ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က စတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒီအတွက် အပင်ပန်းရဆုံးသူတွေကတော့ ကျန်းမာရေးဝန်ထမ်းတွေ လို့ ဆိုရင် မမှားပါဘူး။ အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတွေရဲ့ Mask တွေကို ချွတ်လိုက်တဲ့ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
တရုတ်နိုင်ငံသားတွေဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်လို့ ဝူဟန်မြို့က စတင်ပြန့်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်ခံနေရသူ လူနာများအတွက် အသက်စွန့်ကာ မနားမနေကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာဝန် ၊ သူနာပြု နဲ့ အခြားကျန်းမာရေးဝန်ထမ်းများကို ချီးကျူးလျက်ရှိပါတယ်။
သူနာပြုတွေဟာလည်း နေ့စဉ် နာရီပေါင်းများစွာ ရက်ပေါင်းများစွာ ဆက်တိုက် Mask မချွတ်ပဲ သူတို့တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့အတွက် Mask တွေချွတ်လိုက်တဲ့အခါမှာတော့ အချိန်အကြာကြီးတပ်ထားတဲ့ဒဏ်ကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ Mask အရာတွေ ထင်းထင်းကြီး ပေါ်နေခဲ့ကြပါတယ်။
သူနာပြုတွေဟာ နေ့စဉ် အနည်းဆုံး ၁၂နာရီကြာ တာဝန်ထမ်းဆောင်ရတဲ့အပြင် တာဝန်ချိန်ပြင်ပမှာလည်း ဆေးရုံဝန်းထဲမှာပဲ နေထိုင်ပြီး အဆမတန်များပြားလွန်းတဲ့ လိုအပ်သူ လူနာတွေကို အကူအညီပေးရင်းနေခဲ့ကြရတာဖြစ်ပါတယ်။ အလုပ်တွေအရမ်းများလွန်းနေတဲ့အတွက် စားတာ သောက်တာ နဲ့ သန့်ရှင်းရေးလုပ်တာဖို့တောင် အချိန်မလောက်ဘူး လို့ဆိုပါတယ်။
သူနာပြုတွေရဲ့ ဒီပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေသူပေါင်း သိန်းနဲ့ချီရှိနေပြီး သူတို့ရဲ့ အနစ်နာခံကြိုးပမ်းမှုတွေကို အသိအမှတ်ပြုရင်း သူရဲကောင်းတွေအဖြစ် ချီးကျူးနေကြပါတယ်။ သူတို့ရဲ့ ဒီပုံတွေကို ကြည့်တာနဲ့တင် ဘယ်လောက် ပင်ပန်းခက်ခဲခဲ့ကြောင်းသိသာနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံက စတင်ခဲ့တာဖြစ်ပေမယ့် မြို့တွေကို Lockdown လုပ်ကာ ရက်သတ္တပတ် အနည်းငယ်ကြာ အင်တိုက်အားတိုက်ကုသပြီးချိန်မှာတော့ ကူးစက်မှုလျော့နည်းသွားခဲ့ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံ က ကူးစက်ခံရသူ စုစုပေါင်း ၈၁၀၀၀ မှာ ၆၈၀၀၀ ခန့်ဟာ ပြန်လည်ကျန်းမာလာခဲ့ပြီ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်မီးဟာ ဥရောပကို ဆက်လက်ကူးဆက်လျှက်ရှိပါတယ်။