ယင်းနေရာဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးသောနေရာတစ်ခုအဖြစ်လည်းရှိနေပါတယ်။ ယခင်ဆိုဗီယက်ပြည်ထောင်စုနယ်မြေအတွင်းပါဝင်နေတဲ့ ယူကရိန်းနိုင်ငံChernobyl နျူးကလီးယားမတော်တဆပေါက်ကွဲမှုဖြစ်စဉ်လိုဖြစ်စဉ်တွေ ဟာ ကမ္ဘာ့မီဒီယာတွေထက် ပလူပျံနေခဲ့ပေမဲ့ ယင်းဖြစ်စဉ်လိုမျိုးလူမသိသူမသိရပဲ ဆိုဗီယက်အာဏာပိုင်တွေထိန်ချန်ထားတဲ့ဖြစ်ရပ်များစွာဟာလည်းကမ္ဘာပေါ်မှာရှိနေခဲ့တာပါ။ ယင်းဖြစ်စဉ်တွေအနက်မှာဆိုရင် City-40 ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။
City 40 ဆိုတာကတော့ ဆိုဗီယက်တွေရဲ့ပထမဆုံးသော ပလူတိုနီယံထုတ်လုပ်တဲ့နေရာတွေ ဖြစ်ပြီးယင်းနေရာတွေမှာပဲအလွန်ကြီးမားတဲ့ နျူးကလီးယားမတော်တဆမှု(၃)ကြိမ်တိုင် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတဲ့ (၁၉၉၀)ခုနှစ်မတိုင်ခင် အထိ City 40 ဟာမြေပုံပေါ်ကနေပျောက်ကွယ်နေပြီး ယင်းမှာနေထိုင်သူတွေကိုလည်း တရားဝင်မဖော်ပြသလိုဘယ်ကနေသွားရတယ်ဆိုတာကိုလည်း ဆိုဗီယက်တွေကအကွတ်ကျကျဖျောက်ဖျက်ထားခဲ့ကြတာဖြစ်ပါတယ်။
ပုံမှန်မဟုတ်တဲ့မြို့သားတွေကို ပိတ်လှောင်ထားတဲ့ City 40 ဟာ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက် ဆိုဗီယက်တွေရဲ့နျူးကလီးယားလက်နက်အစီစဉ်တွေ စတင်ပြုလုပ်ခဲ့ရာမြို့ကြီးလည်းဖြစ်ပါတယ်။ ဆိုဗီယက်ခေါင်ဆောင်စတာလင်ရဲ့စီမံချက်နဲ့ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိလည်း Ozersk ဆိုတဲ့မြို့အမည်နဲ့ ဆက်လက် ရှိနေပါသေးတယ်။ (၂၀၀၁)ခုနှစ်ကတော့ရုရှားအစိုးရ လျို့ဝှက်ထားတဲ့ မြို့ပေါင်း (၄၂)ခုလောက်ရှိခဲ့ကြောင်း တရားဝင်ကြေငြာခဲ့ပေမဲ့ စီအိုင်အေအေဂျင့်တွေရဲ့အဆိုအရတော့ ရုရှားအစိုးရကတရားဝင်ရှိပါတယ်လို့ထုတ်မပြောတဲ့ လျို့ဝှက်မြို့ကြီးနောက်ထပ် (၁၅) မြို့လောက်ကျန်သေးတယ်လို့သိရပါတယ်။
ဒုတိယကမ္ဘာစစ်ပြီချိန်မှာပဲ ပလူတိုနီယံ ထုတ်လုပ်ဖို့အတွက် ဆိုဗီယက်တွေဟာ Gulag အကျဉ်းထောင်က အကျဉ်းသားတွေရဲ့လုပ်အားနဲ့ City-40 ကိုတည်ဆောက်ခဲ့တာပါ။ (၁၉၄၅)ခုနှစ်မှ ာဆိုဗီယက်ချွေးတပ်စခန်းတွေက အကျဉ်းသား (၄၀၀၀၀၀) လောက်ကို နျူးကလီးယားသိပ္ပံပညာရှင်တွေနဲ့ပူးပေါင်းပြီး မြေအောက်နျူးကလီးယားလက်နက်စမ်း သပ်ခန်းတွေတည်ဆောက်ခဲ့ပါတယ်။ တည်ဆောက်သူအကျဉ်းသားတွေကိုလည်းအခွင့် အရေးအဖြစ် ဆိုက်ဘေးရီးယားလိုနေရာမျိုးမှာ (၂၅)နှစ်လောက်အလုပ်ကြမ်းနဲ့ထောင် ဒဏ်ခံရတဲ့ပြစ်ဒဏ်တွေကို City 40 မှာဆိုရင်(၅)နှစ်လောက်မြေအောက်လက်နက်စခန်းတည်ဆောက်ရေးမှာ အလုပ်လုပ်တာနဲ့ တူညီတယ်ဆိုတဲ့မက်လုံးပေးခဲ့တာဖြစ်ပါတယ်။
City 40ရဲ့ပထမဆုံးသော အဏုမြူဓာတ်ပေါင်းဖိုကို Ozersk လို့ နောင်တချိန်မှာ အမည်ရလာမယ့် ဧရိယာအနီးမှာ (၁၈)လကြာတည်ဆောက်ခဲ့ ပါတယ်။ယင်းနေရာမှာ အလုပ်လုပ်သူတွေအနေနဲ့ ထွက်ပြေးမယ်ဆိုရင်တော့သေဒဏ်ကျခံရမှာဖြစ်ပါတယ်။ City 40 မှာရှိနေတဲ့ပြင်းထန်တဲ့ ရေဒီယိုသတ္တိကြွဓာတ်တွေကြောင့် အစိုးရကသတ်မှတ်ထားတဲ့ (၅)နှစ်ကျော်လွန်အောင် လုပ်ငန်းခွင်ဝင်ခဲ့သူ အကျဉ်းသားဆိုတာကလည်းတစ်ဦးမှကိုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဆိုဗီယက်တွေဟာ ထုတ်ဝေတဲ့မြေပုံတွေမှာ City-40 ကိုထည့်သွင်းရေးဆွဲခြင်းမျိုးပြုလုပ်ခြင်းမရှိတဲ့အပြင် နိုင်ငံသန်းခေါင်စာရင်းတွေထဲမှာပါ နေထိုင်သူမရှိလို့ ထည့်သွင်းထားခဲ့ ပါတယ်။ City-40 ဆိုတာဟာာစကားဝှက်တစ်ခုသာဖြစ်ပြီးမြို့ရဲ့အမည်ရင်းကတော့ Ozersk ဖြစ်ပါတယ်။ City-40 ကိုပဲနောက်ပိုင်းအချိန်တွေမှာ Chelyabinsk-40 နဲ့ Chelyabinsk – 65 ဆိုတဲ့အမည်ဝှက်တွေနဲ့ခေါ်ဆိုခဲ့ကြပါသေးတယ်။ City-40 ဟာ ဆိုဗီယက်တွေရဲ့နျူးကလီးယားလက်နက်စမ်းသပ်ချက်ပထမဆုံးပြုလုပ်ခဲ့တဲ့နေရာဖြစ်ခဲ့ပြီးယင်းကထွက်ရှိတဲ့ရေဒီယိုသတ္တိကြွဖြစ်စဉ်တွေကြောင့် ယနေ့အချိန်မှာဆိုရင် ကမ္ဘာ့အန္တရာယ်အများဆုံး အရပ်ဒေသအဖြစ်လည်းရှိနေခဲ့ပြီဖြစ်ပါတယ်။
ယင်းနေရာဟာ ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတဲ့ အန္တရာယ်ဇုန်အဖြစ်ရှိနေပေမယ့် ယခုချိန်ထိယင်းနေရာမှာ ဆက်လက်နေထိုင်သူများစွာလည်းကျန်နေပါသေးတယ်။ (၁၉၄၇)ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ Ozyorsk မြို့ဟာဆိုရင်ဆူးဝါယာကြိုးနှစ်ထပ် ကာရံထားပြီးရုပ်သံကနေစောင့်ကြည့်တဲ့စနစ်တွေ တပ်ဆင်ထားပါတယ်။ လက်နက်ကိုင် လုံခြုံရေးတပ်သားတွေကိုလည်းထူထပ်စွာချထားပြီး Ozyorsk တည်ရှိရာနေရာဟာ Mayak နျူးကလီးယားစက်ရုံအနီးမှာတည်ရှိနေတာဖြစ်ပါတယ်။
ရေဒီယိုသတ္တိကြွပစ္စည်းတွေကြောင့် City-40 ဟာအလွန်ဘေးဖြစ်စေတဲ့ နေရာဆိုပေမယ့် လာရောက်နေထိုင်သူတွေအတွက်မြင့်မားတဲ့ လူနေမှုစနစ်နဲ့နေထိုင်ရမယ်လို့ ဆိုဗီယက်အာဏာပိုင်တွေကမက်လုံးပေးခဲ့ကြပါတယ်။ City-40 ဟာ အလုပ် အကိုင်အခွင့်အရေးအလွန်ကောင်းတယ်၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေ မှာ ဆိုဗီယက်ပြည်ထောင်စုမှာတော့ထိပ်တန်းအဆင့်မှာရှိနေတယ်ဆိုတဲ့မက်လုံးတွေ ကြောင့် City-40 ကိုပြောင်းရွေအခြေချသူများပြားလာခဲ့ပါတယ်။
ယနေ့အချိန်ထိ မျိုးဆက်(၃)ဆက်ကျော် ယင်းနေရာမှာပဲဆက်တိုက်နေထိုင်ခဲ့သူအနည်းငယ်ကျန်ရှိနေသေးတာကို တွေ့ရပါတယ်။ ယင်းကာလကဆိုဗီယက်ခေါင်းဆောင်စတာလင်ကိုယ်တိုင် City-40 ကိုပြည်ထောင်စုရဲ့နျူးကလီးယားလက်နက်စမ်းသပ်ရာသီးသန့်နဲ့လျို့ဝှက်နယ်မြေ တစ်ခုအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
(၁၉၄၅)ခုနှစ်ကနေ (၁၉၅၇)ခုနှစ်ကြားကာလတွေမှာတော့ City-40 အနီးမှာတည်ရှိတဲ့ စွန့်ပစ်ထားပြီးဖြစ်တဲ့ Mayak နျူးကလီးယားဓာတ်ပေါင်းဖိုကနေရေဒီယိုသတ္တိကြွပစ္စည်းများစွာယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီး City-40 ဧရိယာအပါအဝင်နေရာအတော်များများကိုပြန့်လွင့်သွားခဲ့ပါတယ်။ ရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ ယင်းဧရိယာအတွင်းပါဝင်နေတဲ့ Techa မြစ်ကနေ အာတိတ်သမုဒ္ဒရာထဲအထိကို ရောက်ရှိသွားခဲ့ကြပါတယ်။
သိပ္ပံပညာရှင်တွေကတော့ Mayak နျူးကလီးယားဓာတ်ပေါင်းဖိုရဲ့ရေဒီယိုသတ္တိကြွယိုစိမ့်မှုတွေဟာ ယနေ့ ကမ္ဘာမှာအဆိုးရွားဆုံး နျူးကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲမှုကြောင့် ရေဒီယိုသတ္တိကြွ ပစ္စည်းယိုစိမ့်မှုဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ်တွေအနက်ပါဝင်နေတဲ့ ယူကရိန်းက Chernobyl မတော်တဆဖြစ်မှုထက် (၂)ဆကနေ(၃)ဆအထိပိုမိုဆိုးရွားတဲ့အဆိပ်ဓာတ်တွေလေထု၊မြေထု၊ရေထုထဲကိုထုတ်လွှင့်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။
ယင်းဖြစ်စဉ် တွေကြောင့် City-40 မှာလာရောက်နေထိုင်သူတွေနဲ့ ယင်းဧရိယာမှာနေထိုင်သူတွေဟာ ဆိုးရွားတဲ့ရေဒီယိုသတ္တိကြွဓာတ်တွေ့ကြောင့်ဖြစ်ရတဲ့ ကင်ဆာရောဂါအပါအဝင်ဆိုးရွား တဲ့အခြေအနေအရပ်ရပ်ကြောင့်များစွာသေဆုံးခဲ့ရပါတယ်။ ယင်းဖြစ်ရပ်ကြောင့် ရေဒီယိုသတ္တိကြွဓာတ်သင့်ခံရသူအရေအတွက်ဟာ (၄၇၀၀၀၀) လောက်ကိုရှိနေခဲ့တာလို့ လည်းသိရပါတယ်။
ဆိုဗီယက်အာဏာပိုင်တွေကတော့ယင်းဖြစ်ရပ်တွေအပေါ် ဝန်ခံခြင်းမျိုးမရှိပဲပေမဲ့ ရေဒီယိုသတ္တိကြွပစ္စည်းသန့်စင်ရေးလုပ်ငန်းတွေကိုတော့ အကြီးအကျယ်လုပ်ကိုင်ခဲ့ပါတယ်။ အထူးသဖြင့် Techa မြစ်ကမ်းတစ်လျှောက်မှာဖြစ်ပြီးယင်းအနီးမှာပဲရှိတဲ့ Karachay ကန် ဆိုရင် ဖြစ်စဉ်တွေနောက်ပိုင်းမှာ lake of death ( သေမင်းကန်)လို့တောင်ခေါ်ဆိုရတဲ့အထိ အဆိပ်အတောက်ဓာတ်တွေပြည့်နှက်သွားခဲ့ရတဲ့အခြေအနေပါ။
(၁၉၆၇)ခုနှစ်မှာတော့ Karacha ကန်ကြီးရဲ့ဧရိယာအတော်များများကိုသန့်စင်နိုင်ခဲ့တယ်လို့သိရပေမဲ့ ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ ယင်းဧရိယာအတွင်းပါဝင်နေတဲ့ City-40 တစ်ဖြစ်လည်း Ozersk မြို့ဟာလည်းလူတွေမနေထိုင်သင့်တဲ့အရပ်ဖြစ်နေဆဲပါ။ ကင်ဆာရောဂါတွေ အရေပြားရေဂါတွေ ဓာတ်မတည့်တဲ့ရောဂါတွေဖြစ်ပွားနေပေမဲ့ Ozersk မြို့မှာတော့လက်ရှိအချိန်ထိလူပေါင်း (၈၀၀၀၀)ထက်မနည်းဆက်လက်နေထိုင် နေဆဲပဲဖြစ်ပါတယ်။
ပိတ်ထားတဲ့မြို့တော်ကြီး Ozersk (သို့) City-40 ကိုတော့ အနောက်တိုင်းမှာဆိုရင် graveyard of the earth ( ကမ္ဘာရဲ့သုသာန်တစ်စပြင်)လို့လူသိများကြပါတယ်။ ဒါပေမဲ့ နေထိုင်သူတွေဘက်ကတော့ သူတို့ရဲ့မြို့တော်ကိုစွန့်ခွာဖို့စိတ်ကူးမရှိကြပါဘူး။ ရုရှားနိုင်ငံသားတစ်ယောက်အနေနဲ့ အလုံပိတ်မြို့တော်ကပဲ သူတို့ရဲ့နောက်ဆုံးနေ့ရက်တွေ အတွက်ခေါင်းချရာနေရာလို့ယူဆနေကြတာပါ။
(၂၀၁၆)ခုနှစ်ကတော့ Ozersk (သို့) City-40 အကြောင်းကို Documentary ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Samira Goetschel ကတော့ ဒီမှာရှိတဲ့လူတွေဟာ အဆိပ်သင့်နေတဲ့လေထု၊ရေထု၊မြေထုအကြားမှာရှိပေမဲ့ (ရုရှားအစိုးရကတော့တရားဝင်ငြင်းဆန်ထား) ဘယ်နေရာကိုမှပြောင်းဖို့စိတ်ဆန္ဒမရှိကြပါဘူး။ သူတို့အချိန်တော်တော်များများပျော်နေကြတာဗျ။ ဒီလိုဖြစ်လာဖို့လည်းရုရှားအစိုးရက အတော်ကိုထောက်ပံ့ဖန်တီးပေးထားတာလေ။ မြို့သူ/သားတွေဟာအခြားသော ကမ္ဘာအရပ်ရပ်ကနေရာတွေနဲ့ သူတို့မြို့အပေါ်နှိုင်းယှဉ်တာကိုသူတို့ကိုယ်တိုင်လည်း မလုပ်သလို သူများလာလုပ်ရင်လည်းမကြိုက်ကြပါဘူး။
Ozersk (သို့) City-40 က မြေပုံထဲမှာမရှိသလို ဒီမှာနေတဲ့သူတွေမှာလည်းမှတ်ပုံတင်(အများစု)မရှိကြပါဘူး။ သူတို့က ကန့်သတ်ထားတဲ့မြို့အတွင်းမှာနေထိုင်ပြီး မြို့အပြင်ကိုတော့ထွက်ကြလေ့မရှိကြဘူးဗျ။ ကျတော်ကိုလည်းမထွက်ခိုင်းလို့ Ozersk (သို့)City-40 ရဲ့လှပတဲ့ဆည်းဆာချိန်ကိုတောင် တိတိကျကျမှတ်တမ်းမတင်နိုင်ခဲ့ရပါဘူး။ ဒီမြို့ကသူတွေက သူတို့အမြင် အယူအဆသီးသန့်နဲ့နေထိုင်ကြတာလေ လို့မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။
Ref:
Theguardian – ‘The graveyard of the Earth’: inside City 40, Russia’s deadly nuclear secret
Boredpanda – 80k People Live In This Closed City Which Was Kept Secret For 49 Years