နာမည်ကျော် အငြိမ့်မင်းသမီး ဓာတ်ပြားအဆိုတော် လေဘာတီမြရင် (၁၉၀၄ – ၁၉၄၅)ကို မင်းသား ဦဖိုးသစ်နှင့် မင်းသမီးဒေါ်ဉာဏ်ယုံတို့က ၁၂၆၆ခုနှစ်တွင် သာစည်နယ် ရွှေဖလားကန်ရွာ၌ မွေးဖွားခဲ့ပါသည်။ သဘင်မျိုးရိုးဖြစ်သောကြောင့် ငယ်စဉ်ကပင် သဘင်ပညာ အရပ်ရပ်နှင့် နီးစပ်သိမီခဲ့ပြီး ဝါသနာနှင့် ပင်ကိုယ်ပါရမီတို့ကြောင့် မန္တလေးမြို့သို့ ကပြရန် ရောက်ရှိသွားသောအခါ မြို့ အငြိမ့်မင်းသမီးများနှင့် အပြိုင်အဆိုင် ကနိုင်ခဲ့သည်။
လေဘာတီ မြရင် ဆိုသော အမည်ကို တက္ကသိုလ် ကျောင်းသားများ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူ့အသက်မှာ ၁၇ နှစ်မျှသာ ရှိသေးသည်။ အသက် ၁၅ နှစ် အရွယ်မှ ကွယ်လွန်သော အသက် ၄၂ နှစ် အထိ နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် ပွဲက၍ သွားခဲ့သည်။ အငြိမ့်သက်တမ်း ၂၆ နှစ် တာက်လုံး ပရိသတ် ပါးစပ်ဖျားတွင် လေဘာတီမှ လေဘာတီ၊ မြရင်မှ မြရင် ဖြစ်ခဲ့၏။ မန္တလေးက နာမည်ကြီး ရွှေဆိုင်တန်း ကထိန်ဆိုလျှင် မမြရင် အငြိမ့်ကို နှစ်စဉ် ငှားပြီး ဧည့်ခံခဲ့သည်။ မမြရင်ကို မရမှာ စိုး၍ ဒီနှစ် ကထိန်ပွဲ ပြီးသည်နှင့် နောက်နှစ် အတွက်ပါ စရန် ကြိုပေးထားသည် အထိ လူကြိုက်များ ခဲ့၏။ အခြားသော ပွဲများကလည်း မမြရင် အငြိမ့် အားသည့်နေ့မှ စောင့်ဆိုင်း ကျင်းပခဲ့ကြသည်။
ဤသို့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့်တိုင် မမြရင်က ကာလသားကြိုက်ကို အထူးမလုပ်။ ကြာမပေး။ မြူမဆွယ်။ မိန်းကလေး ပီပီ ဣန္ဒြေရရ လှလှပပလေး ကသည်။ လူရွှင်တော်များ ပြက်လုံးကြမ်းလြှင် သူက တားစမြဲ။ သူကိုယ်တိုင်လည်း အငြိမ့်စင်ပေါ်မှ နေ၍ စင်အောက် ပရိသတ်ထဲ လက်ညှိုးထိုးပြီး (ကျွန်မ ရည်းစား) ဟု ဘယ်တော့မှ မပြော။ သူ့မျက်နှာကို အငြိမ့်ကရာ လိုက်ကြည့်မှသာ မြင်ရသည်။ ကျန်သည့် အချိန်မှာတော့ မြင်ရမည် မဟုတ်။ ဗိုင်းကောင်း ကျောက်ဖိ အိမ်တွင်း ပုန်းနေတတ်သောကြောင့် ဖြစ်သည်။
သူ့ကို ကြိုက်သူတွေကား ဒုနှင့်ဒေး။ ကျောင်းသားလည်း ပါ၏။ သူဋ္ဌေးလည်း ပါ၏။ အရာရှိကြီးများလည်း ပါ၏။ ရန်ကုန်မြို့မှ မျက်နှာကြီး ဝတ်လုံတော်ရ တစ်ဦးသည် တနင်္ဂနွေနေ့တိုင်း မမြရင် အငြိမ့်ကို ငှားပြီး သူ့ခြံထဲမှာပင် ကပြစေ၏။ ရွှေဒင်္ဂါးများလည်း ဆုချ၏။ တခါတော့ မမြရင်ကို ရိုးရိုးကြည့်ရတာ အားမရ၊ ခြေအိတ်ချွတ်ပြီး ခြေသလုံးပေါ်အောင် ကပြပါ၊ ရွှေဒင်္ဂါး နှစ်ပြား ဆုချမည်ဟု သိမ်းသွင်းလာ၏။ ထိုပွဲထွင် မမြရင်က ခြေအိတ်ကို လုံးဝ မချွတ်ဘဲ ကမြဲအတိုင်းသာ ကပြ သွားခဲ့သည်။
တစ်ခါကလည်း ဘာသာခြား သူဌေး တယောက်က မမြရင်ကို ငှားပြီး သူ့တိုက်ထဲမှာပင် ကပြစေသည်။ ပွဲပြီးလျှင် မမြရင်ကို ပြန်မလွှတ်တော့ဘဲ အပိုင်သိမ်းရန် ကြံစည်လာသည်။ ထိုအကြံကို မမြရင်သိသည်နှင့် တိုက်ပြတင်းပေါက်မှ ခုန်ချပြီး ထွက်ပြေးလာခဲ့သည်။ မိန်းမသားတို့၏ အိန္ဒြေသိက္ခာကို တပြားဖိုးမှ အပွန်းမခံသော မြန်မာမလေးဆိုလျှင် မှားမည် မဟုတ်ပေ။
အသက် ၂ဝ အရွယ်တွင် မမြရင် အိမ်ထောင် ကျခဲ့သည်။ အိမ်ထောင်ကျသည် ဆိုသော်လည်း လိုချင်သူတွေ ဝိုင်းဝိုင်းလည် နေသည်မို့ လူသိထင်ရှား မကြေညာရဲ။ သူ့ချစ်သူကလည်း မျက်နှာကြီး ပိုက်ဆံရှိ ဖြစ်၍ ထင်ထင်ပေါ်ပေါ် လူသိမခံရဲ။ သမီးရည်းစားမက၊ လင်မယား မကျသော ဘဝမျိုးနှင့် နှစ်ဦး သဘောတူ နားလည်မှု ရှိစွာနှင့် တသက်လုံး ပေါင်းသင်း နေထိုင် သွားခဲ့ကြသည်။ သစ္စာတရားကို မြတ်နိုးသော မမြရင်သည် ပွဲကသွားလေတိုင်း သူ့ချစ်သူကို ကန်တော့ပြီးမှ သွားသည်။ သူ့ချစ်သူကလည်း မမြရင်ကို ငုံထားမတတ် မြတ်နိုးသည်။ မြတ်နိုးရုံ သာမကသေး။ သဝန် တိုတတ်လိုက်သည် ကလည်း လွန်ပါရော။ အတီးသမားတွေနှင့် ရောလြှင်လည်း မကြိုက်။ လူရွှင်တော်တွေနှင့် တရင်းတနှီး နေလျှင်လည်း မနှစ်သက်။ ထို့ကြောင့် နန်းတော်ရှေ့ ဆရာ တင်အား …
“ဘယ်ယောက်ျားမှ စကား မပြောနဲ့တဲ့ တနေ့က မှာတယ်၊ တွေ့ကြရာမယ်၊ ကသောအခါဝယ်၊ ရည်းစားတထောင် လင်ကောင်ရှင်မောင် သဝန်ကြောင် စိတ်နှလုံးဟာမို့၊ အိမ်တွင်းပုန်း ကုလားမကဲ့သို့ ကျွန်မတို့ မနေနိုင်ပေါင်ရှင်၊ ကမှဖြင့် ပွဲနောက်က အမြဲရောက်တဲ့ ကိုကိုရယ်၊ သူ့ဝတ်ခြံ ညှစ်ရမတဲ့ ဟိုညက ခိုင်းလာပါတယ်။ မရှက်ပေမဲ့ မချဉ်ပေါင်ဆရာ၊ သက်ဝေရဲ့ လင်မောင်တကာ၊ သဝန်ကြောင်တာ မြရင်အံ့တော့တာ” ဟူသော (ဦးသဝန်ကြောင်) သီချင်းကိုလည်းကောင်း၊
“အငြိမ့်မင်းသမီးများ ရည်းစားထားတော့တဲ့ လူဆိုတာမျိုးနော်၊ သဘောနည်းနည်း ကြီးအုံးမှပေါ့ သခင်ရေ၊ မီးရောင်အောက်ကို ဝင်ကာ လူပြက်တွေနဲ့ သောတော့၊ သူ့သဘောက အလွန်တရာ မကြည်မလင်” ဟူသော (အလှူ့ရှင်) သီချင်းကို လည်းကောင်း ရေးစပ်စေပြီး မမြရင်က သီဆို ကပြခဲ့ခြင်း ဖြစ်သည်။
ဣန္ဒြေရှင် မင်းသမီးလေး လေဘာတီ မြရင် အပေါ် စာရေး ဆရာမကြီး လူထု ဒေါ်အမာက အောက်ပါအတိုင်း သုံးသပ် ရေးသား ထားသည်မှာလည်း ယနေ့ အနုပညာရှင် မိန်းမသားတိုင်း မှတ်သား လိုက်နာဖွယ်ရာ ကောင်းလှသည်။
“လေဘာတီ မမြရင်က အကလည်း ကောင်းသည်၊ ရုပ်ကလည်း ချစ်စရာ ဖြစ်သည်။ ဤအရည်အချင်းမှာ မမြရင်က အငြိမ့်မင်းသမီး ဆိုပေမဲ့ မကလက်ခြင်း၊ ဣဏ္ဍေန္ဒရခြင်းပင် ဖြစ်ပါသည်။ အသက် ၂ဝ ကစ၍ သေသည်အထိ အိမ်ထောင်နှင့် နေသွားသည်။ အငြိမ့်စင်ပေါ်၌ သူ့ကိုယ်သူ အပျိုကလေးပါဟု လူရောင်းရန် ဘယ်တော့မှ မကြော်ငြာ။ ရည်းစား ရှာခြင်းလည်း မပြု။ သို့ပါလျက် ပွဲကြည့်ပရိသတ်က သူ့ကို အပျိုကလေး ကဲ့သို့ပင် သဘောထားကြသည်။ အပျိုကလေးလိုပင် ချစ်သည်။ ဤသို့ဖြစ်အောင် ဘယ်မင်းသမီးမှ တတ်နိုင်မည် မထင်။ မမြရင်က အငြိမ့်သမ ဆိုသော်လည်း အနုပညာနှင့် ပုဂ္ဂိုလ်ရေးရာကို မရောထွေးဘဲ တကန့်စီ ထားတတ်သည်။ သူ့ကိုယ်သူ အဖိုးတန်အောင် အလွန် နေတတ် ထိုင်တတ်သည်။” (ပြည်သူချစ်သော အနုပညာသည်များ၊ ပဉ္စမအကြိမ်၊ စာမျက်နှာ ၃၆၃)
မမြရင်နှင့် တသက်လုံး တွဲလာခဲ့သော ပတ္တလား ဆရာကြီး ဦးဘစံကလည်း “မမြရင်လောက် နာမည်ကြီးတဲ့ မင်းသမီး၊ ပိုက်ဆံရတဲ့ မင်းသမီး၊ အိန္ဒြေရှိတဲ့ မင်းသမီးမျိုး ဒီနေ့အထိ မတွေ့ဖူးသေးပါ” ဟု ပြောသွားခဲ့ဖူးသည်။ ဤမျှဆိုလျှင် လေဘာတီ မြရင်၏ အိန္ဒြေသိက္ခာကို ခန့်မှန်း သိရှိနိုင်လောက်ပြီ ဖြစ်ပါသည်။
ဤသို့ လူတိုင်းက ချစ်ခင် မြတ်နိုးသော ဣရေန္ဒရှင် မင်းသမီးလေး လေဘာတီ မြရင်သည် ဒုတိယ ကမာ်ဘစစ်ကြီး ဖြစ်ပွားလာသော အခါ စစ်ပြေးရင်း စဉ့်ကိုင်မြို့နယ် ဧည့်ပြရွာ၌ (၂၉ – ၄ – ၁၉၄၅) နေ့တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန် သွားခဲ့ရှာပါသည်။ သူသေတော့ သူ့အသက်က ၄၂ နှစ်မှသြာ ရှိသေးသည်။
လေဘာတီ မမြရင် နှင့် နန်းတော်ရှေ့ဆရာတင်
နန်းတော်ရှေ့ ဆရာတင်နှင့် လေဘာတီ မြရင်ကို လမိုင်းကပ်သည်ဟု ဆိုသော်ရ၏။ အဘယ်ကြောင့် ဆိုသော် ဆရာတင် ရေးပေးသော သီချင်းကို လေဘာတီ မြရင် ဆိုလိုက်သည်နှင့် အောင်မြင် ကျော်ကြား လူကြိုက်များ သွားတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း အခြားသော မင်းသမီးများက ဆရာတင်အား (လေဘာတီ မြရင် အတွက် သီချင်းရေးရင် သူများတွေ အတွက် ရေးတာနဲ့ မတူဘူး၊ စေတနာကို ပိုးလွန်းတယ်) ဟုပင် ခနဲ့တဲ့တဲ့ လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဆရာတင်ကတော့ တဟဲဟဲ ရယ်လျက်။
ဆရာတင်ကလည်း သီချင်းကို အာမခံနှင့် ရေးသူဖြစ်၏။ သူ့သီချင်းကို သီဆိုပြီး ကလျှင် ထို မင်းသမီး နာမည် ကျော်စေရမည်။ သူ့သီချင်း မကျော်ခဲ့လျှင် ပိုက်ဆံ တပြားမှ မပေးနဲ့ဟု ရဲရဲ ကြီး အာမခံတတ်သည်။ အာမခံသည့် အတိုင်းလည်း မင်းသမီး အတော်များများမှာ သူ့သီချင်း ဆိုပြီး ကျော်သွား ခဲ့ကြသည်သာ ဖြစ်၏။ မမြရင်ကိုလည်း ဆရာတင်ကပင် (မင်း နာမည် ကျော်ချင်ရင် မန္တလေး လာခဲ့) ဟု သူကိုယ်တိုင် ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဆရာတင် မသေမီက ပြောသွား ခဲ့ဖူးသည်။
ဤမျှသာ မကသေး။ မမြရင်ကို ခိုးပြေးဖို့ ကြိုးစား ခဲ့သေးကြောင်း မမြရင် အမေကြီး တွေ့သွား၍ ပခုံးပေါ် ထမ်းလာသော မမြရင်ကို ပြန်ချ ထားခဲ့ရကြောင်း စသည်ဖြင့် ဆရာတင် မသေမီက ပြောပြတတ် သေးသည်။ သို့သော် အများစုက ထိုစကားကို မယုံကြ။ (သူ့ဗလနဲ့လား လေဘာတီ မြရင်ကို ထမ်းနိုင်မှာ) ဟု ဆိုကြသည်။ မည်သို့ပင် ဖြစ်စေ၊ လေဘာတီ မြရင်နှင့် ဆရာတင်တို့ နှစ်ဦး အထူးတလည် ခင်မင် ရင်းနှီးသည့်ကတော့ အမှန်ပင်။ ခင်မင် ရင်းနှီးရုံ သာမက၊ မမြရင်မှာ ဆရာတင်၏ ညှဉ်းဖတ် မင်းသမီးပင် ဖြစ်ခဲ့ရသေးသည်။ ဆရာတင် ငွေလိုတိုင်း မမြရင်ထံ လက်ဝါး လာဖြန့်တတ်သည်။ မပေးမချင်း မပြန်။ ငွေရတော့လည်း ပြန်ပေးချင်မှ ပေးသည်။ မမြရင်ကလည်း ကိုယ့်ဆရာဖြစ်သည့်အတွက် လိုအပ်သောအခါ ထောက်ပံ့ခြင်းဖြစ်သည်။
ဆရာတင် သီချင်းနှင့် လေဘာတီ မြရင် အဆိုတို့ လူကြိုက်များ အောင်မြင်ခဲ့ခြင်းမှာ ဆရာတင် တယောက်တည်း အရေးအစပ် ကောင်း၍ချည်း မဟုတ်။ မမြရင်၏ အသံ မမြရင်၏ အဆိုကလည်း မည်သူမျှ လိုက်မမီနိုင်အောင် ကောင်းလွန်းသောကြောင့် ဖြစ်သည်။ မမြရင် အသံက အသံဝါ ဖြစ်၏။ ဆွဲတိုင်းရ၏။ ဟစ်တိုင်း ပေါက်၏။ ဘယ်သံ၊ ညာသံ လိုသလို ကူးနိုင်၏။ သူ့ခေတ်တုန်းက ယခုလို အသံချဲ့စက်တွေ မပေါ်သေး။ ပွဲခင်း တခုလုံးရှိ ပရိသတ်များ အားလုံးကြားအောင် ကြိုးစား ပမ်းစား ဆိုရ၏။ မမြရင် သီချင်း ဟစ်လိုက်လျှင် အခြားပြိုင်က နေသည့် ဇာတ်ပွဲ အငြိမ့်ပွဲဆီမှ ပရိသတ်များပါ သူ့ထံ ရောက်လာကြတော့သည်။
မမြရင်၏ အသံ၊ မမြရင်၏ အဆိုနှင့် ပတ်သက်၍ ဂီတမယ် လှကလေးစိန်က “မမရင် အသံက မြည်လည်း မြည်တယ်၊ ပီလည်း ပီတယ်၊ သာလည်း သာတယ်၊ ကြည်လည်း ကြည်တယ်၊ ဆိုတဲ့ နေရာမှာလည်း စာပေါင်ပဲ့တယ်၊ လျှာကိုက် နာတယ်၊ အာစောက်လည်း ရှိတယ်၊ အသံမြေကျလည်း သာတယ်၊ အဝေးကြား သိပ်ကောင်းတာဘဲ၊ မင်းသမီး ဆိုတာ အချို့က အသံပါးလို့ မအော်နိုင်ကြဘူး၊ ဉာဏ်ကွန့်ပြီး အလိမ္မာဖက် ဆိုကြရတယ်၊ မမရင်တို့ ကျတော့ လွှတ်ပြီး အော်ဆိုတဲ့ အခါ အဝေးကြီးကလည်း ကြားရတယ်၊ အင်မတန်မှလည်း သာယာတယ်၊ တကယ့်ကို ပါရမီ ရှိသူပါ” ဟု ပြောကြား သွားခဲ့သည်။ ထို့ကြောင့်လည်း မန္တလေး အမျိုးသား ကဇာတ်ရုံရှေ့ရှိ လေဘာတီ မြရင် ကြေးရုပ်တု အောက်ခြေတွင် (အသံ မင်းသမီး) ဟု မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်လေသည်။
လေဘာတီမမြရင် နှင့် ရွာစားကျော်ကြီး စိန်ဗေဒါ
နေမျိုးဗလ ကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ၏ အတီးနှင့် လေဘာတီ မြရင်၏ အဆို အက တွဲလိုက်လျှင် ကောင်းသည်ထက် ပိုကောင်း သွားတော့သည်ဟု သဘင်နယ်တွင် ပြောစမှတ် ဖြစ်ခဲ့သည်။ သို့သော် သူတို့ နှစ်ယောက်စလုံးက ထိပ်သီး ပညာရှင်များ ဖြစ်သည့် အလျောက် ပွဲကြေးက ကြီးလှ၏။ ထို့ကြောင့် ငှားနိုင်သူက ခပ်ရှားရှား။ သို့တိုင် သူတို့ နှစ်ယောက်စလုံး၏ အဆို၊ အတီး၊ အကကို အလကား ကြည့်ရသော ပွဲတပွဲက မန္တလေးတွင် ရှိခဲ့၏။ ထိုပွဲက မန္တလေး လက်ဆည်ကန်ယပ်ဝင်း ဘုရားပွဲ ဖြစ်၏။
ယပ်ဝင်းဘုရားပွဲကို စိန်ဗေဒါကြီးက နှစ်စဉ် အလကား လာ၍ တီးပေး၏။ မန္တလေး မြို့ပေါ်ရှိ နာမည်ကြီး အငြိမ့် မင်းသမီးများ၊ လူရွှင်တော်များကလည်း ကိုယ့်စရိတ်နှင့် ကိုယ်လာပြီး ကူကြ၏။ ကြည့်ရခဲသော အငြိမ့်ညွန့်ပေါင်းပွဲ ဖြစ်၍ ပရိသတ်ကလည်း ကြိတ်ကြိတ်တိုး နေ၏။ ပွဲကသည့်အခါ မျက်နှာကြီးငယ် မလိုက်စတမ်း ဆိုပြီး မင်းသမီးများကို မဲချ၍ ထွက်စေ၏။ နာမည်ကြီး မင်းသမီးများ စောစော မဲပေါက်သွားခဲ့သော် သူ့နောက်မှ ထွက်ရသည့် မင်းသမီးများခမျာ ကြည့်မည့်သူ မရှိတော့ပြီ။ ထို့ကြောင့် ပြည်သူချစ်သော လေဘာတီ မြရင် တယောက်ကိုကား နောက်ချန်ပြီး မဲလိပ် ချပေးရလေသည်။
အခြားသော မင်းသမီးများမှာ မဲကျ၍ ထွက်ကရသော်လည်း စိန်ဗေဒါကြီးကို အရှိန်နှင့် လန့်နေတတ်ကြသည်။ မမြရင်ကတော့ တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရနှင့် သူ့အလှည့်ကို ထိုင်စောင့် နေတတ်သည်။ ပြည့်သည့်အိုးမို့ ဘောင်ဘင် မခတ်တော့။ သူ့အလှည့်ရောက်သည်နှင့် “မြရင်လေး ကျွန်မ ခေါ်သံလိုလို၊ လေဘာတီကလေး … ကျွန်မ ခေါ်သံလိုလို” ဟူသော သီချင်းလေးနှင့် ပရိသတ်ကို ထ၍ နှုတ်ဆက်သည်။ စိန်ဗေဒါကြီးကိုလည်း ဦးချသည်။ ပရိသတ်များ မီးကို ရေနှင့် ဖြန်းလိုက်သလို ငြိမ်ကျသွား၏။ မမြရင် အသံက ပွဲကြည့်သူတိုင်း၏ နှလုံးသားကို စောင့်ကြည့်ရကျိုး နပ်သွားစေ၏။ စိန်ဗေဒါကြီးက အားရသော အပြုံးဖြင့် ဆိုင်းဝိုင်းထဲမှ ပတ်လုံးကလေးများကို အသံစမ်းပြလျက်။
နောက်ပိုင်းတွင် စိန်ဗေဒါကြီးသည် ဆိုင်းတီးရုံမှနြှင့် အားမရတော့။ သူကိုယ်တိုင် ဆိုတီး တီးပြီး မမြရင်ကို ကစေသည်။ သဘင်လောကမှ ထိပ်သီး နှစ်ယောက် မီးကုန် ယမ်းကုန် ကြဲကြသော ပွဲကောင်းတပွဲ ဆိုလျှင် မမှား။ မမြရင်ကလည်း စိန်ဗေဒါကြီး တီးချင်သလောက် တီးစမ်း – ကလိုက်စမ်း မဟဲ့ဆိုသော ဇွဲနှင့် ပညာကုန် ကသည်။ စိန်ဗေဒါကြီးကလည်း ရှိသမျှ ပညာစွမ်းတွေ အကုန်ထုတ်ပြီး တီးသည်။ လူရွှင်တော်တွေကလည်း မမြရင်ကို စလိုက်၊ စိန်ဗေဒါကြီးကို နောက်လိုက်၊ ပွဲကြည့်သူများကို ကလိလိုက်နှင့် အူမြူး နေကြတော့သည်။ ပွဲကြည့် ပရိသတ်များမှာ အသက်ရှူတို့ပင် မေ့နေသည့် အလား။ တုတ်တုတ်မျှမလှုပ်ကြ။ ဒီလိုပွဲမျိုး ကြုံရခဲသည် မဟုတ်ပါလား။
စိန်ဗေဒါကြီးနှင့် မမြရင်မှာ ဤလို ပျော်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုး ကြုံခဲ့ရသလို၊ စိတ်ပျက်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုးကိုလည်း ရင်ဆိုင် ခဲ့ကြရသေးသည်။ တခါက ကြေးရတတ် တဦးက တံခွန်တိုင် အလှူပွဲသို့ လိုက်ပါ တီးပေးရန် စိန်ဗေဒါကြီးကို ငှားသည်။ လေဘာတီ မြရင်ကိုလည်း ခေါ်ခဲ့ပါ ဆို၍ စိန်ဗေဒါက မမြရင်ကိုပါ ခေါ်လာခဲ့သည်။ ညပွဲတီးပြီး၍ ပွဲသိမ်းသော အခါ အလှူရှင်က မနက်ဖြန် မနက်ပိုင်းမှာလည်း တီးပေး ဆိုပေး ကပေးပါဦး၊ တဝက်ကြေး ပေးပါမည်ဟု ဆိုသည်။
စိန်ဗေဒါက မမြရင်နှင့် လူရွှင်တော်များကို ဘယ်လိုသဘော ရသလဲဟု မေးသည်။ အားလုံးက ဆရာ့ သဘောပါဟု ပြန်ပြောကြသည်။ ဤတွင် စိန်ဗေဒါက၊ (အခုလို တဝက်ကြေးနဲ့ ခိုင်းတာကို တို့လက်ခံလိုက်ရင် နောက်တော့ တရားနာ အပြီး ကပေးရင် ငါးကျပ်၊ နောက်တော့ ငါးမတ်၊ နောက်ခြောက်မူး ဆိုတာမျိုး ဖြစ်ကုန်လိမ့်မယ်၊ တို့ပညာရဲ့ တန်ဖိုးတော့ အချမခံနိုင်ဘူး၊ မနက်ဖြန် ပွဲမအားဘူးလို့ပဲ ပြောကြ) ဟုဆိုကာ မကဘဲပြန် လာခဲ့ကြလေသည်။ စိန်ဗေဒါကြီးနှင့် မမြရင်တို့မှာ တော်သလောက်၊ ကျော်သလောက် မိမိပညာကို ဤသို့ တန်ဖိုး ထားကြသူများ ဖြစ်ပါသည်။
ကိုးကား
လေဘာတီ မမြရင် – တင်နိုင်တိုး
အငြိမ့်မင်းသမီးကြီး လေဘာတီ – မောင်မောင်(ဥပဒေ)
ဘိုကလေးတင့်အောင်