ကမ္ဘာကျော် မြန်မာပုဂ္ဂိုလ်ကြီးတစ်ဦး (သို့) အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ဖခင်ကြီးဦးညွန့်

Posted on

ရေးသားသူ – မင်းအရိပ် (ရောင်စုံအခန်းငယ်)

ဦးညွန့်ဟာ နိုင်ငံတကာ ဆက်ဆံရေးစာမျက်နှာတွင် မြန်မာတစ်ဦးအဖြစ်သာမက အာရှတိုက်သား တစ်ဦးအဖြစ် အောင်မြင်ခဲ့သူ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ခဲ့သူ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကြီး ပေါ်ထွက်လာရေး၏ ဖခင်ကြီးအဖြစ်ကမ္ဘာက အသိအမှတ်ပြုခဲ့သူ ဖြစ်ပါတယ်။

အခု ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အက်စ်ကက်ပ်) မတိုင်ခင်ရှိခဲ့တဲ့ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖေး)ရဲ့ အမှုဆောင် အတွင်းဝန် အဖြစ် ၁၄ နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အတွက် သူ့ကို အီးကဖေး ဦးညွန့်လို့ လူသိများပါတယ်။

သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၈နှစ် (၁၉၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ)က ဘားအံမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဆားဝန်ထောက် ဦးကြူးလှိုင်ဖြစ်ပြီး ငယ်စဉ်ကတည်းက ဖခင်တာဝန်ထမ်းဆောင်သော မြို့များသို့ လိုက်ပါနေထိုင်ပြီး ပညာသင်ယူခဲ့ရသူပါ။ ၁၉၂၇ ခုနှစ်တွင် သထုံမြို့အစိုးရကျောင်း (ယခု အထက ၁ သထုံ) မှ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီး ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာဆည်းပူးရာ တက္ကသိုလ်ပညာသင်ဆု ရရှိခဲ့ပါတယ်။

၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန် တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီးနောက်ပိုင်း အောက်စ်ဖို့တက္ကသိုလ်နဲ့ လန်ဒန်တက္ကသိုလ်တို့မှာ ပညာသင် ကြားခဲ့တဲ့ ဦးညွန့်ဟာ မြန်မာနိုင်ငံတော် ဝန်ထမ်းဘဝနဲ့ ၁၉၃၃ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။အကောက်ခွန်မင်းကြီး၊ ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာမြန်မာနိုင်ငံတော်အစိုးရ ခွင့်ပြုချက် အရ ECAFE တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ECAFE ရဲ့ အရှည်က အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ  စီးပွားရေးနှင့် လူမှုရေးကော်မရှင် (Economic Commission for Asia and the Far East, ECAFE))  ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး က ECAFE ရဲ့ အမှုဆောင်အတွင်းဝန် အဖြစ် ခန့်အပ်ခဲ့တဲ့ ဦးညွန့်ကို လူသိများ ရတဲ့အချက်တွေထဲက တစ်ခုက ကမ္ဘာ့ စာမျက်နှာမှာ အာရှရုပ်ပုံလွှာကို စတင် မြှင့်တင်ပေးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ အမှုဆောင်အတွင်း ဝန်ရာထူးမှာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ရာထူးနှင့် အဆင့်အတန်းတူညီပြီး ကုလသမဂ္ဂအဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို တာဝန် ထမ်းဆောင်ရသူလည်း ဖြစ်ပါတယ်။

ဦးညွန့် ECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင် နေချိန်ဟာ အနောက်နိုင်ငံတွေရဲ့ စနက်နဲ့ အာရှနိုင်ငံတွေ ကြားမှာ သဘော ထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကာလ ဖြစ်ပါတယ်။ ECAFEရဲ့ အစည်းအဝေးတွေမှာ အများမဲအနိုင်စနစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အလေ့ အထကြောင့် အင်အားကြီး ကိုလိုနီ နိုင်ငံတွေကသူတို့ စိတ်ကြိုက်ခြယ်လှယ် နိုင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အာရှနိုင်ငံတွေက မိမိတို့ သဘောအတိုင်း အချင်းချင်းညှိနှိုင်း ဆောင်ရွက်နိုင်မယ့် အားလုံးစိတ်တူ သဘောတူ (Consensus) ဆုံးဖြတ်တဲ့ အာရှလမ်းစဉ်(Asian Way)ကို ဦးညွန့် က စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။အဲဒီလမ်းစဉ်နဲ့ပဲ မဲခေါင်မြစ်ဝှမ်း စီမံကိန်းကို အကောင်အထည်ဖော်ပြီး အာရှနိုင်ငံတွေရဲ့ စည်းလုံးမှုကို အစပျိုး စေခဲ့ပါတယ်။ အဲဒီနောက်မှာ အာရှ ဖွံ့ဖြိုးရေးဘက်၊ အာရှငွေကြေးပေးချေ မှုအုပ်စု စသဖြင့် ဆက်လက်တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာသာမက အာရှမှာပါ အရေးပါတဲ့ အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့တဲ့ကာလမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဦးညွန့်ဟာ ECAFE ရဲ့ အမှုဆောင် အတွင်းဝန်တွေထဲမှာ အအောင်မြင်ဆုံးလို့ ဆိုနိုင်ပါတယ်။

ဦးညွှန့် အမှုဆောင်အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်စဉ် မဲခေါင်မြစ်ဝှမ်းစီမံကိန်း (The Mekong Development Project) အာရှလမ်းမကြီး (The Asian Highway)၊ အာရှစာရင်းအင်းတက္ကသိုလ် (The Asian Statistical Institute) ၊ အာရှစက်မှုဖွံ့ဖြိုးရေး ကောင်စီ (The Asian Industrial Development Council) ၊ အာရှဖွံ့ဖြိုးရေးဘဏ် (The Asian Development Bank)၊ အာရှငွေကြေး ပေးချေမှု အုပ်စု (The Asian Clearing Union)တို့ကို တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်တွင် တည်ထောင်ဖွဲ့ စည်းသော အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ဖခင်ကြီး အဖြစ် နိုင်ငံတကာကအသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ ၁၉၇၃ခုနှစ် မှာတော့ အမှုဆောင်အတွင်းဝန်အဖြစ်မှ အငြိမ်းစားယူခဲ့ပါတယ်။

ဦးညွန့် နောက်ဆုံးအနေနဲ့ တာဝန်ယူကျင်းပပေးခဲ့ရတဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ECAFE ရဲ့ (၂၉)ကြိမ်မြောက် ညီလာခံ မှာ သူ့ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေငြာချက်မှာ ဦးညွန့်ကျင့်သုံးခဲ့ တဲ့ အာရှလမ်းစဉ်ကို နိုင်ငံအချင်းချင်း ညီရင်းအစ်ကိုကဲ့သို့ ဆက်ဆံခြင်းလို့ ဖော်ပြပြီး အာရှရုပ်ပုံလွှာ လျင်လျင်မြန်မြန်ပေါ်ထွန်းလာဖို့ ကြိုးစားအားထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အားကစားလည်းလိုက်စားတဲ့ ဦးညွန့် ဟာ ရန်ကုန်တက္ကသိုလ် လှေလှော် အသင်းကိုယ်စားပြု အင်းလျားကန် ဖြတ်ရေကူးသမား တစ်ဦးဖြစ်သလို တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ ရိုင်ဖယ် သေနတ်ပစ် လက်ဖြောင့်သမားလည်း ဖြစ်ပါတယ်။

“အခု ကန်တော်ကြီးဟိုတယ်နေရာက အဲဒီခေတ်က လူဖြူတွေချည်းပဲပါတဲ့။ Rangoon Boat Club ကိုအနိုင် လှော်ခဲ့ကြတဲ့ထဲမှာ ပါတယ်။ အဖေ့ရဲ့ ပင်ကိုအရည်အချင်းတွေက မျိုးချစ် စိတ်ဓာတ် ပြင်းပြတယ်။ အမျိုးဘာသာ ချစ်စိတ်လည်း ပြင်းပြတယ်”လို့ ဦးညွန့်ရဲ့ ဒုတိယသား ဖြစ်တဲ့ ဒေါက်တာသန်းညွန့်က ပြောပြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကတည်းက တက္ကသိုလ်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းပဲရှိပြီး ဗုဒ္ဓဘာသာ ဓမ္မာရုံ တည်ဆောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ ဦးညွန့်ဟာ အငြိမ်းစားယူပြီး နောက်ပိုင်းမှာလည်း ဇနီးဖြစ်သူ ဒေါ်သန်းတင်နဲ့အတူ ဘာသာ သာသနာရေးကို အာရုံစိုက်ခဲ့ပါတယ်။ ဆဌသင်္ဃာယနာတင် ပိဋကတ်စာမူကို အင်္ဂလိပ်ဘာသာသို့ပြန်ဆို ပုံနှိပ်ထုတ်ဝေသော လုပ်ငန်းတွင်ပါဝင်ခဲ့သလို ၁၉၇၅ ခုနှစ်မှာ နိကာယ်သာသနာ တော်ပြန့်ပွားရေးအသင်း တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး အသင်းဥက္ကဋ္ဌအဖြစ်လည်းဆောင်ရွက် ခဲ့ပါတယ်။

ရွှေတိဂုံ စေတီနဲ့ ကမ္ဘာအေးစေတီတို့မှာလည်း မီးမောင်းတွေကို ပထမဆုံးအဖြစ် တပ်ဆင်လှူဒါန်းခဲ့ပါတယ်။ ညဘက်မှာ စေတီတော်တွေကို မီးရောင်ထိန်ထိန်နဲ့ ဖူးမျှော်နိုင်အောင် ဦးညွန့်က လမ်းဖော်ပေးခဲ့တာလို့ ဆိုနိုင်ပါတယ်။ ။

နိုင်ငံတော်ရဲ့ စည်သူဘွဲ့ရခဲ့တဲ့ ဦးညွန့်ဟာ ၁၉၉၆ခုနှစ် ဧပြီ ၈ရက် အသက် ၈၆နှစ် အရွယ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘဝတစ်ပါးကိုပြောင်းရွေ့သွားပါတယ်။ သားလေးယောက်၊ သမီး တစ်ယောက် ထွန်းကားခဲ့တဲ့ ဦးညွန့်ဟာ သက်ရှိထင်ရှားရှိမယ်ဆိုရင် အသက် ၁၀၈ ပြည့်ပြီ ဖြစ်ပါတယ်။

(ဒီဆောင်းပါးလေးကတော့ လွန်ခဲ့တဲ့၆ နှစ်လောက်က မြန်မာတိုင်းမ်ဂျာနယ်မှာ ပါတဲ့ဆောင်းပါးလေးပါ။ ကျွန်တော်လည်း ခုမှရှာတွေ့ပါတယ်။ ဦးညွန့်အကြောင်းကို ကျွန်တော်အရင်က လုံးဝမသိခဲ့ပါဘူး။ ကမ္ဘာကျော် မြန်မာတစ်ယောက်အတွက် ကျွန်တော်အရမ်းဂုဏ်ယူကြည်နူးရပါတယ်။

ကျွန်တော်ခံစားရသလိုကျွန်တော့်သူငယ်ချင်းများလည်း အလားတူဂုဏ်ယူကြည်နူးကြစေဖို့ကမ္ဘာကျော်မြန်မာလူတော်တစ်ယောက်အကြောင်းပြန်လည်ထုတ်နှုတ်ရေးသားတင်ပြပေးလိုက်ရပါတယ်။ အရင်က ခေတ်အဆက်ဆက်မြန်မာတွေ အလွန်တော်ခဲ့ကြပါတယ်။ ကျွန်တော့်တို့ခေတ်နဲ့ နောင်လာမယ့်မျိုးဆက်များရဲ့ ခေတ်မှာလည်း ကမ္ဘာကျော် မြန်မာလူတော် အမြောက်အမြားပေါ်ထွန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။)

အားလုံးကိုလေးစားစွာဖြင့်

မင်းအရိပ်
ရောင်စုံအခန်းငယ်