ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
ပိုးဟပ်တို့သည် ဤကမ္ဘာမြေပေါ်တွင် ဒိုင်နိုဆောသတ္တဝါတို့အသက်ရှင်လှုပ်ရှားနေစဉ်ကတည်းကပင် ရှိ နေခဲ့ကြသည်။ ပိုးဟပ်တစ်ကောင်သည် အစာမစားဘဲ တစ်လခန့်အထိ အသက်ရှင်နေနိုင်သည်။ ရေလုံးဝမသောက်ဘဲ နှစ်ပတ်ခန့် အသက်မသေဘဲ ရှင်သန်နေနိုင်သည်။ အချို့သော ပိုးဟပ်မများသည် တစ်ကြိမ်သာ မိတ်လိုက်ထားရုံဖြင့် သားဥများကို အမြဲ သန္ဓေတည်ထား နိုင်သည်။
ပိုးဟပ်တစ်ကောင်သည် ဦးခေါင်းမရှိဘဲလည်း ၇ ရက်ခန့်အထိ အသက်ရှင်နိုင်သေးသည်။ အသက်မရှူဘဲ မိနစ် လေးဆယ်ခန့် အောင့်ထားနိုင်သည်။ပိုးဟပ်တစ်ကာင်သည် တစ်နာရီလျှင် သုံးမိုင်နှုန်းဖြင့် အမြန်ပြေးနိုင်သည်။ အံ့ဖွယ်ပိုးဟပ်ပါတစ်ကား။
ပိုးဟပ်တို့သည် လွန်ခဲ့သော နှစ်သန်းပေါင်း သန်း ၃၅၀ လောက်ကတည်းကရှိခဲ့သည်ဟု ယူဆနိုင်သည်။ လွန်ခဲ့သောနှစ် ၃၅၄ သန်းမှ နှစ်သန်းပေါင်း၂၉၅ သန်းအတွင်း သက်တမ်းရှိသည့် ပိုးဟပ်နှင့်တူသော ရုပ်ကြွင်းတစ်ခု ကို တွေ့ရှိခဲ့ဖူးရာ မျက်မှောက်ခေတ် ပိုးဟပ် နှင့်အနည်းငယ်ကွဲပြားကာ ဓားခုတ်ကောင်နှင့်ခပ်ဆင်ဆင်တူသည်ဟု ဆိုကြပါသည်။
ပိုးဟပ်ကို ကမ္ဘာတစ်ဝန်းလုံးတွင်မြင်တွေ့နိုင်ပြီး လူသားတို့၏ အနီးဝန်းကျင်တွင်နေထိုင်လေ့ရှိကြသည်။မိမိ တို့ရောက်ရာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်နေနိုင်ကြသည်။အနွေးဓာတ်ကိုကြိုက်နှစ်သက်ကြပြီး အဆောက်အအုံများအတွင်း နွေးထွေးသောနေရာများတွင် နေတတ်ကြသည်။ညဖက်တွင် အများဆုံးထွက်ကြပြီး အလင်းရောင်ကို ရှောင်တတ်ကြသည်။
ပိုးဟပ်တို့သည် မစင်များကိုစွန့်ထုတ်ကြရာဝယ် ယင်းတို့၏မစင်မှ ထုတ်လွတ်သော(pheromone) အငွေ့ ကို အခြားပိုးဟပ်များကခြေရာခံကာ အစားအစာနှင့်ရေတို့ရှိသည့်နေရာ ကိုထောက်လှမ်းနိုင်ကြသည်။ မည်သည့် နေရာတွင် ပိုးဟပ်တစ်ကောင်ကောင်ရှိနေကြောင်းကို အချင်းချင်းသိနိုင်ကြသည်။
ပိုးဟပ်တို့၏ အုပ်စုလိုက် ဆုံးဖြတ်နိုင်စွမ်းရည်ကို သုတေသနတစ်ခုတွင် ထူးခြားစွာ ဖော်ထုတ်တွေ့ရှိခဲ့ ရသည်။ပိုးဟပ်အကောင် ၅၀ ခန့်ကို ပန်းကန်တစ်ခုအတွင်းထည့်ကာ ချောင်တစ်ချောင်တွင် ချထားလိုက်သည်။ အဆိုပါနေရာမှာပင် ပိုးဟပ်တို့ခိုအောင်းနိုင်သော အခြားချောင်နှစ်ချောင်ကိုလည်းစီစဉ်ထားသည်။ ချောင်တစ် ချောင်လျှင်ပိုးဟပ်အကောင် ၄၀ ခန့်သာ နေနိုင်အောင်ပြုလုပ်ထားရာ ပိုးဟပ် အကောင် ၅၀ တို့သည် ချောင်နှစ် ချောင်တွင် အကောင် ၂၅ ကောင်စီ သွားရောက်နေကြသည်ကိုတွေ့ရှိရပြီး ကျန်သောချောင်နေရာတွင် ပိုးဟပ် တစ်ကောင်မျှမရှိသည်ကို တွေ့ရှိခဲ့ကြရသည်။
သုတေသနပြုလုပ်သူတို့က တဖန် ချောင်တစ်ချောင်လျှင် ပိုးဟပ်အကောင် ၅၀ ကျော်နေနိုင်အောင်စီစဉ် ပေးလိုက်ရာ ပိုးပဟ်များအားလုံးသည် ချောင်တစ်ချောင်ထဲမှာပင်စုရုံးနေကြပြီး ကျန် နှစ်ချောင်မှာ ဗလာဟင်းလင်း ဖြစ်နေသည်ကို အံ့သြဖွယ်တွေ့ကြရပေသည်။သုတေသနပညာရှင်တို့က ပိုးဟပ်တို့သည် စိမ်ခေါ်ယှဉ်ပြိုင်မှုများကို အချင်းချင်းပူးပေါင်း၍ ဆုံးဖြတ်ချက်ချမှတ်နိုင်ကြကြောင်းကောက်ချက်ချခဲ့သည်။
အခြားသုတေသနတစ်ခုတွင် ပိုးဟပ်တို့၏ အခြေအနေတစ်ရပ်ပေါ်တွင် ဆုံးဖြတ်နိုင်စွမ်းကို အဖြေရှာခဲ့ကြ သည်။ ပိုးဟပ်တို့သည် မည်သို့ မှောင်နေသနည်း ၊ အမှောင်ထဲတွင် အခြားပိုးဟပ်များမည်မျှရှိသနည်းတို့ကို စူးစမ်း တတ်ကြကြောင်းတွေ့ရှိခဲ့သည်။ပိုးဟပ်စက်ရုပ်ငယ်လေးအများအပြားကို အမှောင်ထဲရှိပိုးဟပ်များကြားတွင်ချထား ကြည့်သည်။ ထိုစက်ရုပ်များကို ပိုးဟပ်နံ့များထွက်အောင်စီစဉ်ထားရာ ပိုးဟပ်အစစ်များက ယင်းတို့နှင့်အနံ့ တူညီ မှုကြောင့် စက်ရုပ်ပိုးဟပ်များကို လက်ခံခဲ့ကြောင်းတွေ့ရှိရပေသည်။
ပိုးဟပ်မျိုးစိတ်ပေါင်း ၄၅၀၀ ကျော် ရှိသည့်အနက် လူသားတို့ ဝန်းကျင်တွင်တွေ့နေကြရသော ပိုးဟပ်များ မှာ မျိုးစိတ် ၃၀ ခန့်မျှသာရှိပြီး ယင်းတို့အနက် ပိုးဟပ် ၄ မျိုးတို့သည် ရောဂါကူးစက်တတ်သော အင်းစက်သတ္တဝါ များအုပ်စုတွင်ပါဝင်ကြသည်။ ယင်း ၄ မျိုးတို့ကိုအမေရိကန်ပိုးဟပ် ၊ ဂျာမာန်ပိုးဟပ်၊ အာရှ ပိုးဟပ်နှင့် အရှေ့ဖျားပိုး ဟပ်ဟု ပညာရှင်များက ယေဘုယျအားဖြင့်သတ်မှတ်ခေါ်ဝေါ်ကြသည်။
အမေရိကန်ပိုးဟပ်သည် အများအားဖြင့် ၃၀ မီလီမီတာ(၁.၂ လက်မ)ခန့်ရှည်လျားပြီးအချို့ မှာ၂ လက်မ ခန့် အထိရှည်ကြသည်။အတောင်ပံနှင့်ဦးမှင်ရှိကြပြီး အရောင်က နီညိုရောင်ဖြစ်သည်။ဦးခေါင်း၏ နောက်ပိုင်းဝယ် အဝါရောင် ပုံသဏ္ဍာန်ရှစ်မျိုးခန့် အထိတွေ့ရှိရတတ်သည်။
အမေရိကန်ပိုးဟပ်တို့သည် မြင်မြင်သမျှကို စားလေ့ရှိကြပြီး သစ်ရွက်များနှင့် အခြားအင်းစက်ပိုးငယ်များ ကိုလည်းစားတတ်ကြသည်။နွေးထွေး၍ မှောင်မိုက်စွတ်စိုသောနေရာများတွင် အနေများကြသည်။ ရေနှင့်နီးသော နေရာများ ကို နှစ်သက်ကြပြီး မိလ္လာပိုက်၊ ရေဆိုးပိုက်၊ရေဆိုးမြောင်းနှင့် မြေအောက်ခန်းများတွင်ခိုအောင်း နေထိုင် တတ်ကြသည်။
ညစ်ညမ်းသောနေရာများသို့ လျှောက်သွားကြပြီး ဗက်တီးရီးယားများနှင့်ကူးစက် ရောဂါပိုးများကို သယ်ယူလာလေ့ရှိသည်။သူတို့သည် အရေခွံလဲလေ့ရှိရာ ယင်းအခွံများက အစားအစာများကို အဆိပ်ဖြစ်စေရုံသာ မက ထိမိ၊ကိုင်မိသူများအား အရေပြားကို ယားယံစေသည် ၊ ကလေးများကို ရင်ကြပ်ပန်းနာ ဖြစ်စေသည်။အမေ ရိကန် ပိုးဟပ်မတစ်ကာင်သည် တစ်နှစ်လျှင် ဥ ၁၅၀ ခန့် အုနိုင်သည်။
ဂျာမာန်မျိုး ပိုးဟပ်များကို တစ်ကမ္ဘာလုံးတွင်အများဆုံးတွေ့နိုင်သည်။ လက်မဝက်ခန့်သာရှည်ပြီးသက်တမ်း မှာ ရက်ပေါင်း ၁၀၀ မှ ၂၀၀ အတွင်းသာဖြစ်သည်။ အရောင်မှာအညိုရင့်ဖြစ်သည်။ အချိုနှင့်ဂျုံပါသော အစာများကိုစား လေ့ရှိသော်လည်း သွားတိုက်ဆေး ၊ စာအုပ်စသော အော်ဂဲနစ်မဟုတ်သည့် အရာများကိုလည်းစားကြသေးသည်။ မီးဖိုချောင်နှင့် ရေချိုးခန်းတို့ကဲ့သို့ စွတ်စိုနွေးထွေးသောနေရာမျိုးနှင့် လူတို့ စားသောက်သည့်နေရာများတွင် တွေ့ နိုင်သည်။
အမေရိကန်ပိုးဟပ်များကဲ့သို့ပင် အရေခွံလဲတတ်ကြပြီး ရောဂါပိုးများကို သယ်ဆောင်လေ့ရှိကြသည်။ အာရှ ပိုးဟပ်တို့သည်လည်း ၁၅ မီလီမီတာ (ဝ.၆ လက်မ) ခန့်သာရှည်ကြပြီး ၅ လမှ ၆ လခွဲ ဝန်းကျင် အထိ အသက်ရှည်ကြသည်။ ကစီဓာတ်ပါဝင်သော အစာများကိုနှစ်သက်ကြသည်။ စာအုပ်အနှောင့်များတွင်ကပ်ထား သည့်ကော်များ၊ခြေအိတ်မှ နိုင်လွန်များကိုလည်းစားတတ်ကြသည်။ ခြောက်သွေ့သောနေရာကိုကြိုက်ကြသဖြင့် အိမ် ၏ အမြင့်နေရာများတွင်တွေ့ရှိကြရသည်။
အရှေ့တိုင်းပိုးဟပ်များသည် အာဖရိကတိုက်မှ ပြန့်ပွားလာဖြင်းဖြစ်ပြီး ကုန်သွယ်သင်္ဘောများမှတစ်ဆင့် ပြန့်နှံ့လာကြသည်ဟုယူဆကြသည်။ ၁ လက်မခန့်အထိရှည်ကြပြီး ဆိုးဝါးသော အနံ့များကို ထုတ်လွှတ်လေ့ရှိ ကြသည်။ ညိုပုပ်ပုပ် အနက်ရောင်ရှိကြပြီး ပိုးဟပ်များထဲတွင် အညစ်ပတ်ဆုံးဟု သတ်မှတ်ထားသည်။ အမှိုက်များ စွန့်ပစ်ထားရာနေရာမျာတွင် ကျက်စားကြသည်။
ပိုးဟပ်တို့သည် အရွယ်ကြီးသော အင်းဆက်ပိုးများဖြစ်ကြသည်။ ယေဘုယျအားဖြင့် ၁ လက်မအရွယ် ဝန်းကျင်ခန့် သာရှိကြသော်လည်း သြစတြေလျ နိုင်ငံတွင်တွေ့ခဲ့ရသော အကြီးဆုံးသော ပိုးဟပ်တစ်ကောင်မှာ ၃.၅ လက်မ အရွယ်မျှရှည်လျားကြောင်းတွေ့ရပေသည်။အလေးချိန်မှာ ၁.၁ အောင်စဖြစ်သည်။ ပိုးဟပ်မများသည် ယင်းတို့၏ ဥများကို ဝမ်းပိုက်၏ နောက်ဖက်ပိုင်းတွင် လွယ်ထားကြသည်ကို တွေ့မြင် နိုင်ပေသည်။ ဂျာမာန်မျိုးနွယ် ပိုးဟပ်မများသည် ဥ ၃၀ မှ ၄၀ အထိပါဝင်သော ဥအိမ်ကို သယ်ပိုးထားကြပြီး ထိုဥ များကို ၅ နာရီကြာမျှ အုကြသည်။ ဥပြီးစတွင် အဖြူရောင်ဖြစ်သော်လည်း အုပြီး လေးနာရီ အတွင်းမာကြောကာ အနက်ရောင်သို့ ပြောင်းသွားလေ့ရှိသည်။
ဒဏ္ဍာရီထဲမှ နတ်သမီးဟုဆိုကြသည့် Nymph ပိုးဟပ် ကို သြစတြေလျနိုင်ငံတွင်တွေ့ရသည်။ အတောင်ပံနှင့် လိင်အင်္ဂါများမဖွံ့ဖြိုးသော်လည်း သာမာန် ပိုးဟပ်အရွယ်ပင်ဖြစ်သည်။ ဖွံ့ဖြိုးမှုနှေးကွေးကာ အရွယ်ရောက်ရန်လေးလ မှ တစ်နှစ်အထိ ကြာမြင့်သည်။ အရွယ်ရောက်ပြီေးသာ Nymph ပိုးဟပ်များသည် အခြား ပိုးဟပ်မျိုးများထက်အသက် ရှည်ကြပြီး ဓာတ်ခွဲခန်းတစ်ခုတွင် ထားရှိခဲ့သော Nymph ပိုးဟပ်တစ်ကောင်သည် လေးနှစ်အထိ အသက်ရှည်ခဲ့ဖူး ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။
အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ်တွင်တွေ့ရသော အချို့သောပိုးဟပ်များသည်အသံထွက်ကာ အော် နိုင်ကြသည်ကို ထူးခြားစွာတွေ့ကြရသည်။ပိုးဟပ်အော်သံ စူးစူးရှရှ အသံကို ကြားနိုင်ကြသည်ဟု ဆိုပါသည်။ အများ အားဖြင့်မူ ပိုးဟပ်အော်သံကို မကြားဖူးကြပါချေ။ ပိုးဟပ်တို့နှင့်ပတ်သက်၍ ဆိုစမှတ်တစ်ခုရှိရာ နယူးကလီယားစစ်ပွဲဖြစ်၍ လူသားများနှင့်တကွ သက်ရှိများ ပျောက်ကွယ်ချိန်သွားတွင် ကမ္ဘာမြေကြီးနှင့် အတူကျန်ရှိမည့် သတ္တဝါမှာ ပိုးဟပ်ပင်ဟူ၍ဖြစ်ပါသည်။ ပိုးဟပ်တို့သည် ကျောရိုးရှိသတ္တဝါများ ၊ လူသားများထက် အဆပေါင်းများစွာ ဓာတ်ရောင်ခြည်ကို ခံနိုင်စွမ်းရှိသောကြောင့်ပင်ဖြစ်ပါ သည်။
မောင်သာ(ရှေးဟောင်းသုတေသန)