ကြယ်ပြာကမ်းခြေ
အမှတ်တမဲ့ကြည့်မယ်ဆိုရင်တော့ တကယ့်အစစ်လို့ထင်မှာ မဟုတ်ပဲ ပိုတိုရှော့ ဒါမှမဟုတ် ရုပ်ရှင်ထဲကလို့ထင်ကြမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေရာဟာ မော်လဒိုက်နိုင်ငံ ကမ်းခြေမှာ တကယ်ရှိတဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။
ဒီလိုကမ်းခြေသဲပြင်ရေစပ်မှာ ကြယ်ပြာလေးတွေ တလက်လက်တောက်ပနေသလိုဖြစ်နေရခြင်းအကြောင်းကတော့ အလွန်သေးငယ်တဲ့ bio-luminescent phytoplankton လေးတွေကြောင့်ပါတဲ့။
ဒီအခြေအနေဟာ အမြဲတမ်းတော့ဖြစ်နေတာ မဟုတ်ပဲ ကံကောင်းတဲ့သူတွေဟာ ဒီလိုအခြေအနေနဲ့ကြုံနိုင်တာဖြစ်ပါတယ်။
ကြုံဖူးတဲ့သူတွေကတော့ ဒီလိုအခါမျိုး အဲဒီနေရာမှာ လမ်းလျှောက်ရတာဟာ မှော်ဆန်လှပြီး အလွန်ကြည်နူးဖို့ကောင်းတယ်လို့ ဆိုကြပါတယ်။ ကိုယ့်ချစ်သူနဲ့ အတူတူ ဒီနေရာမှာ လမ်းမလျှောက်ချင်ဘူးလား 🙂
သရဲသစ်ပင်များ
သရဲတစ္ဆေသစ်ပင်တွေလို့ တင်စားခေါ်ဝေါ်ခံရတဲ့သစ်ပင်တွေကတော့ ပါကစ္စတန် Sindh ပြည်နယ်မှာရှိတဲ့သစ်ပင်တွေဖြစ်ပါတယ်။
ကြောက်ဖို့ကောင်းတဲ့ ပုံသဏ္ဍာန်ကြောင့် သရဲသစ်ပင်တွေလို့ခေါ်နေကြတာဖြစ်ပြီး တကယ်တမ်းတော့ ဒါတွေဟာ ထူထပ်ကြီးမားလွန်းတဲ့ပင့်ကူအိမ်တွေသာဖြစ်ပါတယ်။
အဲဒီနေရာမှာရေကြီးစဉ်က သိန်းပေါင်းများစွာသော ပင့်ကူတွေဟာ သစ်ပင်ပေါ်ကိုတက်ကာ ပင့်ကူအိမ်တွေဖွဲ့တာကြောင့် အခုလိုသစ်ပင်တွေဖြစ်သွားရတာပါ။
Lencois Maranhenses ဥယျာဉ်နယ်မြေ
ဒီနေရာကတော့ ဘရာဇီးနိုင်ငံ Maranhãoပြည်နယ်မှာရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သဲမြေထူထပ်တာကြောင့် သဲကန္တာရတစ်ခုလို့ ထင်ရပေမယ့် ပုံမှန်သဲကန္တာရတစ်ခု မဟုတ်ပါဘူး။
ဒီနေရာဟာ မိုးအလွန်များတဲ့နေရာတစ်ခုဖြစ်ပြီး မိုးရွာတဲ့အခါမျိုးမှာ သဲမြေချိုင့်တွေထဲမှာ ကြီးမားတဲ့ ကန်တွေသဖွယ်ဖြစ်နေတတ်ပါတယ်။
ဒီလို သဲကန္တာရထဲမှာ ရေကန်တွေရှိနေရခြင်းကိုက ဒီနေရာရဲ့ ထူးခြားချက်ဖြစ်ပါတယ်။
ခရီးသွားတွေဟာ အဲဒီနေရာက ရေထဲမှာ ရေကူးရတာကို အလွန်နှစ်သက်ပြီး သဲကုန်းပြင်တွေ ၊ ကြည်လင်တဲ့ရေတွေဟာ ကောင်းကင်နဲ့ ပနံ့ရလှပနေတဲ့နေရာလည်းဖြစ်ပါတယ်။
Tianzi တောင်များ
ဒီနေရာကိုတော့ တရုတ်သိုင်းကားတွေ နဲ့ Avatar လို ကားတွေထဲမှာ မြင်ဖူးကြပါလိမ့်မယ်။
နက်ရှိုင်းတဲ့ချောက်တွေနဲ့ ထူးခြားပြီး မိုးထိတမျှမြင့်မားတဲ့ ကျောက်ဆောင်ကြီးတွေဟာ ဒီနေရာရဲ့ အလှဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာတည်ရှိတဲ့ Tianzi တောင် နဲ့ သစ်တောဖြစ်ပါတယ်။
အစကတော့ သွားချင်ကြပေမယ့် ခက်ခဲတာကြောင့် သွားလို့မရတဲ့နေရာတစ်ခုဖြစ်ခဲ့ပြီး ယခုအခါမှာတော့ ကေဘယ်ကားတွေပေါ်နေပြီဖြစ်တာကြောင့် ရင်သပ်ရှုမောရတာကိုကြိုက်တဲ့ခရီးသွားတွေ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။
အချစ်ဥမင်လှိုဏ်ခေါင်း
ရိုမန်တစ်ဆန်ချင်တဲ့သူတွေကြားမှာတော့ Tunnel of Love လို့တင်စားခေါ်ဝေါ်တဲ့ဒီနေရာဟာ အလွန်ရေပန်းစားပါတယ်။
ယူကရိန်းနိုင်ငံ Klevan နယ်မြေမှာတည်ရှိတဲ့ ဒီနေရာဟာ ၃ကီလိုမီတာ ရှည်လျားတဲ့ ရထားလမ်းတ်ခုဖြစ်ပြီး စိမ်းစိုလန်းဆန်းတဲ့အပင်တွေကြောင့် အစိမ်းရောင်ဥမင်တစ်ခု သဖွယ်ဖြစ်နေရခြင်းပါ။
ဒီအပင်တွေဟာ ရာသီဥတုအလိုက်အရောင်ပြောင်းတတ်ပြီး တခါတရံ အဝါရောင် ၊ တခါတရံ အနီရောင်စသည်ဖြင့် ပြောင်းတတ်ပါတယ်။
ဘယ်အရောင်မှာ ဖြစ်ပါစေ ဒီနေရာရဲ့ လှပမှုကတော့ မပြောင်းလဲသွားတဲ့ စုံတွဲတွေ အတူတွဲကာလမ်းလျှောက်ချင်လှတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။