်ချဖို့အသင့် ဖြစ်နေတဲ့ Joe ကိုပွေ့ဖက်ကာ ဝရန်တာအတွင်းဘက်ကို ဝင်ရောက်ဖို့ဖြောင်းဖြနိုင်ခဲ့ပါတယ်။
Boris Yaro အနေနဲ့မိုဟာမက်အလီရဲ့လုပ်ဆောင်မှုအားလုံးကို ဓာတ်ပုံမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ Los Angeles Times ရဲ့ဖော်ပြချက်အရတော့ အလီဟာ Joe ကို ဖြောင်းဖြခဲ့တဲ့စကားတွေကတော့ “မင်းဟာ ငါ့ညီပါကွာ ၊ ငါမင်းကိုကူညီမယ် ၊ မင်းအခက်ခဲ တွေအားလုံးကိုလေ ၊ ငါမညာပါဘူးညီလေးရေ ၊ ငါ့ကိုယုံပါ” လို့ အော်ဟစ်ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ယင်းနောက်မှာတော့ အလီကိုယ်တိုင် Joe ကိုသူကားနဲ့အတူ နယ်မြေရဲစခန်းကိုခေါ်ဆောင်သွားခဲ့ပြီးနောက်မှာတော့ အနီးမှာရှိတဲ့ V.A Hospital ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီသတင်းကို Los Angeles Times အပြင်အမေရိကန်သတင်းမီဒီယာအတော်များများက ဖော်ပြခဲ့ပြီးနောက်မှာတော့ အသက်(၂၁)နှစ်သာရှိသေးတဲ့ Joeဟာဗီယက်နမ်စစ်မြေပြင် ကပြန်လာသူဖြစ်ပြီး အရွယ်နဲ့ မမျှတတဲ့စစ်ပွဲဒဏ်တွေကသူကို စိတ်ဝေဒနာသည်အဖြစ် ကိုတွန်းပို့ခဲ့ပြီး နောက်ဆုံးမှာကိုယ့်ကိုကိုယ်သတ်သေဖို့အဆင့်အထိဖြစ်သွားခဲ့ရတယ် လို့သိရပါတယ်။ ဒီအချိန်မှာပဲ သူရဲ့မွေးရပ် Michigan ကိုသွားဖို့ပြင်ဆင်နေတဲ့ မိုဟာမက် အလီဟာ သူ့သူငယ်ချင်းရဲ့ ဆက်သွယ်မှုနဲ့ပဲ လူမဲလေး Joe ကိုကယ်တင်ဖို့ဖြစ်လာခဲ့တာ ဖြစ်လာခဲ့တယ်လို့သိရပါတယ်။