အန္တာတိကတိုက် ဟာ ကမ္ဘာ့တောင်ဘက်အစွန်ဆုံးပိုင်းမှာတည်ရှိပြီး တောင်ဝန်ရိုးစွန်းရှိတဲ့နေရာလည်းဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၅.၄ သန်း ရှိပါတယ်။ အန္တာတိကတိုက်ကို ၁၈၂၀ခုနှစ် မတိုင်ခင်အထိဘယ်သူမှ မမြင်ဖူးသေးပါ။ ၁၈၂၀မှာ မြင်ဖူးတဲ့သူ ရှိပေမယ့် တိုက်ပေါ်ကိုတော့ ခြေမချရဲခဲ့ကြပါဘူး။ အန္တာတိကတိုက်ကို ပထမဆုံးခြေချခဲ့တဲ့သူကတော့ ၁၈၉၅ခုနှစ် မှာခြေချခဲ့တဲ့ နော်ေ၀ ဝေလငါးဖမ်းလုပ်ငန်းရှင် Henrik Johan Bull နဲ့ သူ့ရဲ့ဝန်ထမ်းတွေပဲဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
အန္တာတိက တိုက်ဟာ ကမ္ဘာပေါ်မှာ အအေးဆုံးနေရာဖြစ်ပါတယ်။ ပုံမှန်အပူချိန်မှာတောင် -70C လောက်ရှိပါသတဲ့။ စံချိန်တင် အအေးဆုံးအပူချိန်ကတော့ ၁၉၈၃ခုနှစ် Antarctica’s Vostok စခန်းကနေတိုင်းယူရရှိခဲ့တာဖြစ်ပြီး -၁၂၈.၅၆ ဒီဂရီဖာရင်ဟိုက်ရှိပါတယ်။
ကမ္ဘာပေါ်က ရှိတဲ့ရေခဲစုစုပေါင်းရဲ့ ၉၀ရာခိုင်နှုန်းဟာ အန္တာတိက တိုက်မှာ ရှိပါတယ်။ အန္တာတိက တိုက်ဟာ ဥရောပတိုက်ထက် ပိုကြီးပြီး သြစတြေးလျတိုက်ထက် ၂ဆ ပိုကြီးပါတယ်။ ကမ္ဘာ့ပေါ်က ရှိသမျှ ရေချိုရဲ့ ၇၀% ကိုထိမ်းသိမ်းထားရာနေရာလည်းဖြစ်ပါတယ်။
တိုက်ဧရိယာရဲ့ ၉၈% ကို ရေခဲပြင်တွေနဲ့ ဖုန်းအုပ်ထားပါတယ်။ ရေခဲလွှာတွေရဲ့ အထူတွေကလည်း ပျမ်းမျှအားဖြင့်၂၅၀၀ မီတာ ရှိပြီး တချို့နေရာတွေမှာဆိုရင်တော့ ၄၀၀၀မီတာကျော်အထိ ထူပါတယ်။ ကျန်တဲ့ ၂ရာခိုင်နှုန်းကတော့ ရေခဲတွေဖုံးလွှမ်းခြင်းမရှိပဲ ရေညှိတွေ ၊ မှော်ပင်တွေပေါက်ရောက်နေပါတယ်။
တကယ်လို့များ အန္တာတိကတိုက်က ရေခဲတွေအကုန်လုံးသာ အရေပျော်ခဲ့ရင် ကမ္ဘာ့သမုဒ္ဒရာရေပြင်တွေရဲ့ အမြင့်ဟာ ၇၀မီတာခန့် မြင့်သွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးနီးပါးရေးလွှမ်းခြင်းကို ခံကြရမှာပါ။ အန္တာတိကတိုက်မှာ မီးတောင်ပေါင်း ၁၃၈ ခုရှိပြီး အထင်ရှားဆုံးကတော့ မီးတောင်ရှင် Erebus ဖြစ်ပါတယ်။ အန္တာတိက ရေခဲပြင်များ အောက်တွင် အရည်ပျော်နေသော ရေကန်များ၊ မြစ်များရှိကြောင်း မကြာသေးမီက ဂြိုလ်တုတိုင်းတာချက်များအရ သိရပါတယ်။
အန္တာတိကတိုက်မှာ ချီလီတွေနေထိုင်ကြတဲ့ Villa Las Estrellas မြို့တစ်မြို့ရှိပါတယ်။ အဲဒီမြို့မှာ ကျောင်း ၊ ဆေးခန်း ၊ စာတိုက် ၊ တည်းခိုခန်း ၊ အင်တာနက်တွေရှိပြီး မြို့ဆိုပေမယ့် လူဦးရေကတော့ နွေရာသီမှာ ၁၅၀ ဝန်းကျင်ခန့်နေထိုင်ပြီး ဆောင်းရာသီမှာတော့ ၈၀ခန့်သာနေထိုင်ပါတယ်။ အန္တာတိက တိုက်ဟာ လူသားတွေအမြဲမနေနိုင်တဲ့ နေရာဖြစ်ပေမယ့် လူဦးရေ ၅၀၀၀ခန့်ကတော့ သုတေသန ဆိုင်ရာလုပ်ငန်းများအတွက် အဲဒီမှာရှိနေကြပါတယ်။
အများစုကတော့ နိုင်ငံပေါင်း ၃၀ ကျော်က သိပ္ပံ နဲ့ သုတေသနပညာရှင်တွေဖြစ်ပြီး အဲဒီဒေသက မျိုးစိတ်တွေကိုလေ့လာခြင်း ၊ ကမ္ဘာကြီးပူနွေးလာမှုကို သုတေသနပြုခြင်း ၊ မီးတောင်များကိုလေ့လာခြင်း ၊ ဂြိုဟ်နက္ခတ်တွေကိုလေ့လာခြင်း ၊ ဥက္ကာပျံများ ၊ ခရမ်းလွန်ရောင်ခြည်ဖျာထွက်မှုကိုလေ့လာခြင်း စတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။
အန္တာတိကတိုက်မှာ ပိုလာဝက်ဝံမရှိသလို တွားသွားကောင်တွေလည်းမရှိပါဘူး။(ပိုလာဝက်ဝံတွေက အာတိတ်ဒေသမှာ နေထိုင်ကြတာပါ) အများဆုံးတွေ့ရလေ့ရှိတဲ့ တိရစ္ဆာန်တွေကတော့ ဝေလငါး ၊ ပင်ဂွင်း ၊ ဖျံ နဲ့ ငါးတွေပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့မျိုးစိတ်ဖြစ်တဲ့ အလင်းပေါက်ငါးတွေဟာ အန္တာတိကတိုက်ရဲ့ ၇၄၀မီတာ ဝန်းကျင်က ရေခဲပြင်အောက် ၁၀မီတာ အနက်မှာတွေ့ရလေ့ရှိပြီး ဒီငါးတွေဘယ်လိုအသက်ရှင်နေထိုင်ကြသလဲဆိုတာကို သိပ္ပံပညာရှင်တွေ သေသေချာချာမသိသေးပါဘူး။ အန္တာတိကတိုက်ဟာ နျူကလီးယားလိုလက်နက်ပစ္စည်းများ မစမ်းသပ်ဖို့ နိုင်ငံပေါင်း ၄၉နိုင်ငံကနေ သဘောတူလက်မှတ်ထိုးထားတဲ့ နယ်မြေလည်းဖြစ်ပါတယ်။