ပြတိုက်တွေဟာ သမိုင်းသုသေသနဆိုင်ရာ ပညာရပ်တွေ၊ သိပ္ပံနည်းပညာနဲ့ ဆက်နွယ်နေတဲ့အရာတွေနဲ့ ခေတ်အဆက်ဆက် ဒေသ အသီးသီးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တစ်စုစည်းထဲထားရှိရာအရပ်ဖြစ်တာ ကြောင့် လာရောက်လေ့လာသူတွေရဲ့ အချိန်တွေကိုအကျိုးရှိစေပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်တည်မှုမျိုးစုံကိုလိုက်ပြီး စာပေ၊ဓာတ်ပုံမှတ်တမ်း၊သက်သေခံပစ္စည်းတွေနဲ့ အတိတ် ကိုပြန်လည်ဖော်ဆောင်ထားတဲ့ ပြတိုက်ထောင်ပေါင်းများစွာရှိသလို နှောင်းလူတို့ရဲ့ ပန်းချီ၊ပန်းပု၊ ကျောက်ဆစ်ပညာစတဲ့ ရှေးဟောင်းအနုသုခုမယဉ်ကျေးမှုကို လှစ်ဟပြနေ တဲ့အနုပညာပြခန်းတွေလည်း များစွာရှိနေတာကိုတွေ့ရပါတယ်။
ယင်းတို့အနက်ကမှ The Louvre, Tate Modern, Uffizi Gallery နဲ့ Guggenheim စတဲ့ပြတိုက်တွေဟာ နာမည်ကျော်ကြားပြီး နေ့စဉ်လာရောက်လေ့လာသူ ထောင်နဲ့ချီပြီး ရှိနေပါတယ်။ ဒါပေမဲ့ တည်ဆောက်ပုံဒီဇိုင်းအပါအဝင် များစွာသော သမိုင်းရဲ့သိုမှီးရာ နေရာအဖြစ်ရှိနေတဲ့ ပြတိုက်တွေလည်းကမ္ဘာပေါ်မှာ ရှိလို့နေပြန်ပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်က လူသိပ်မသိသေးတဲ့ ထူးဆန်းဖွယ် ပြတိုက်(၁၀)ခုရဲ့ အကြောင်းအရာ အချို့ပဲဖြစ်ပါတယ်။
(၁၀) Hair Museum
တူရကီနိုင်ငံ၊ Avanos မြို့ငယ်လေးမှာတော့ ဆံပင်ပြတိုက်တစ်ခုတည်ရှိပါတယ်။ ဒီလို ပြတိုက်မျိုးဟာ ထူးခြားပြီးကမ္ဘာပေါ်မှာ များများစားစားမရှိပါဘူး။ ပြတိုက်ရဲ့တည်နေရာ ကတော့ မြေအိုးရောင်းတဲ့ဆိုင်တစ်ခုရဲ့ မြေအောက်ခန်းမှာဖွင့်လှစ်ထားတာဖြစ်ပြီး လွန်ခဲ့ တဲ့နှစ်ပေါင်းများစွာက လူသားတွေရဲ့ဆံပင်တွေကိုစုဆောင်းထားတာဖြစ်ပါတယ်။ ဒီပြတိုက်ကိုတည်ထောင်သူကတော့ ဆံသပညာရှင်တစ်ယောက်ဖြစ်တဲ့ Chez Galip ဖြစ်ပြီး အမျိုးသမီးပေါင်း(၁၆၀၀၀)လောက်ဆီက ဆံခွေတွေကို စုဆောင်းပြီး ဆံပင်ပြ တိုက်ကိုတည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။
(၁၉၇၀)လောက်မှာတော့ Chez Galip ရဲ့အရင်းနှီးဆုံးသူချင်းဟာ Avanos မြို့လေးကနေ အပြီးသတ်ထွက်ခွာဖို့ပြင်ဆင်နေချိန် မှာ အမှတ်တရအဖြစ် ဆံခွေလိပ်လေးပေးရာကနေ ဒီဆံပင်တွေကိုစုစည်းရတဲ့အခြေအနေကိုရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒီမှာရှိတဲ့ ဆံပင်တွေဟာ ကမ္ဘာတစ်ဝှမ်းလုံး ကအမျိုးသမီးတွေရဲ့ ဆံနွယ်တွေဖြစ်ပြီး အရောင်အသွေးအမျိုးမျိုးလည်းရှိပါတယ်။ ဆံပင်တွေမှာတော့ ပိုင်ရှင်ရဲ့အမည်၊လိပ်စာ၊ တွေပါဝင်ပြီးပြတိုက်ရဲ့ နေရာအနှံ့မှာ ချိတ် ဆွဲထားရှိပါတယ်။ လာရောက်လေ့လာသူတွေအနေနဲ့ သူတို့ရဲ့ဆံပင်တွေကို လှူဒါန်း လိုပါက လှူဒါန်းနိုင်ပြီး ၊လှူဒါန်းသူတွေအနေနဲ့တော့ တစ်နှစ်မှာ(၂)ကြိမ်လောက် ထိုက်သင့်တဲ့ငွေကြေးထောက်ပံ့မှုကို ပြတိုက်တာဝန်ရှိသူတွေက ပြန်လည် စီစဉ်ပေးပါ တယ်။
(၉) Icelandic Phallological Museum
အိုက်စလန်နိုင်ငံဟာ ယခင်ကတည်းက သမိုင်းအမွေအနှစ်များစွာရှိတဲ့ နိုင်ငံဖြစ်လို့ သမိုင်းဝင်ပြတိုက်များစွာရှိနေပါတယ်။ ဒါပေမဲ့ Icelandic Phallological Museum ကတော့ အတော်ကိုထူးဆန်းနေပြီး ကမ္ဘာပေါ်မှာတစ်ခုတည်းသောရှိတဲ့ ပြတိုက်အဖြစ် လည်းသတ်မှက်နိုင်ပါလိမ့်မယ်။ အကြောင်းကတော့ ပြတိုက်တစ်ခုလုံး ပြသထားတဲ့ အရာတွေဟာ အထီးလိင်အဂါၤတွေပဲဖြစ်နေလို့ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ နို့တိုက်သတ္တဝါအုပ် စုဝင်တွေရဲ့ အထီးသဘာဝလိင်အင်္ဂါ ပုံစံအမျိုးစုံကို တစ်နေရာတည်းမှာပဲ အစုံအလင် ပြသထားခြင်းဟာ ဇီဝဗေဒဆိုင်ရာနဲ့ဆေးပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်အားလုံးရဲ့ တစ်စိတ်တစ်ဒေသအတွက်ဖြစ်တယ်လို့ ပြတိုက်ရဲ့ တရားဝင် Website ကနေကြေငြာ ထားတာတော့ရှိပါတယ်။
ပြတိုက်အတွင်းမှာတော့ ဝေလငါး၊ပင်လယ်ဖျံ၊ပိုလာဝက်ဝံ၊ အခြားသောကုန်းနေ နို့တိုက်သတ္တဝါ (၂၀)လောက်ရဲ့ အထီးလိင်အင်္ဂါတွေကို ပြသထားတာကိုတွေ့ရမှာပါ။ ယင်းတို့အနက်မှာတော့ ဖန်လှောင်အိမ်အတွင်းထည့်ထားတဲ့ ဝေလငါးရဲ့အထီး လိင်အင်္ဂါနမူနာဟာ (၆၇)လက်မနဲ့ အကြီးဆုံးအဖြစ်တွေ့ရမှာဖြစ်ပြီး လာရောက်လေ့လာ သူတွေအနေနဲ့ သေဆုံးပြီးချိန်မှာတော့ မိမိရဲ့လိင်အင်္ဂါနမူနာကိုလှူဒါန်းလိုပါက လှူဒါန်းနိုင်တာကိုလည်း တွေ့ရပါတယ်။ ဒါအပြင် အရွယ်အစားကြီးမားတဲ့ နို့တိုက်သတ္တဝါတွေရဲ့ ကြီးမားတဲ့ ကာပယ်အိတ် နမူနာ ပုံစံကို မီးအုပ်ဆောင်းပုံစံခင်းကျင်းပြသထားပြီး ကလေးကစားစရာအရုပ်နဲ့ပရိဘောဂ ပစ္စည်းတွေနဲ့လည်း ဆက်နွယ်ပြီးယှဉ်တွဲပြသထားတာကို တွေ့နိုင်ပါတယ်။
(၈) Toilet Museum
ကမ္ဘာပေါ်မှာတော့ တောင်ကိုရီးယားနိုင်ငံဟာ အများပိုင်နားနေခန်း၊အိမ်သာတွေ အများဆုံးထားရှိ ပေးထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Mr.Toilet House လို့သိကြတဲ့ Haewoojae ပြတိုက်ဟာ ပြတိုက်တစ်ခုလုံးကို အိမ်သာနဲ့ အိမ်သာသုံးပစ္စည်းတွေကို အနုပညာမြောတ်ပြသထားပြီး တောင်ကိုရီးယားနိုင်ငံ စူဝမ်မြို့မှာတည်ရှိပါတ.ယ်။ ဒီအဆောက်အအုံကိုတည်ဆောက်ခဲ့သူကတော့ စူဝမ်မြို့တော်ဝန်ဟောင်း Sim Jae duck ဖြစ်ပြီး သန့်စင်တဲ့မိလ္လာစနစ်ပါတဲ့ အိမ်သာတွေကိုအသုံးပြုစေဖို့နဲ့ သူကိုယ်တိုင် အဘွားဖြစ်သူရဲ့ အိမ်သာတွင်းမှာမွေးဖွားလာတာကို အမှတ်ရတဲ့အနေနဲ့ သူရဲ့နေအိမ်ကို အိမ်သာသဏ္ဍာန်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
သူကွယ်လွန်တဲ့ (၂၀၀၉) နောက်ပိုင်း မှာတော့ သူနေအိမ်ဟာ ပြတိုက်အဖြစ်ပြောင်းလဲသွားပြီး (၂၀၁၂)နှစ်ကစပြီး တိုးချဲ့တည် ဆောက်မှုတွေကို ပြုလုပ်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကမ္ဘာပေါ် မှာရှိတဲ့ အိမ်သာမျိုးစုံကိုသရုပ်ဖော်ပြသထားပြီး မိလ္လာစနစ်ရဲ့အရေးကြီးပုံဟာ ကျန်းမာ ရေးအတွက်သာမက နေရာဒေသတစ်ခုရဲ့ လူနေမှုစနစ်အတွက်ပါ အရေးပါကြောင်း အထောက်အကူပြု မှတ်တမ်းများစွာနဲ့ရှင်းပြထားပါတယ်။
(၇) Cup Noodles Museum
ဂျပန်၊ကိုရီးယားစတဲ့နိုင်ငံတွေမှာခေါက်ဆွဲပြုတ်စားတာဟာ ရိုးရာဓလေ့ဖြစ်ပြီး ဈေးနှုန်း သက်သက်သာသာနဲ့ အချိန်ကုန်သက်သာတဲ့ ခေါက်ဆွဲပြုတ်တွေဟာ ဈေးသက်သာလှပြီး အချိန်လုပြီး အလုပ်လုပ်နေရတဲ့ ကျောင်းသား၊ရုံးဝန်ထမ်းတွေရဲ့ အဓိကစားသောက်စရာဖြစ်ပါတယ် ။ မှတ်တမ်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ အသင့်စားခေါက်ဆွဲခြောက် (၁၀၀) ဘီလီယံလောက်နှစ်စဉ်ထုတ်လုပ်ရတာကို ကြည့်ခြင်းဖြင့် ခေါက်ဆွဲခြောက်ထုပ်တွေရဲ့ အနေအထားကိုသိနိုင်ပါတယ်။ ဒီလိုအရေးပါတဲ့ခေါက်ဆွဲတွေရဲ့ပြတိုက်တစ်ခုကို ဂျပန်နိုင်ငံ၊အိုဆာကာမြို့မှာ ဖွင့်လှစ်ထားရှိပြီး ကမ္ဘာတစ်ဝှမ်းကလာရောက်လေ့လာသူ တွေနဲ့ အစဉ်စည်ကားနေပါတယ်။
ဒီပြတိုက်မှာဆိုရင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀)ကျော်ကာလအတွင်းတည်းက ကမ္ဘာနဲ့ ဂျပန်နိုင်ငံမှာ အသုံးပြုစားသောက်လာခဲ့တဲ့ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေရဲ့ သမိုင်းကို အထောက်အကူပြုပစ္စည်းတွေနဲ့ တစ်ကွ ဝေဝေဆာဆာဖော်ပြထားပါတယ်။ ပြတိုက်ရဲ့နာမည်ကတော့ Momofuku Ando Instant Ramen Museum ဖြစ်ပြီးယင်း မှာပဲ ပထမဆုံးကြက်သားအရသာခေါက်ဆွဲခြောက်ဖြစ်တဲ့ (၁၉၅၀)လောက်က ထုတ်လုပ်ခဲ့တဲ့ Chicken Ramen အပါအဝင်ယနေ့အထိရှိနေတဲ့ ခေါက်ဆွဲခြောက် တွေရဲ့ နမူနာပုံစံတံဆိပ်၊ကာဗာ၊အရသာတွေအထိ ပြသထားပါတယ်။
(၆) Kansas Barbed Wire Museum
အမေရိကန်ပြည်ထောင်စု၊ အနောက်အလယ်ပိုင်း Kansas ပြည်နယ်၊ La Crosse မြို့ မှာတော့ သံဆူးကြိုးတွေကိုပဲ ပြသထားတဲ့ Kansas Barbed Wire Museumတည်ရှိ ပါတယ်။ (၁၈၇၀)လောက်ကတည်းက အမေရိကန်အနောက်အလယ်ပိုင်းဒေသတွေမှာ ပထမဆုံးစတင်အသုံးပြုတဲ့ သံဆူးကြိုးတွေက နေ ယနေ့အချိန်ထိအသုံးပြုခဲ့တဲ့ သံဆူး ကြိုးတွေအားလုံးကို ဒီပြတိုက်မှာပြသထားပြီး သံဆူးကြိုးပြုလုပ်၊တပ်ဆင်တဲ့ ကိရိယာ တန်ဆာပလာတွေကိုပဲ ယှဉ်တွဲပြသထားပါတယ်။
ပထမကမ္ဘာစစ်ကြိုကာလအတွင်းထဲက လူသားတွေရဲ့နေထိုင်မှုပုံစံတွေမှာ သံဆူးကြိုး ကာရံခြင်းဟာလည်း နေရာတစ်ခုကနေပါဝင်နေခဲ့ပြီး ခေတ်အဆက်ဆက်ပြောင်းလဲ လာတဲ့ သံဆူးကြိုးတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ စက်မှုတိုးတက်ပြီးအခြေအနေကိုလေ့လာ ရာမှာ တစ်စိတ်တစ်ဒေသကနေ ပါဝင်နေပါတယ်။
(၅) Spam Museum
အမေရိကန်ပြည်ထောင်စုမှာ Spam လို့သိကြတဲ့ ဝက်ပေါင်သားစည်သွတ်ဟင်းလျာ ဟာအလွန်ကို လူကြိုက်များပါတယ်။ (၁၉၃၇)ခုနှစ်လောက်ကတည်းက စားသုံးသူ ဈေးကွက်အတွင်းကိုရောက်ရှိတဲ့ ဒီဟင်းလျာဟာ ဒုတိယကမ္ဘာစစ်အတွင်းကဆိုရင် ရှေတန်း ရောက်အမေရိကန်စစ်သည်တွေနဲ့ တစ်တွဲတည်းသိကြရတဲ့အထိကို စစ်သားတွေကို နောက်တန်းကနေ ဒိုင်ခံပို့ဆောင်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ (၁၉၉၁)ခုနှစ်ရောက်ချိန်မှာတော့ Minnesota ပြည်နယ်ထဲက အော်စတင်မြို့မှာ Spam ဟင်းလျာတွေရဲ့အကြောင်းပြသထားတဲ့ ပြတိုက်ငယ်လေးတစ်ခုကို အာဏာပိုင်တွေက စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ယင်းကနေတစ်ဆင့်နောက်ပိုင်းနှစ်တွေမှာတော့ စား သောက်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ပံ့ပိုးမှုနဲ့ Spam Museumကို တိုးချဲ့ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ ပြတိုက်အတွင်းမှာတော့ ကမ္ဘာစစ်အတွင်းက ဝက်ပေါင်သားစည်သွတ်ဟင်းလျာကို မည်သို့မည်ပုံ ထုတ်လုပ်ခဲ့ရပုံအကြောင်းနဲ့ ကွဲပြားတဲ့ဟင်းချက်နည်းအဆင့်ဆင့်တွေရဲ့ အကြောင်းကို စာသား၊ရုပ်ပုံ၊ တကယ့်စားဖွယ်ရာတွေနဲ့ တည့်ခင်းပြီး ပြသလေ့ရှိပါတယ်။ လာရောက်လေ့လာသူတွေအနေနဲ့ ဝက်ပေါင်သားစည်သွတ်ဟင်းလျာရဲ့ သမိုင်းစဉ်ကို သိရမှာဖြစ်သလို အစာပြေအနေနဲ့ ပြတိုက်မှာတည့်ခင်းပေးထားတဲ့ ဝက်ပေါင်သား ကိုလည်း မြည်းစမ်းလို့လည်းရနိုင်ပါတယ်။
(၄) Bata Shoe Museum
အလှစီးဖိနပ်တွေကိုစုဆောင်းတဲ့ အလေ့ဟာ ကမ္ဘာတစ်ဝန်းကအမျိုးသမီးတွေအကြား မှာ လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက ရေပန်းစားခဲ့တဲ့အလေ့ဖြစ်ပါတယ်။ ညှပ်ဖိနပ်၊ ကြိုးသိုင်းဖိနပ်၊ရှူးဖိနပ်တွေကနေစပြီးအမျိုးစုံသောဖိနပ်တွေဟာ လူသားတွေရဲ့ နေ့စဉ်လူနေမှု ဘဝထဲ ပါဝင်နေသလို အသုံးများဆဲပစ္စည်းတစ်ခုအနေနဲ့လည်း ရှိနေပြီးဖြစ်ပါတယ်။ ကနေဒါနိုင်ငံ၊ Toronto မြို့မှာတော့ ရှူးဖိနပ်ထည့်တဲ့ဘူးသဏ္ဍာန်တည်ဆောက်ထားတဲ့ Bata Shoeပြတိုက်တည်ရှိပြီး ဒီပြတိုက်ကိုတည်ထောင်သူကတော့ Bata ရှူးဖိနပ်တည် ထောင်သူ Thomas Bata ရဲ့ဇနီး Sonja Bata ဖြစ်ပါတယ်။
သူမဟာ (၁၉၄၀) နောက် ပိုင်းကာလတွေကတည်းက ဖိနပ်အမျိုးမျိုးကိုစုဆောင်းလာတာဖြစ်ပြီး (၁၉၇၀) ရောက်ချိန်မှာတော့ သူမရဲ့နေအိမ်ဟာ ဖိနပ်တွေနဲ့ပြည့်နှက်နေတဲ့အခြေအနေကို ရောက်လာခဲ့ပါတယ်။ ယင်းနောက်သူမဟာ ဖိနပ်ပြတိုက်အသေးလေးကို တည်ဆောက် ပြသခဲ့ရာမှ လူစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီး (၁၉၉၂)ရောက်ချိန်မှာတော့ Bata Shoe Museum ကိုတည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ (၁၉၉၅)ခုနှစ်ရောက်ချိန်မှာတော့ Bata Shoe Museum ကိုယခုတည်ရှိတဲ့ Toronto မြို့ ကိုပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ ပြတိုက်အတွင်းမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း(၄၅၀၀) သက်တမ်းရှိပြီဖြစ်တဲ့ ရှေးကဖိနပ်အဖြစ်အသုံးပြုခဲ့တဲ့ အရာတွေကနေစပြီး ဖိနပ်အရံပေါင်း (၁၃၀၀၀)လောက်ကိုပြသထားပါတယ်။
(၃) Dog Collar Museum
လည်ပတ်တွေကိုတပ်ဆင်ထားတဲ့ခွေးတွေဟာ ပိုင်ရှင်ရှိပြီးဖြစ်ကြောင်းကို သိသာစေတဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုခွေးတွေကိုလည်ပတ်တပ်ဆင်ပေးတဲ့ အလေ့ဟာ အလယ်ခေတ်ကာလကတည်းကဖြစ်ပြီး ယင်းခေတ်က တော်ဝင်မျိုးနွယ်စုတွေပိုင်ဆိုင် တဲ့ခွေးတွေဆိုရင် လည်ပတ်မှာကျောက်မျက်ရတနာတွေနဲ့တောင် စီခြယ်ရတဲ့အထိ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံ၊ ကန့်မြို့က လိဒ်ရဲတိုက်အတွင်းမှာတော့ ခွေးလည်ပတ်တွေပဲသီးသန့်ပြ သထားတဲ့ ပြတိုက်တည်ရှိပြီး ခေတ်အလိုက်အသုံးပြုခဲ့တဲ့ ခွေးလည်ပတ်တွေကို ပြသထားတာကိုတွေ့ရပါတယ်။ (၁၉၇၆)ခုနှစ်ကတည်းကဖွင့်လှစ်ထားတဲ့ အဲဒီပြတိုက်ဟာ အင်္ဂလန်နိုင်ငံ အလယ်ခေတ်ကာကနေ မျက်မှောက်ခေတ်ကာလအထိ အသုံးပြုခဲ့တဲ့ ခွေးလည်ပတ်အမျိုးအစားပေါင်း(၁၀၀)ကျော်လောက်ကို မှတ်တမ်းမှတ်ရာ၊စုံစုံလင်လင် နဲ့ ထာားရှိပါတယ်။
(၂) Skull Tower of Nis
Skull Tower of Nis လို့အမည်ရတဲ့ပြတိုက်ဟာ ဆားဘီးယားရဲ့ ထိတ်လန့်စရာ အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး (၁၈၀၉)ခုနှစ်က Cegar တိုက်ပွဲအတွင်းသေဆုံးသွား ခဲ့တဲ့ ဆာဘီးယားတော်လှန်ရေးခေါင်းဆောင် Steven Sindelic နဲ့သူနောက်လိုက် တွေရဲ့ ဦးခေါင်းခွံတွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ တူရကီစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုမခံပဲ သေမဲ့လမ်းကိုရွေးခဲ့တဲ့ Steven Sindelicနဲ့ သူနောက်လိုက်အားလုံးဟာ ဗုံးဖောက်ခွဲပြီး ကိုယ့်ကိုကိုယ်သက်သေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ယင်းနောက်မှာတော့ တူရကီခေါင်းဆောင် Vizier Hurshid Pasha က ဆားဘီးယားသားတွေကို နောင်ကျဉ်စေရန်ရည်ရွယ်ချက်နဲ့ သေဆုံးခဲ့တဲ့ ဆားဘီးယား တော်လှန်ရေးသမား (၉၅၂)ယောက်ရဲ့ ဦးခေါင်းခွံတွေကိုအသုံးပြု (၁၅)ပေအထိမြင့်မား ပြီး အတန်း(၁၄)တန်းပါဝင်တဲ့ နံရံတွေကိုတည်ဆောက်စေခဲ့ရာမှ Skull Tower of Nis ပြတိုက်စတင်ဖြစ်ပေါ်လာပါတယ်။
နောက်ပိုင်းမှာတော့ သေဆုံးသူတွေရဲ့ဆွေမျိုးတွေက သက်ဆိုင်ရာအရိုးခွံတွေကိုလာ ရောက်ယူဆောင်ခဲ့ကြရာမှာ (၂၀၁၃)ခုနှစ်မှာတော့ အရိုးခွံ (၅၈)ခုသာကျန်တော့ပြီး အစိုးရပိုင်းက လိုအပ်တဲ့ထိန်းသိမ်းမှုတွေပြုလုပ်လာရပါတော့တယ်။ (၁၈၉၂) ကတည်း ကဒီပြတိုက်ရဲ့အနီးမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ကွယ်လွန်သူတွေအတွက် အမှတ်တရအနေနဲ့တည်ဆောက်ပေးခဲ့ပြီး Skull Tower of Nis ကိုနှစ်စဉ် ကမ္ဘာလှည့် ခရီးသွား (၃၀၀၀၀)ကနေ (၅၀၀၀၀)အကြားလာရောက်လည်ပတ်လေ့ရှိပါတယ်။
(၁) Lunchbox Museum
ကျောင်းသားဘဝကို ဖြတ်သန်းဖူးတဲ့သူတိုင်းအတွက် ထမင်းချိုင့်ဟာ ဘယ်တော့မှ မမေ့နိုင်စရာအမှတ်တရပစ္စည်းအဖြစ်ရှိနေပြီး အရွယ်ရောက်လို့ လုပ်ငန်းခွင်ကိုဝင် ရောက်တဲ့အထိ လူသားတွေရဲ့ဘဝမှာ ဆက်လက် တည်ရှိကောင်း၊တည်ရှိနေနိုင်တာ လည်း ဒီထမင်းချိုင့်တွေပဲဖြစ်ပါတယ်။ ကော်၊ဖိုင်ဘာ၊သတ္ထု နဲ့ပြုလုပ်ထားတဲ့ ထမင်းချိုင့် အမျိုးမျိုးတွေဟာ ကမ္ဘာဈေးက်အသီးသီးမှာနေရာယူခဲ့ပြီး အရောင်အသွေးလည်း စုံလင်လှပါတယ်။
အမေရိကန်ပြည်ထေင်စု၊ ဂျော်ဂျီယာပြည်နယ်၊ ကိုလံဘတ်မြို့မှာတော့ Lunchbox Museum တည်ရှိပြီးဒီပြတိုက်ကို (၁၉၉၀)လောက်ကတည်းက Allen woodall ဆိုသူကစတင်တည်ထောင် ခဲ့တာဖြစ်ပါတယ်။ ဒီပြတိုက်မှာ (၁၉၅၀)လောက်ကတည်းက အသုံးပြုခဲ့တဲ့ ထမင်းချိုင့်တွေကနေ ယနေ့အချိန်အထိ အသုံးပြုနေတဲ့ ထမင်း ချိုင့်ထောင်ပေါင်းများစွာကို စိတ်ဝင်စားဖွယ်ခင်းကျင်းပြသထားပါတယ်။
Ref : List Verse : 10 Unique Museums Around The World
သုတဇုန်