၁၃ ရာစုနဲ့၁၄ ရာစုအတွင်းမှာ တည်ရှိခဲ့တဲ့ မွန်ဂိုအင်ပါယာကို လူ့သမိုင်းမှာ အကြီးမားဆုံး နယ်မြေတစ်ဆက်တည်း အင်ပါယာ အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ အလယ်အာရှကနေ စတင်ခဲ့တဲ့ မွန်ဂိုအင်ပါယာဟာ အလယ်ဥရောပ ကနေ ဂျပန်ပင်လယ်ပြင် အထိ ကျယ်ဝန်းပါတယ်။ မြောက်ဘက် မှာ ဆီးရီးယားနိုင်ငံကနေ မြောက်ဘက် အင်ဒိုချိုင်းနား ဒေသ ၊ အီရန်ကုန်းပြင်မြင့် နဲ့အရှေ့အလယ်ပိုင်း ဒေသတစ်လုံး အထိ ကျယ်ပြန့်ပါတယ်။
မြေဧရိယာအကျယ်အဝန်း ကီလိုမီတာ ပေါင်း ၃၃ သန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး သက္ကရာဇ် ၁၂၇၉ ခုနှစ်ရဲ့ ကမ္ဘာ့မြေဧရိယာစုစုပေါင်းရဲ့ ၂၂.၁၅ ရာခိုင်နှုန်းကို လွှမ်းမိုးသိမ်းပိုက်နိုင်ခဲ့တဲ့အတွက် သမိုင်းတစ်လျှောက် ဧရိယာအကျယ်ပြန့်ဆုံး အင်ပါယာ အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ (ဗြိတိသျှရဲ့ နေမဝင်အင်ပါယာက ကီလိုမီတာသန်းပေါင်း ၃၃.၂ သန်း ကျယ်ဝန်းပြီး ကမ္ဘာ့မြေဧရိယာ ၂၂.၃ ရာခိုင်နှုန်း သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဗြိတိသျှ အင်ပါယာဟာ ဧရိယာတစ်ဆက်တည်းတည်ရှိတာမဟုတ်ပါဘူး။)
ဂျင်ဂျစ်ခန်ဟာ တရုတ်ပြည်မကြီးနဲ့တစ်ကမ္ဘာလုံးကို သူ့ခြေဖဝါးအောက် ရောက်ဖို့ငယ်ငယ်ထဲက အိပ်မက် မက်ခဲ့သူဖြစ်ပြီး တာတာလူမျိုးစုတွေနဲ့ပေါင်းစည်းကာ တရုတ်ပြည်မကြီးရဲ့ အနောက်မြောက်နယ်စပ် ပြည်နယ် Xi Xia အင်ပါယာ ကို စတင်တိုက်ခိုက်သိမ်းပိုက်ပါတယ်။ နောက် တရုတ်ပြည်မြောက်ပိုင်းကို ကျူးကျော်ပါတယ်။ အဲဒီ့အချိန်မှာ ဂျင် မင်းဆက်အုပ်စိုးနေချိန်ဖြစ်ပြီး ဂျင်ဂျစ်ခန်ရဲ့ တရုတ်ပြည်မြောက်ပိုင်းကို ကျူးကျော်မှုဟာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီး သူသေဆုံးတဲ့အချိန်ထိ အောင်မြင်မှု မရရှိခဲ့ပါဘူး။
၁၂၁၈ ခုနှစ်မှာ ဂျင်ဂျစ်ခန်ဟာ တရုတ်ပြည်ကို တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်ပြီး အလယ်အာရှတိုက်နဲ့ အရှေ့ဥရောပ ကို ဦးတည်ပြန်ပါတယ်။ ရုရှ နဲ့ပါရှားအပါအဝင် မူဆလင်နယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး သူ့စစ်တပ်ကို အားဖြည့်ခဲ့ပါတယ်။ မွန်ဂိုတွေဟာ ကွန်စတယ်တီနိုပယ် (ယခု အီစတန်ဘူ) အထိ ရောက်ရှိခဲ့ပြီး အစ္စလာမ် – အာရေဗျ ယဉ်ကျေးမှုအမြောက်အများကို ဖျက်ဆီးပစ်ခဲ့ပါတယ်။
မွန်ဂိုတွေဟာ သူတို့ကို ခုခံတိုက်ခိုက်တဲ့ နယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးရင် မြို့လုံးကျွတ် မီးလောင်တိုက်သွင်း၊ သတ်ဖြတ်မှု တွေပြုလုပ်ခဲ့တယ်လို့ကမ္ဘာ့သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။
၁၂၂၇ ခုနှစ်မှာ ဂျင်ဂျစ်ခန် သေဆုံးပြီးနောက် သားဖြစ်သူ Ogotai ရဲ့ ကွပ်ကဲမှုနဲ့မွန်ဂိုတို့ဟာ ဥရောပကို ဆက်လက်ချီတက်ပြီး မြင်းစစ်သည်အင်အား တစ်သိန်းခွဲ နဲ့ ဟန်ဂေရီနဲ့ပိုလန်တို့ကို သိမ်းပိုက်ခဲ့ပါတယ်။ Ogotai ဟာ အနောက်ဥရောပ စစ်ဆင်ရေးအလယ်မှာ ကျဆုံးခဲ့ပြီး မွန်ဂိုစစ်သူကြီးတွေကို အားလျော့စေကာ မွန်ဂိုလီးယားကို ပြန်ဆုတ်ခွာခဲ့ကြပါတယ်။ ခန်း ဘုရင်ဆက် တစ်ယောက်ကို ရွေးချယ်ဖို့ပြန်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
ဂျင်ဂျစ်ခန်ရဲ့မြေးဖြစ်သူ ကူဗလီခန်း လက်ထက်မှာ တရုတ်ပြည်စစ်ဆင်ရေးအောင်မြင်ခဲ့ပြီး အင်ပါယာကို ထပ် ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဂျပန်ပြည်ကို မွန်ဂိုအင်ပါယာချဲ့ထွင်ဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မွန်ဂိုစစ်သားတွေဟာ ကန္တာရနဲ့မြေပြင်စစ်ပွဲတွေမှာ နတ်ဘုရားတွေလို စွမ်းအားကြီးပေမယ့် ရေပြင်နဲ့ အရှေ့ တောင်အာရှရဲ့ စွတ်စိုအပူပိုင်းရာသီဥတုမှာ အလဲအကွဲကျဆုံးခဲ့ရပါတယ်။ ကူဗလိုင်ခန်းဟာ မွန်ဂိုအင်ပါယာကို စည်ပင်ဝပြောအောင်စွမ်းဆောင်နိုင်ခဲ့ပြီး အုပ်ချုပ်မှုကောင်းမွန်ခဲ့တယ်လို့သမိုင်းမှတ်တမ်းများအရ သိရပါတယ်။
မွန်ဂိုအင်ပါယာ ဟာ သူ့ရဲ့ အဆမတန်ကြီးမားတဲ့ နယ်နမိတ်ကြောင့်ပဲ သက်ဆိုးမရှည်ခဲ့ပါဘူး။ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ဘာသာရေးကွဲပြားမှုတွေအောက်မှာ ပုန်ကန်ထကြွမှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ ကူဗလီခန်း သေဆုံးတဲ့နောက်မှာ မွန်ဂိုအင်ပါယာဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး ၁၃၀၀ ခုနှစ်မှာ တရုတ်ပြည် ပုန်ကန်အုံကြွမှု နဲ့အတူ ကူဗလိုင်ခန်ရဲ့ Yuan မင်းဆက်ဟာ ပျက်သုဉ်းခဲ့ရပါတယ်။
၁၂၇၇ ခုနှစ်နဲ့ ၁၂၈၃ ခုနှစ်၊ ကူဗလီခန်း လက်ထက်မှာ မွန်ဂိုအင်ပါယာဟာ ၁၂၈၆ ခုနှစ် မှာ မွန်ဂိုစစ်တပ်ဟာ မြန်မာနိုင်ငံကို ထပ်မံတိုက်ခိုက်ခဲ့ပြီး မြန်မာဘုရင် နရသီဟပတေ့ လက်ထက်မှာ ပုဂံကျဆုံးခဲ့ပါတယ်။ နရသီဟပတေ့ မင်း ဟာ မွန်ဂိုတွေ မရောက်ခင်တတည်းက ပုဂံကို စွန့်ခွာပြေးခဲ့တာပါ။ ဒါပေမယ့် မွန်ဂိုအုပ်စိုးမှုဟာ ပုဂံ မှာ ကြာရှည်မခံခဲ့ပါဘူး။ ဂျင်ဂျစ်ခန် မျိုးရိုးကဆင်းသက်လာသူ တိုင်မော ခေါ် တေမားလိန်း လက်ထက်မှာ မွန်ဂိုအင်ပါယာကို ပြန်လည် စုစည်းခဲ့ပြီး ၁၃၀၀ နှစ်အလွန်မှာ အာရှတိုက်ရဲ့ တော်တော်များများကို အာဏာစက်ချဲ့ထွင်နိုင်ခဲ့ပါသေးတယ်။
မွန်ဂိုအင်ပါယာ ရဲ့ ကျယ်ပြန့်မှုကို မြင်သာအောင် သူတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေရဲ့ ယခု နိုင်ငံအမည်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (တစ်နိုင်ငံလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း)
၁။ ဗီယက်နမ်၊ ၂။ တရုတ် ၃။ ကာဇက်စတန် ၄။ ရုရှား၊ ၅။ တာဂျစ်စတန်၊ ၆။ အီရတ် ၇။ အီရန် ၈။ မွန်ဂိုလီးယား ၉။ မြောက်ကိုးရီးယား ၁၀။ တောင်ကိုးရီးယား ၁၁။ ဆီးရီးယား ၁၂။ တူရကီ ၁၃။ ယူကရိန်း ၁၄။ ဥဇဘက်ကစ္စတန် ၁၆။ တာကမန်နီစတန် ၁၇။ အာဖကန်နီစတန် ၁၈။ ပါကစ္စတန် ၁၉။ အိန္ဒိယ ၂၀။ ရိုမေးနီးယား ၂၁။ မော်ဒိုးဗား ၂၂။ ပါလက်စတိုင်း ၂၃။ ပိုလန် ၂၄။ အက်စတိုးနီးယား ၂၅။ လက်ဗီးယား ၂၆။ လစ်သူနေးရီးယား ၂၇။ ဟန်ဂေရီ ၂၈။ ကူဝိတ် ၂၉။ ဘူဂေးရီးယား ၃၀။ ဘီလာရုစ် ၃၁။ အဇာဘိုင်ဂျန် ၃၂။ အာမေးနီးယား ၃၃။ ဂျော်ဂျီယာ ၃၄။ သြစတြီးယား ၃၅။ ခရိုအေးရှား ၃၆။ အီဂျစ် ၃၇။ အစ္စရေး ၃၈။ ဂျော်ဒန် ၃၉။ ဆော်ဒီ ၄၀။ ဆာဘီးယား ၄၁။ မြန်မာ
အစရှိတဲ့ ယခုခေတ်နိုင်ငံနယ်နိမိတ်တော်တော်များများ မွန်ဂိုအင်ပါယာမှာ ပါဝင်ခဲ့ပါတယ်။
Trend Myanmar မှ