ကမ္ဘာပေါ်မှာ Crocodile, Alligator နဲ့ Gharial ဆိုပြီး အဓိက မိကျောင်းမျိုးစိတ် ၃ မျိုးရှိပါတယ်။ ဒီအထဲမှာ မိကျောင်းခေါင်းရှည်(Crocodile) ၊ မိကျောင်းခေါင်းတို (Alligator) တို့ရဲ့ အကြောင်းကို တော်တော်များများ သိထားကြပြီးပါပြီ။ Gharial ဆိုတဲ့ နှုတ်သီးရှည်မိကျောင်းမျိုးကတော့ တခါတရံသာ မြင်တွေ့ရတာကြောင့် လူသိနည်းတဲ့ မိကျောင်းမျိုးလို့ ဆိုနိုင်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေတွေကို အဲဒီ Gharial မိကျောင်းတွေအကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။
Gavialidae မိကျောင်းမျိုးစိတ်ထဲမှာပါဝင်တဲ့ ဒီမိကျောင်းတွေရဲ့ သိပ္ပံနာမည်က Gavialis gangeticus ဖြစ်ပါတယ်။ ရေချိုဒေသ သဲသောင်တွေ နဲ့ မြစ်ကမ်းစပ်တွေ ၊ ရေစီးသန်တဲ့ မြစ်တွေထဲမှာ ကျင်လည်ကျက်စားတတ်တဲ့ မိကျောင်းမျိုးဖြစ်ပြီး တချိန်ကတော့ အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ ဒီမိကျောင်းတွေ ရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ မူလရှိခဲ့တဲ့နေရာတွေရဲ့ ၂% မှာသာ နေထိုင်ကြတော့ပြီး အဓိကရှားပါးလာတဲ့အကြောင်းရင်းကတော့ ကမ်းတိုက်စားမှုကြောင့်နေစရာ စားစရာ ရှားပါးလာသလို ၊ တံငါသည်တွေရဲ့ပိုက်ကွန်တွေမှာ မကြာခဏအဖမ်းခံရမှုတွေကြောင့်ဖြစ်ပါတယ်။ ဒီမိကျောင်းကောင်ရေဟာ ၁၉၃၀ ကစလို့ တဖြည်းဖြည်းလျှော့နည်းလာခဲ့ပြီး အခုအချိန်မှာတော့ မျိုးတုံးသွားနိုင်တဲ့ မျိုးစိတ်တစ်ခု အဖြစ် ထည့်သွင်းသတ်မှတ်ခံထားရပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသတွေမှာပဲ တွေ့ရပါတော့တယ်။
ဂါရီရယ်မိကျောင်းတွေရဲ့ပုံမှန် ခန္ဓာကိုယ်အလျား ကတော့ ၁၁ပေကနေ ၁၅ပေ အတွင်းဖြစ်ပြီး တချို့တလေကတော့ ပေ ၂၀ နီးပါးအထိ ရှည်လျားကြပါတယ်။ အလေးချိန်အားဖြင့်တော့ ၃၅၀ပေါင်ကနေ ၅၅၀ပေါင်အထိ ရှိနိုင်တဲ့ မိကျောင်းတွေပါ။
အရောင်အားဖြင့် သံလွင်ဖျော့/ရင့် ရောင် ရှိပြီး ဝမ်းဗိုက်ခြမ်းကတော့ အဝါရောင်သမ်းနေတဲ့အဖြူရောင် ဖြစ်ပါတယ်။ သူတို့တွေဟာ ရှည်လျားပြီး သေးငယ်တဲ့နှုတ်သီးတွေကိုပိုင်ဆိုင်ထားပြီး အဲဒီတလျှောက်မှာ ချွန်မြတဲ့သွားပေါင်း ၁၀၀ ကနေ ၁၁၀ကြားအထိ ရှိနေပါတယ်။
ဒီမိကျောင်းတွေမှာ အထီးနဲ့ အမကွာခြားချက်ကတော့ အထီးတွေရဲ့နှုတ်သီးအဖျားမှာ ဘုလုံးတစ်ခုပါနေတာပါ။ အဲဒါကိုပဲ အိန္ဒိယအိုးတစ်အိုးဖြစ်တဲ့ ghara အိုးနဲ့တူလို့ ဒီမိကျောင်းတွေရဲ့အမည်ကို gharial လို့ခေါ်ခဲ့ကြခြင်းဖြစ်ပါတယ်။ အဲဒီဘုလုံးဟာ တဝီဝီနဲ့ ရှုးရှဲမြည်သံထွက်ကာ မိတ်လိုက်ရာသီမှာ မိကျောင်းအမတွေကို ဆွဲဆောင်နိုင်ပါတယ်။
gharial မိကျောင်းတွေဟာ အများအားဖြင့် ရေထဲမှာပဲနေလေ့ရှိပြီး နေပူဆာလှုံချိန် နဲ့ ဥဥချိန်မှ မြစ်ကမ်းစပ်တွေကို တက်လာလေ့ရှိပါတယ်။ ဒီမိကျောင်းတွေရဲ့ ခြေလက်တွေဟာ တိုပြီး အားနည်းတာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ကို မထမ်းထားနိုင်ပေမယ့် ရှေ့ကိုသွားစေဖို့အတွက်တော့ တွန်းပေးနိုင်ပါတယ်။ ဒါကြောင့်သူတို့ ကုန်းပေါ်မှာရွှေ့လျားတဲ့အခါမျိုးမှာ အခြားမိကျောင်းတွေလို ခြေလက်တွေပေါ် အဓိက အားကိုးသွားတာ မဟုတ်ပဲ ဝမ်းဗိုက်ကိုအပြားလိုက်ချပြီး ခြေလက်တွေနဲ့ယက်ပြီး သွားတာဖြစ်ပါတယ်။
သူတို့တွေဟာ အသားစားသတ္တဝါတွေဖြစ်ပြီး သူတို့ရဲ့အဓိက အစားအစာက ငါးတွေဖြစ်ပါတယ်။ မိကျောင်းငယ်လေးတွေကတော့ အင်းဆက်ပိုးမွှား နဲ့ ဖားတွေကို စားလေ့ရှိပါတယ်။ သူတို့ရဲ့သားကောင်ကို တိတ်တဆိတ်နဲ့ စောင့်ဆိုင်းချဉ်းကပ်ကာ လက်လှမ်းမီတဲ့အကွာဝေးရောက်တဲ့အခါ ရှည်လျားတဲ့ နှုတ်သီးဖျားနဲ့ လျှင်မြန်စွာ ဖမ်းယူစားသောက်ပစ်လိုက်ပါတယ်။
Gharial မိကျောင်းတွေဟာ အများအားဖြင့် တစ်ကောင်ချင်းစီ နေတတ်တဲ့ မိကျောင်းမျိုးဖြစ်ပြီး နေပူဆာလှုံချိန်နဲ့ မိတ်လိုက်ချိန်မှသာ စုပေါင်းနေထိုင်တတ်ကြပါတယ်။ ဒီဇင်ဘာလကနေ ဇန်နဝါရီလအထိဟာ သူတို့ရဲ့ မိတ်လိုက်ချိန်ဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ အထီးတွေဟာ သူတို့ရဲ့ပိုင်နက်ကိုခွဲခြားထားပြီး ကျူးကျော်လာရင် ရန်မူတတ်ပါတယ်။ ချစ်ခြင်းကိုပြတဲ့အနေနဲ့ မိကျောင်းအထီး နဲ့ အမတွေဟာ သူတို့ရဲ့ဦးခေါင်း ၊ နှုတ်သီးအချင်းချင်း ပွတ်တိုက်ကြပါတယ်။
ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် မိကျောင်းအမတွေဟာ သဲမြေပေါ်မှာ ကျင်းတူးပြီး ဥပေါင်း ၂၀ ကနေ ၁၀၀ လောက်အထိ ဥချတတ်ကြပါတယ်။ မိကျောင်းအမဟာ သူ့ဥတွေကို တောကြောင် ၊ မြွေပါတို့ရဲ့ ရန်ကနေ ကာကွယ်နိုင်ဖို့ ဥပေါက်ချိန်အထိ စောင့်ကြပ် ကာကွယ်လေ့ရှိပါတယ်။
Gharial မိကျောင်းဥတွေဟာ တခြားမိကျောင်းတွေထက်ပိုကြီး ပိုလေးကာ ၆အောင်စခန့်အထိ ရှိပါတယ်။ ဥပေါက်တဲ့ဖြစ်စဉ်ကတော့ ရက်ပေါင်း ၇၀ကနေ ၉၀ အထိကြာတတ်ပြီး ဥပေါက်တဲ့အခါ အမေမိကျောင်းမကြီးဟာ ဥတွေကောင်းမွန်စွာပေါက်လာပြီး အကောင်ငယ်လေးတွေရေထဲရောက်စေဖို့ ကူညီပေးပါတယ်။ မိကျောင်းအကောင်ပေါက်ကလေးတွေဟာ မိခင်နဲ့အတူ လအနည်းငယ်အထိ နေတတ်ကြပါတယ်။
ဒီမိကျောင်းတွေရဲ့အရွယ်ရောက်ချိန်ကတော့ အမတွေဟာ ၇နှစ်နဲ့ ၁၀နှစ်ကြားဖြစ်ပြီး အထီးတွေကတော့ ၁၃ နှစ် နဲ့ ၁၅နှစ်ကြားဖြစ်ပါတယ်။ Gharial မိကျောင်းတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကနေ ၆၀ အတွင်းဖြစ်ပါတယ်။