မူရင်းရေးသားသူ – ဗန်းမော်သိန်းဖေ
စင်္ကာပူမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းတယောက်ဟာ သူ့အလုပ်နဲ့ပတ်သက်ပြီးအမြဲညီးညူလေ့ရှိတတ်တယ်။ အလုပ်ပါးတော့လည်း ပျင်းလိုက်တာတဲ့။ အလုပ်များတော့လည်း ပင်ပန်းလိုက်တာတဲ့။
အထက်ကအုပ်ချုပ်သူကလည်း သူ့ကိုအမြဲတမ်းအပြစ်ရှာလေ့ရှိတယ် စသဖြင့်ပေါ့။ အလုပ်သွားချင်စိတ်မရှိလို့ သူဟာနေမကောင်းဖြစ်တာ မဟုတ်ပေမဲ့လည်း မကြာခနဆေးခွင့်(MC)ယူပြီးအလုပ်နားလေ့ရှိတယ်။
အမြဲညီးးနေတဲ့သူငယ်ချင်းကို တနေ့မှာဖတ်ဖူးတဲ့ ပုံပြင်လေးတခုကို ပြောပြပါတယ်။ ဒီပုံပြင်လေးကိုတချို့လဲကြားဖူးမှာပါ။ ပုံပြင်လေးက
လူတယောက်ဟာ တနေ့မှာအဆောက်အအုံတခုဆောက်နေတဲ့လုပ်ငန်းခွင်ထဲရောက်သွားပါတယ်။ အဲဒီနေရာမှာကျောက်တုံးအကြီးတွေကို ဆောက်နေတဲ့ အဆောက်အအုံရဲ့ နံရံမှာသုံးဖို့ကျောက်တုံးသေးတွေရအောင် တူတွေနဲ့စို့တွေနဲ့ထုခွဲနေတဲ့ အလုပ်သမား၃ယောက်ကိုတွေ့တယ်။
ပထမလူကအလုပ်ထဲမှာစိတ်ပျော်ပုံမရပါဘူး။ တာဝန်ကျေပဲကျောက်တုံးကိုထုခွဲရင်း အလုပ်ဆင်းအိမ်ပြန်ဖို့ အချိန်ဘယ်လောက်ကျန်သလဲဆိုပြီး အလုပ်ခွင်ကတိုင်ကပ်နာရီကိုမကြာခနကြည့်နေတယ်။ စောစောကလူက သူ့ကိုဘာလုပ်နေတာလဲလို့မေးကြည့်တယ်။ သူက
“ဒီသောက်ကျောက်တုံးကြီးကို ခွဲနေရတာပေါ့ဗျာ။ ပိုက်ဆံရလို့သာလုပ်နေရတာ အကျိုးလဲမရှိ ပင်ပန်းလိုက်တာလဲလွန်ရောဗျာ။ တနေတနေ့အလုပ်ဆင်းမဲ့အချိန်ပဲမျော်နေရတယ်ဗျို့”တဲ့။
ဒုတိယလူကတော ကျောက်တုံးကြီးကို ကြိုးစားပမ်းစားထုခွဲနေတယ်။ ဟိုလူက သူကိုလဲဘာလုပ်နေတာလဲလို့မေးပြန်တယ်။ သူက”ကျနော်ဒီကျောက်တုံးကြီးကနေ ကျောက်တုံးအငယ်တွေဖြစ်အောင်လုပ်နေတာပါ။ ခွဲလို့ရတဲ့ကျောက်တုံးတွေကို အခုဆောက်နေတဲ့အဆောက်အအုံနံရံမှာ သုံးဖို့ပေါ့ဗျာ”တဲ့။
တတိယလူကျတော့ ကျောက်တုံးကြီးကိုခွဲလိုက်တယ်။ ရလာတဲ့ ကျောက်တုံးလေးတွေကို သေသေချာချာကြည့်တယ်။ သူလိုချင်တဲ့အရွယ်ရအောင် ကြိုးစားပန်းစားထပ်ခွဲနေတယ်။ လိုချင်တဲ့အရွယ်နဲ့ပုံစံရသွားရင် အဲဒါလေးတွေကြည့်ပြီး သူဟာဝမ်းသာကြည်နူးနေတယ်။ စောစောကလူက ထုံးစံအတိုင်းသူ့ကိုလဲ ဘာလုပ်နေတာလဲမေးတော့ သူကခုလိုပြန်ဖြေတယ်။
“ကျနော် ကမ္ဘာပေါ်မှာအလှဆုံးဟိုတယ်ကြီးတခုဆောက်နေတာဗျ”တဲ့။
အလုပ်တမျိုးထဲအတူတူလုပ်ကြတဲ့အလုပ်သမား၃ယောက်ဟာ အလုပ်ပေါ်ခံယူချက်စိတ်ဓါတ်(attitude)ကျတော့မတူကြပြန်ဘူး။
ပထမလူဟာ သူ့အတွက်အလုပ်သာလုပ်နေရတာ စိတ်မပါဘူး။ သူ့စိတ်ထဲမှာအချိန်ဖြုန်းနေတယ်။ ငရဲကျနေတယ်လို့ထင်နေတယ်။ စိတ်မပါဘူး။ မတတ်သာလိုသာ ဒီအလုပ်ကိုလုပ်နေရတာဆိုပြီး စိတ်ဆင်းရဲနေတာပေါ့။
ဒုတိယလူကတော့ အလုပ်ကိုကြိုးစားပမ်းစားလုပ်ပါတယ်။ တနေ့အလုပ်တနေ့ပြီးအောင် တာဝန်ကျေပွန်အောင်လုပ်တယ်။ ဒါပေမဲ့ သူမှာအနာဂတ်အတွက် ဘာမျော်မှန်းချက်မှမရှိဘူး။ စက်ရုပ်တခုလိုပါပဲ။
တတိယလူကျတော့ စောစောကလူ၂ယောက်လိုမဟုတ်ဖူး။ သူ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်တယ်။ အလုပ်ကိုကောင်းတာထက်ပိုကောင်းအောင် အမြဲကြိုးစားနေတယ်။
သူလုပ်လိုက်တဲကျောက်တုံးလေးတွေကြောင့် မကြာခင်မှာ ကမ္ဘာပေါ်မှာအလှပဆုံးဟိုတယ်ကြီးပေါ်ပေါက်လာမယ်လို့ယုံကြည်နေတယ်။ သူဟာ အနာဂတ်ကိုတွေးမြင်ကြည့်တတ်သူပါ။ ဒါကြောင့်သူဟာအလုပ်ခွင်ထဲမှာ အမြဲတမ်းစိတ်ဓါတ်တက်ကြွလန်းဆန်းနေတယ်။
လူတိုင်းဟာ အသက်ရှင်နေသရွေ့ မိမိနဲ့မိသားစုအတွက် အလုပ်လုပ်နေကြရမှာပါ။ ကိုယ်ပိုင်အလုပ်ဖြစ်ဖြစ် ဝန်ထမ်းဘဝနဲ့ဖြစ်ဖြစ် အလုပ်တခုတော့လုပ်ကိုလုပ်နေကြရမှာပါ။
အဲဒီတော့ ကိုယ့်အလုပ်အပေါ်ခံယူထားတဲ့attitudeဟာ စောစောကပြောတဲ့ အလုပ်သမား၃ယောက်ထဲက ဘယ်နဲ့တူနေသလဲဆိုတာ ကိုယ်တိုင်ပဲအသိဆုံးပါ။
မိမိလုပ်နေတဲ့အလုပ်ထဲမှာ မပျော်နေဘူးဆိုရင် အလုပ်ထွက်လိုက်ပြီး ပျော်မယ့်အလုပ်သစ်ရှာလိုက်ပါ။ အဲလိုမှလုပ်လို့မရဘူးဆိုရင် တတိယလူလိုအလုပ်အပေါ်မှာ ထားတဲ့ခံယူချက်သဘောထား(attitude)ကို ပြောင်းလဲလိုက်ပါ။
မိမိလက်ရှိအလုပ်ကို စိတ်ဝင်းစားလာအောင် ငါဘယ်လိုလုပ်ရင်ကောင်းမလဲ။ အလုပ်တွေများများနဲ့မြန်မြန်ပြီအောင် ဘယ်လိုလုပ်ရမလဲ။ ငါ့အလုပ်ကြောင့် ကုမ္ပဏီမှာ ဘာအကျိုးရှိသွားမလဲစတာတွေပေါ့။
တစ်ခုသိစေချင်တာက အလုပ်ထဲမပျော်တဲ့လူဟာ အိမ်ထောင်ရေးအဆင်မပြေတတ်ဘူး။ အလုပ်ထဲကစိတ်မချမ်းသာမှုဟာ အိမ်ထဲကူးစက်တတ်တာကိုး။ စိတ်မချမ်းသာတဲ့လူဟာ အသက်လဲတိုတတ်ကြပါတယ်။
ဗန်းမော်သိန်းဖေ