ဓာတုဗေဒပညာရှင်၊ စက်မှုအင်ဂျင်နီယာနဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တဲ့ James Watt ဟာ (၁၇၈၁)ခုနှစ်က နယူးကိုမန်းရဲ့ရေနွေးငွေ့အင်ဂျင်ကို ဆန်းသစ်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ကမ္ဘာစက်မှုခေတ်တစ်ခေတ်ကိုစတင်ဖို့အစပျိုးပေးခဲ့နိုင်ပါတယ်။ သူဟာ Glasgow တက္ကသိုလ်ရဲ့သင်္ချာနဲ့ သိပ္ပံဆိုင်ရာသင်ကြားရေးအထောက်အကူပြုပစ္စည်းပြုလုပ်သူအဖြစ် တာဝန်ထမ်းဆောင်နေစဉ်မှာပဲ ယင်းကာလက အသုံးပြုနေကြတဲ့ နယူးကိုမန်းရဲ့ရေနွေးငွေ့အင်ဂျင်ဟာ ရေနွေးငွေ့များစွာကို အသုံးပြုရသော်လည်း အနည်းငယ်မျှ သာစွမ်းအင်ကို သာထုတ်လုပ်ပေးနိုင်တဲ့ အားနည်းချက်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီအတွက် James Watt ဟာသီးခြား Condenser (လျှပ်သို)ပါဝင်တဲ့ ရေနွေးငွေ့စက်တွေကိုတီထွင်ပြီး စွမ်းအင်ပိုမိုထုတ်လုပ်ပေးနိုင်တဲ့ အင်ဂျင်သစ်တွေကို ကမ္ဘာကြီးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ စက်မှုတစ်ခေတ်ကိုဦးဆောင် လမ်းပြပေးခဲ့တဲ့ James Watt ဟာကမ္ဘာကျေးဇူးရှင်စွန့်ဦးတီထွင်သူပညာရှင်တွေအနက် ကတစ်ဦးဖြစ်ပြီး ယနေ့သိကြတဲ့ Power ရဲ့ SI Unit ဖြစ်တဲ့ (Watt)ဆိုတာကတော့ သူရဲ့နောက်နာမည်ကိုယူပြီး ပညာရှင်တွေကဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါအပြင် သူ့ဇာတိစကော့တလန်မှာ ဆိုရင် James Watt အမည်နဲ့ ကောလိပ်(၄)ခုတည်ရှိတဲ့အပြင် ဗြိတိန်တစ်နိုင်ငံလုံးမှာလည်း သူအမည်နဲ့မှည့်ခေါ်ထားတဲ့လမ်းပေါင်း (၅၀၀)ကျော်တောင် တည်ရှိနေတာဖြစ်ပါတယ်။
အစောပိုင်းဘဝ
James Watt ကိုတော့ (၁၇၃၆)ခုနှစ်၊ဇန်နဝါရီလ(၉)ရက်နေ့က စကော့တလန်နိုင်ငံ Greenock ခရိုင်တွင်းက Renfrewshire မြို့မှာမွေးဖွားခဲ့ပါတယ်။ မိခင်ဖြစ်သူ Muirhead Agnes ကတော့ကြွယ်ဝချမ်းသာတဲ့မျိုးရိုးကနေဆင်းသက်လာပြီး ဖခင်ဖြစ်သူကတော့ သင်္ဘောပိုင်ရှင် ကုန်သည်တစ်ယောက်ဖြစ်ပါတယ်။ James Watt ဟာငယ်စဉ်အချိန်က တော့အစိုးရကျောင်းတွေမှာမတက်ပဲ မိခင်ဖြစ်သူထံကနေ မူလတန်းအဆင့်ပညာရပ် တွေကိုသင်ကြားခဲ့ပါတယ်။
ယင်းနောက်မှာတော့ James Watt ဟာ Greenock Grammar ကျောင်းကိုတက်ရောက်ပညာသင်ကြားခဲ့ပြီး သင်္ချာနဲ့အင်ဂျင်နီယာဘာသာရပ်တွေမှာ အရွယ်နဲ့မလိုက်တဲ့ဉာဏ်ရည်၊ဉာဏ်သွေးပိုင်ဆိုင်သူအဖြစ်သက်သေပြနိုင် ခဲ့ပါတယ်။ ယင်းအချိန်ကတည်းက James Watt ဟာတီထွင်သူတစ်ယောက်အဖြစ်နဲ့ သာဘဝကိုဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ပြီး သူရည်ရွယ်ချက်အတွက် သိပ္ပံဆိုင်ရာစမ်းသပ် ပစ္စည်းထုတ်လုပ်တဲ့ပညာရပ်ကိုလည်း လန်ဒန်မှာ(၁)နှစ်ကြာအောင်သွားရောက်သင်ယူခဲ့ပါသေးတယ်။ James Watt ရဲ့အကြံကတော့ Glasgow မြို့ကိုပြန်လာပြီး သိပ္ပံနဲ့တီထွင် မှုဆိုင်ရာ အလုပ်ရုံတစ်ခုတည်ထောင်မယ်ဆိုတဲ့စိတ်ကူးနဲ့ဖြစ်ပါတယ်။
ဒါပေမဲ့ ယင်းကာလက ဂရိတ်ဗြိတိန်ရဲ့ အလုပ်သမားနဲ့အလုပ်ခွင်ဆိုင်ရာအာဏာပိုင်အဖွဲ့ဖြစ်တဲ့ Guild of Hammermen ကတော့ James Watt ဟာ ငယ်ရွယ်တဲ့စွန့်ဦးပညာရှင်တစ်ယောက်ဖြစ်ပြီ းတရားဝင်အသိအမှတ်ပြုအသက်မွေးဝမ်းကြောင်း တက္ကသိုလ်(သို့)လုပ်ငန်းတစ်ခုမှာ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး(၇) နှစ်လောက်ရယူဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ James Watt ရဲ့အလုပ်ခွင့်ပြုမိန့်လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။ ဒါကြောင့် James Watt ဟာတီထွင်မှုလုပ်ငန်း အတွေ့အကြုံနဲ့ အသက်မွေးဝမ်းကြောင်းအရင်ပြုဖို့ဖြစ်လာခဲ့ပါတယ်။
James Watt ဟာ ပထမဆုံးသော နည်းပညာရပ်ဆိုင်ရာအသက်မွေးဝမ်းကြောင်းတစ်ခု အဖြစ် Glasgow University ရဲ့ Jamaica ကနေအင်္ဂလန်ကိုပေးပို့တဲ့ နက္ခတ်တာရာကြည့်မှန်ပြောင်းတွေတပ်ဆင် ပြုပြင်တဲ့လုပ်ငန်း မှာဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါအပြင်ယင်းပစ္စည်းတွေကို ထိန်းသိမ်းရေးလုပ်ငန်းတွေ အပြင် တက္ကသိုလ်ရဲ့အခြားသိပ္ပံဆိုင်ရာပစ္စည်းတည်ဆောက်ရေးပညာရှင်တစ်ယောက် အဖြစ် James Watt ဟာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တက္ကသိုလ်အာဏာပိုင်တွေက တော့ ယင်းတက္ကသိုလ်နယ်မြေအတွင်းမှာပဲ James Watt အတွက်အလုပ်ရုံတစ်ခုကို ဖွင့်လှစ်ဖို့ခွင့်ပြုပေးခဲ့ပါတယ်။
အစပိုင်းမှာတော့ James Wattဟာတက္ကသိုလ်ရဲ့သင် ထောက်ကူပစ္စည်းပြုလုပ်ထိန်းသိမ်းသူဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သင်ကြားရေး သရုပ်ပြလုပ်ငန်းစဉ်တွေမှာပါ ပါဝင်လာခဲ့ပါတယ်။ ယင်းကာလအချိန်တွေအထိ James Watt ဟာရေနွေးငွေ့အင်ဂျင်ကိုမြင်တွေ့ဖူးခြင်းမရှိပဲ (၁၇၅၉)ခုနှစ်ရောက်ချိန်မှသာ တက္ကသိုလ်ရဲ့လိုအပ်ချက်အရ ထရူးမင်တီထွင်ထားတဲ့ရေနွေးငွေ့စက်ကိုပြုပြင်ဖို့တာဝန် ပေးရာမှ James Wattဟာယင်းစက်ကိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ဖို့စိတ်အား ထက်သန်လာခဲ့တာဖြစ်ပါတယ်။ ယင်းကာလက အကောင်းဆုံးအဖြစ်သတ်မှတ်ခင်းခံ ထားရတဲ့ ရေနွေးငွေ့စက်ဟာ ထရူမင်းရဲ့စက်ဖြစ်ပြီး ဥရောပတစ်ခွင်ကကျောက်မီးသွေး တူးရာဒေသများမှာ ရေစုပ်စက်အဖြစ်အသုံးပြုနေတာဖြစ်ပါတယ်။
James Watt ဟာ ယင်းရေနွေးငွေ့အင်ဂျင်ကိုစွမ်းအားပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အချိန် အတော်ကြာအောင်ကြံဆတီထွင်ခဲ့ရပါတယ်။ James Watt ဟာ (၁၇၆၅)ခုနှစ်ကနေ (၁၇၈၀)ပြည့်နှစ်တွေအထိ ထရူးမင်းတီထွင်ထားတဲ့ရေနွေးငွေ့စက်တွေကိုစကော့တလန် ပြည်နေရာအနှံ့အပြား အထိုင်ပြုလုပ်ပေးခဲ့ပြီး ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေကို လိုက်လံရှာဖွေနေခဲ့ပါတယ်။ (၁၇၈၁)ခုနှစ်ရောက်မှသာ James Watt ဘာမင်ဂမ်မှာ နေထိုင်တဲ့လုပ်ငန်းရှင်တစ်ယောက်ရဲ့ အကူအညီကို ရယူကာ အတိုးအဆုတ်အင်ဂျင်လှုပ်ရှားမှုအစား ပတ်လည် ရွေလျားမှုအဖြစ်ပြောင်းလဲခဲ့ပြီး (၁၇၈၂)မှာတော့ မူလကထက်စွမ်းအင်များစွာသာလွန် အောင်ထုတ်လုပ်နိုင်တဲ့ ရေနွေ့ငွေ့အင်ဂျင်တွေကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။
အမှန်တော့ James Wattဟာ (၁၇၇၅)ကတည်းက ရေနွေးငွေ့အင်ဂျင်မူပိုင်ခွင့်ကို ဗြိတိန်အစိုးရထံ ကနေ (၂၅)နှစ်သက်တမ်းမူပိုင်ခွင့်ရထားခဲ့တာဖြစ်ပြီး အစပိုင်းမှာတော့ လူတွေဟာ သူရဲ့ ရေနွေးငွေ့အင်ဂျင်ကို ရေတင်တဲ့နေရာတွေလောက်မှာသာ အသုံးပြုပြီးလူသိများခဲ့ခြင်း တော့မရှိပါဘူး။ နောက်ပိုင်းမှသာ James Watt ရဲ့ရေနွေးငွေ့စက်ကို ချည်ငင်လုပ်ငန်းတွေနဲ့ စက်မှုလုပ်ငန်းများစွာမှာအသုံးများလာခဲ့ပြီး မူပိုင်ခွင့်ရထားတဲ့ James Watt အတွက်လည်း ငွေကြေးအကျိုးအမြတ်များစွာရရှိခဲ့ပါတယ်။ James Watt ဟာ (၁၇၈၄)ခုနှစ်မှာ ရေနွေးငွေ့စက်ခေါင်းမူပိုင်ခွင့်ကိုရရှိခဲ့ပြီး (၁၇၉၀)မှာတော့ရေနွေးငွေ့ဖိအားတိုင်းဒိုင်ခွက်ကိုဖန်တီးနိုင်ခဲ့ပါတယ်။
(၁၈၀၀)ပြည့်နှစ်ရောက်ချိန်မှာတော့ သူရဲ့တီထွင်မှုစီးပွားရေးလုပ်ငန်းတွေကနေ အနားယူကာသူရဲ့အိမ်မှာပဲ တစ်ကိုယ်တော်စမ်းသပ်ချက်တွေကိုသူသေဆုံး ချိန်အထိ နောက်ထပ်(၁၉)နှစ်နီးပါးလောက်ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ခေတ်သစ် စက်မှုလုပ်ငန်းရေးရဲ့အချိုးအကွေ့လို့ သတ်မှတ်ရမဲ့ ရေနွေးငွေ့ အားကနေ စက်စွမ်းအားကိုကူးပြောင်းပေးခဲ့တဲ့ James Watt ဟာ အသက် (၈၃)နှစ်အရွယ်၊ (၁၈၁၉)ခုနှစ် ၊သြဂုတ်လ (၂၅)ရက်နေ့အရောက်မှာတော့ဘာမင်ဂမ်မြို့ မှာရှိတဲ့ Handsworth မှာကွယ်လွန်ခဲ့ပါတယ်။ ယင်းနှစ် စက်တင်ဘာ (၂)ရက်နေ့မှာတော့ သူရဲ့ရုပ်အလောင်းကို St Mary ဘုရားကျောင်းသုသာန်မှာ ဂူသွင်းသဂြိုလ်ခဲ့ပါတယ်။